ပြီးခဲ့သည့်မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေပြည်တော်မှ စစ်ကောင်စီဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရန်အတွက် ငွေကြေးစိုက်ထုတ်အကုန်အကျခံရန် UWSA ‘ဝ’တပ် ၊ NDAA မိုင်းလားတပ်နှင့် ခရိုနီများက သဘောတူခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်ခေါင်းဆောင်ဦးဆောင်သည့် စစ်ကောင်စီထိပ်တန်းအရာရှိများသည် ထိုအဖွဲ့များ၊ လုပ်ငန်းရှင်ကြီးများ ပေးအပ်သည့်ငွေကို ယမန်နေ့(မေလ၂၉)က နေပြည်တော်တွင် လက်ခံရယူခဲ့သည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော် ရရှိခဲ့သည်ဟုဆိုသည်။ ထိုအထဲတွင် အိမ်ခန်း ၁၆ ခန်းပါ လေးခန်းတွဲ လေးထပ်တိုက် အဆောက်အဦများလည်း ပါဝင်မည်၊ အဆိုပါ အဆောက်အဦ တစ်လုံးလျှင် ကျပ်သိန်း ၂၀၀၀၀ နှုန်း ဖြစ်ပြီး အရေအတွက်မှာ ၅၁ လုံး ဖြစ်သည်ဟု ဆိုသည်။
ထိုအိမ်ရာများအတွက် ငွေကြေးစိုက်ထုတ်မည့်သူတို့၏ အမည်ကို ထုတ်ပြန်ချက်တွင် မတွေ့ရပေ။
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအတွက် ‘ဝ’ နဲ့ မိုင်းလား၏ ငွေကြေးထောက်ပံ့မှု
Myanmar Now ကရရှိထားသည့် စာရင်းအရ နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အခြေစိုက် ဝပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA) နှင့် မိုင်းလားအဖွဲ့ဟုခေါ်သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA တို့သည်လည်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် သဘောတူခဲ့ကြောင်းသိရသည်။
ထိုနှစ်ဖွဲ့သည် အဆောက်အဦတစ်လုံးလျှင် ကျပ်သိန်း ၂၀၀၀၀ တန် အဆောက်အဦ နှစ်လုံးအတွက် အကုန်အကျခံမည်ဖြစ်သည်။
စစ်ကောင်စီ၏ မေလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ ‘ဝ’ အမျိုးသားဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးက စစ်ခေါင်းဆောင်ထံ ကျပ် သိန်း ၃၃၀၈၇ ပေးအပ်နေပုံကို ထည့်သွင်းပုံနှိပ်ထားသည်။ ထိုအမျိုးသား၏အမည်နှင့်ရာထူးကို ဖော်ပြမထားပေ။

စစ်ခေါင်းဆောင်ထံ ကျပ် သိန်း ၃၃၀၈၇ ပေးအပ်နေပုံ (မြန်မာ့အလင်း)
UWSA ‘ဝ’တပ် ၊ NDAA မိုင်းလားတပ်များသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေသည့် ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့နှင့်မဟာမိတ်များဖြစ်ကြသော်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေညာထားကြသည်။
လတ်တလောအနေဖြင့် မိုင်းလားတပ်၏ ဒုခေါင်းဆောင်ဦးစန်ပေ့က စစ်ခေါင်းဆောင်နှင့် မေ ၂၅ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်တွေ့ဆုံခဲ့ပြီး ၎င်းတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိဟု စစ်ခေါင်းဆောင်ကို ကတိပေးခဲ့သည်။
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားအတွက် ခရိုနီတို့၏ငွေကြေးထောက်ပံ့မှု
ဧရာဝတီဘဏ်သူဌေး ဦးဇော်ဇော်၊ စီဘီဘဏ်သူဌေး ဦးခင်မောင်အေး၊ MAB ဘဏ်နှင့် ဧဒင်အုပ်စုပိုင်ရှင် ဦးချစ်ခိုင်၏သား ဦးဝဏ္ဏခိုင်၊ ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ A Bank နှင့် ဧရာဟင်္သာလုပ်ငန်းစုသူဌေး ဦးဇော်ဝင်းရှိန်၊ ATOM ဆက်သွယ်ရေးပိုင်ရှင် ရွှေဗျိုင်းဖြူကုမ္ပဏီ သူဌေး ဦးသိန်းဝင်းဇော်၊ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ BOC စက်သုံးဆီလုပ်ငန်းရှင် ဦးအောင်ရွှေနှင့် ဦးဝင်းဆွေ၊ PT Power စက်သုံးဆီလုပ်ငန်းရှင် ဦးခင်မင်းအောင်(ခ) သားကြီး၊ စားသုံးဆီတင်သွင်းရောင်းချသည့် Six Winner Brother ကုမ္ပဏီပိုင်ရှင် ဦးမောင်စိန်၊ TMS Auto & KLNA ကုမ္ပဏီမှ ဦးမျိုးလွင်၊ KGL ကုမ္ပဏီမှ ဦးမြင့်စိန်(ခ) ဖီးလစ် တို့လည်း စစ်ကောင်စီဝန်ထမ်းအိမ်ရာများအတွက် ငွေကြေးစိုက်ထုတ်ကြမည်ဟုလည်း Myanmar Now က လက်ခံရရှိသည့် စာရင်းများအရ သိရသည်။

ထိုခရိုနီလုပ်ငန်းရှင် ၁၃ ဦးအနက် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သည့် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်က အဆောက်အဦ ၇ လုံး လှူဒါန်းထားကြောင်း တွေ့ရသည်။
မောင်ဝိတ်၏ စေပိုင်ကုမ္ပဏီသည် ရန်ကုန်မြို့ရှိ Gonyi Residence & Gonyi Shop House, Lann Thit Avenue, Parami Residence ကဲ့သို့သော ဆောက်လုပ်ရေးစီမံကိန်း ကြီးများကို တည်ဆောက်ခွင့်ရရှိခဲ့ပြီး မန္တလေးမြို့ အမရပူရမြို့ပြ စီမံကိန်းလုပ်ပိုင်ခွင့်ရ Mandalay Business Capital City Development Ltd သည် စေပိုင်၏ မိသားစုဝင်ကုမ္ပဏီလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မောင်ဝိတ်ကို ဖမ်းဆီးခဲ့သည်၊ ၎င်းတို့ ဖမ်းထားသော NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဆင်ရာ၌ မောင်ဝိတ်ကို အသုံးချခဲ့သည်။


ဧရာဝတီ၊ စီဘီ၊ MAB ဘဏ်ပိုင်ရှင်တို့က အဆောက်အဦ ၅ လုံးစီ လှူဒါန်းသွားမည်ဟု တွေ့ရသည်။
ထို့အပြင် ရွှေသံလွင်ကုမ္ပဏီပိုင်ရှင်က ၄ လုံး A Bank မှ ဦးဇော်ဝင်းရှိန်က လည်း ၃ လုံး လှူဒါန်းမည်ဖြစ်ကြောင်း တွေ့ရသည်။
မြန်မာမှ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor ထွက်ခွာသွားပြီးနောက် ထိုဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူလုပ်ကိုင်ခဲ့သည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ဝတပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့က အဆောက်အဦ ၂ လုံးစီကို လှူဒါန်းသွားမည်ဖြစ်ကြောင်း တွေ့ရသည်။
ထို့ပြင် အဆောက်အဦတစ်လုံးစီလှူဒါန်းမည့် သူဌေးများမှာ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ BOC စက်သုံးဆီလုပ်ငန်းရှင် ဦးအောင်ရွှေနှင့် ဦးဝင်းဆွေ၊ PT Power စက်သုံးဆီလုပ်ငန်းရှင် ဦးခင်မင်းအောင်(ခ) သားကြီး၊ စားသုံးဆီတင်သွင်းရောင်းချသည့် Six Winner Brother ကုမ္ပဏီပိုင်ရှင် ဦးမောင်စိန်၊ TMS Auto & KLNA ကုမ္ပဏီမှ ဦးမျိုးလွင်၊ KGL ကုမ္ပဏီမှ ဦးမြင့်စိန်(ခ) ဖီးလစ်ဆိုသူတို့က လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Myanmar Now ကရရှိထားသည့် စာရင်းမှာ တစိတ်တဒေသသာဖြစ်ပြီး အခြားနာမည်ကျော် ခရိုနီများဖြစ်သည့် ဦးတေဇနှင့် ဦးအောင်ကိုဝင်းတို့က ငလျင်ဘေးအတွက် စစ်ကောင်စီကိုမည်မျှလှူဒါန်းသည်ကို မသိရှိရသေးပေ။
ခရိုနီကြီးများသည် ငလျင်ကြောင့် ဒုက္ခပင်လယ်ဝင်နေသည့် ပြည်သူများကို တိုက်ရိုက်မထောက်ပံ့ဘဲ စစ်ကောင်စီကို ကူညီနေခြင်းမှာ ၎င်းတို့အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်ပါမစ်များရရန် အကျိုးလို၍ ညောင်ရေလောင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတွင်းရှိ အမည်မဖော်လိုသည့် စီပွားရေးလေ့လာသူတစ်ဦးက ပြောသည်။

“ဓာတ်ဆီတွေသွင်းကြမယ်။ နောက်တစ်ခြား လူသုံးကုန်တွေသွင်းကြမယ်။ ခရိုနီတွေက ဒါတွေကို မျှော်ကိုးတာပေါ့နော်။ အရင်နေပြည်တော်ကြီး ဆောက်ခဲ့စဉ်ကာလတုန်းကလည်း ဒီလိုပဲလုပ်ခဲ့တာပဲ။ တကယ်တမ်းကြတော့ တိုင်းပြည်အတွက် ဝင်ရမယ့်ဝင်ငွေတွေရှိတယ်။ အခွန်တွေရှိတယ်။ ဒီအခွန်တွေကို တိုင်းပြည်အတွက်မရဘဲ ခရိုနီတွေရသွားတာပေါ့” ဟု ၎င်းက ပြောသည်။
“ဥပမာ ကားပါမစ်ပေးတဲ့ဟာမျိုးပေါ့။ ကားပါမစ်ပေးလိုက်တဲ့အခါမှာ ကားပါမစ်တွေကို ရောင်းလိုရတဲ့ ဟာတွေက အချို့ဟာတွေက အခွန်အနေနဲ့ကောက်ခံတာ။ ဒီကောက်ခံရမယ့် အခွန်တွေက ခရိုနီတွေထဲကို ရောက်သွားတာပေါ့”
မတ် ၂၈ ရက် လှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်စတာစကေး ၇ ဒသမ ၇ ရှိ မြေငလျင်ဒဏ်ကြောင့် လူပေါင်း ၃၇၀၀ ကျော်သေဆုံးပြီး အိမ်ခြေ ၆၇,၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ ကျော်၊ ဆေးရုံဆေးခန်း ၃၅၀ ခန့် ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။ စစ်ကောင်စီ ဝန်ကြီးဌာနရုံးများ လည်းထိခိုက်ပျက်စီးခဲ့သည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိကြောင်း ကမ္ဘ့ာဘဏ်၏ မေ ၇ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။
ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရာတွင် စစ်ကောင်စီအတွက် ဘက်ဂျက်အခက်အခဲရှိနေကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
စစ်ကောင်စီသည် ငလျင်ဘေးအတွက် အလှူခံနေပြီး ဧပြီလဆန်းက လုပ်ငန်းရှင်တို့ထံမှ အလှူငွေနှင့် အလှူပစ္စည်း ကျပ် ၁၁၆ ဘီလျံကျော်ရကြောင်း ဧပြီ ၁ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ဇွန်လကုန်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်သည့် နေပြည်တော်ရှိ မရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်အတွက် ခရိုနီသူဌေးကြီးများစုပေါင်းကာ ကျပ် ၁၆ ဘီလျံကျော်လှူဒါန်းခဲ့ကြောင်း စစ်ကောင်းစီက နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။
(အမှားပြင်ဆင်ချက်။ ကနဦးသတင်းဖော်ပြမှုတွင် မိုင်လားအဖွဲ့ NDAA အား MNDAA ဟု မှားယွင်းစာလုံးပေါင်းမှုကို ပြင်ဆင်ထားပါသည်)



