မွန်ပြည်နယ်နှင့် ပဲခူးတိုင်း နယ်မြေထိစပ်ရာဒေသများတွင် စစ်တပ်က ယခုလဆန်းမှစတင်၍ သီတင်းပတ် နှစ်ပတ်ကျော်ခန့် ထိုးစစ်ဆင်ခဲ့သည့်အတောအတွင်း နှစ်ဖက် အကျအဆုံးရှိကာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံတပ်များ၏အရေးပါသောနေရာအချို့ စွန့်လွှတ်ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှတဆင့် စစ်တပ်သည် နိုဝင်ဘာလ ၃ ရက်မှစတင်၍ ရန်ကုန်မြို့အခြေစိုက် အမှတ် (၄) လေကြောင်းချီတပ်မှ အင်အား ၁၀၀၀ ကျော် ဝန်းကျင်သည် စစ်ကြောင်း သုံးခုထက်မနည်း ဖြန့်ခွဲ၍ အရှေ့ဘက်တည့်တည့်သို့ စစ်ကြောင်းထိုးခဲ့သည်။
စစ်ကြောင်းထိုးခံရသောနေရာများသည် မွန်- ပဲခူး- ကရင်ပြည်နယ်စသည့် ဖိုခနောင့်ဆိုင်ဆုံရာ ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် NUG လက်အောက်ခံတပ်များ လှုပ်ရှားနေသည်။
ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တောင်ဘက်ခြမ်းတို့သည် KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၁)နှင့် NUG အထူးတိုင်းစစ်ဌာန လက်အောက်ခံတပ်များ စစ်ရေးလှုပ်ရှားရာနယ်မြေလည်း ဖြစ်သည်။
စစ်တပ်က ဝင်ရောက်စီးနင်းမှုတွင် NUG အထူးတိုင်းစစ်ဌာန လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ ဖြစ်သော တိုင်းရုံး၊ ဒုကွပ်ကဲရေးမှူးစခန်းနှင့် နဂါးဖြူ PDF တပ်ရင်း နေရာအချို့၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) စခန်းချရာနေရာများ၊ ရန်ကုန်တိုင်း ခရမ်းမြို့နယ် PDF များ၏ စစ်စခန်းအချို့လည်း ပါဝင်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်အချို့က အတည်ပြုကြသည်။
အထူးတိုင်းစစ်ဌာန တိုင်းရုံး၊ ဒုကွပ်ကဲရေးမှူးစခန်းနှင့် SOF တပ်ရင်း စခန်းချနေရာများ မီးရှို့ခံရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အထူးတိုင်းစစ်ဌာနချုပ်နေရာပေါ့။ CDM ဆရာကြီးနေဝင်းအောင်တို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျသွားတဲ့နေရာအထိတော့ ရန်သူက တိုးလာနိုင်ခဲ့တယ်။ အဲဒီမှာရှိတဲ့ SOF တပ်ရင်း ကြားထဲမှာရှိတဲ့ အထူးတိုင်း စစ်ဌာနရဲ့တပ်ရင်းနေရာတွေ တော်တော်များများပေါ့။ သူတို့ထုတ်ပြန်တဲ့နေရာ ၂၈ ခုဆိုတာ ဖြစ်နိုင်ခြေ ရှိပါတယ်” ဟု ဆိုသည်။
ထို့အပြင် NUG အထူးတိုင်းစစ်ဌာန ရဲဘော် လေးဦးသည် နိုဝင်ဘာလ ၁၅ ရက်တွင် နတ်စင်ကျေးရွာအနီး စစ်တပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး အသတ်ခံလိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။ ထို အခြေအနေနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
NUG အထူးတိုင်းစစ်ဌာန ရဲဘော်များနှင့် နီးစပ်သည့် အထူးတိုင်းစစ်ဌာန PDF တပ်ဖွဲ့ဝင်ဟောင်း သတင်း ရင်းမြစ် အမျိုးသားတစ်ဦးကမူ စစ်တပ် ထပ်မံသိမ်းထားသည့်စခန်းများတွင် PDF နဂါးဖြူတပ်ရင်း၏ စခန်းအချို့ပါဝင်သလို ကျိုက်ထီးရိုးဘုရားနှင့် လေးမိုင်ခန့်အကွာ ချောင်းစောက်ကျေးရွာရှိ ရန်ကုန်တိုင်း ခရမ်းမြို့နယ် PDF များ၏ စစ်စခန်းအချို့ပါဝင်ကြောင်း ဆိုသည်။
“အခြေအနေက ဆိုးပါတယ်။ ချောင်းစောက်ရွာဆိုရင် ခရမ်း PDF တွေ အခြေပြုတဲ့ရွာပေါ့။ စစ်တပ်က အလှူအိမ်ဝင်သလိုပဲ စခန်းတွေ တစ်ခုပြီး တစ်ခုဝင်ပြီး မီးရှို့သွားတာ”ဟု ထိုသူက မှတ်ချက်ပေးသည်
စစ်တပ်၏ ထုတ်ပြန်ချက်များအရ နိုဝင်ဘာလ ၃ ရက်မှ ၈ ရက်အထိ KNU၊ PDF ၏ စစ်စခန်း ၁၁ ခု၊ နိုဝင်ဘာလ ၉ ရက် မှ နိုဝင်ဘာ ၁၉ ရက်အတွင်း ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ် ထိစပ်ရာဒေသတို့တွင် ယာယီအခြေပြုရာ စခန်း ၁၇ ခုကို ထပ်မံသိမ်းနိုင်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် တော်လှန်ရေးတပ်စခန်း စုစုပေါင်း ၂၈ ခု သိမ်းထားနိုင်ကြောင်း စစ်တပ်ဘက်က ဆိုသည်။
စစ်တပ်သိမ်းမိသော တော်လှန်ရေးစခန်းများတွင် သိမ်ဇရပ်မြို့အရှေ့မြောက်ဘက်ရှိ ကော့ထီးချောင်းနှင့် ကော့လာချောင်းအနီး စခန်းများ၊ ကော်ကတ်ရွာ၊ နတ်စင်ရွာ၊ ကျောက်ဖျာရွာနှင့် ချောင်းစောက်ရွာအနီး စခန်းများပါဝင်ပြီး အဆိုပါရွာများသည် ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားအနောက်ဘက်နှင့် မြောက်ဘက် တွင် တည်ရှိသော ကျေးရွာများဖြစ်သည်။
စစ်တပ် ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်း၊ NUG အထူးတိုင်းလက်အောက်ခံ နဂါးဖြူတပ်ရင်း၊ တပ်ခွဲ (၁) ၏ စခန်းနေရာ ပါဝင်ကြောင်း၊ ဆေးခန်းနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ဘက်တံဆိပ်များ၊ လက်နက်ခဲယမ်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ သိမ်းဆည်းရမိထားသည်ကို တွေ့ရသည်။ ထိုးစစ်အတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ခဲ့ပြီး PDF ခုနစ်ဦး၏ ရုပ်အလောင်းများ ရထားကြောင်း စစ်တပ်ဘက်က ဆိုထားသည်။

အထက်ပါစစ်တပ်စစ်ကြောင်းများသည် နိုဝင်ဘာလ ၂၀ ရက်တွင် ကျိုက်ထိုမြို့ဘက်သို့ ဆုတ်ခွာသွားပြီး ကျိုက်ထိုမြို့မှတဆင့် စစ်ကားအများအပြားဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း Myanmar Now က စုံစမ်းသိရသည်။
NUG အထူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးဖြစ်သော ဒုတိယကွပ်ကဲရေးမှူး ကိုအေးမင်းထွန်းကမူ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် သုံးဦးသေဆုံးထားကြောင်း ပြောသည်။
သို့ရာတွင် စစ်တပ်က PDF စခန်းများသိမ်းမိနေကြောင်း ထုတ်ပြန်နေမှုနှင့်ပတ်သက်၍ အတည်ပြုမေးမြန်းရာ ၎င်းက ထိုအကြောင်း အသေးစိတ်မပြောဘဲ မှန်ကန်မှုမရှိကြောင်းသာ တုံ့ပြန်သည်။
“သူတို့ (စစ်တပ်) ထုတ်ပြန်ထားသလိုမျိုးမဟုတ်ပါဘူး။ လက်နက်တွေပါသွားတာမျိုးမရှိပါဘူး”ဟု ကိုအေးမင်းထွန်းက ဆိုသည်။
ကျိုက်ထိုနှင် ရွှေကျင်ဘက် ထိုးစစ်တိုက်ပွဲများအတွင်း စစ်တပ်ဘက်တွင် ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ၃၀ ဦးခန့် ဒဏ်ရာရနိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း ခန့်မှန်းထားသည်။
နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေများကို Myanmar Now အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်တပ်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ စစ်တပ်က လိမ်လည်ထုတ်ပြန်နေကြောင်း၊ လတ်တလော အနေဖြင့် စစ်ရေးအခြေအနေ ပြောပြ၍ မရသေးကြောင်း ဆိုသည်။
“လောလောဆယ် ဘာမှ ပြောလို့မရသေးပါဘူး။ အကြမ်းဖက်စစ်တပ်ဟာ သတင်းလိမ်လည်ထုတ်ပြန်မှု တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရဖြစ်စေ၊ လူထုစိတ်ဝင်စားမှုကို လမ်းလွှဲချင်တဲ့အခါ ဖြစ်စေ မကြာခဏ လုပ်တတ်တယ် ဆိုတာကို သတိပြုကြဖို့ပဲ လောလောဆယ် ပြောချင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ပြန်လည်ထွက်ခွာသွားသည့် စစ်တပ်စစ်ကြောင်းသည် လမ်းတလျှောက်ရှိ နတ်စင်၊ ကျောက်ဖျာ၊ ချောင်းစောက်၊ ရွာသစ်၊ မိုးဘော၊ ခမောက်ခွင်နှင့် ကော်ကတ်ကျေးရွာများကို မီးရှို့သွားကြောင်း ကရင်သတင်းဌာနဖြစ်သော Karen News တွင် ဖော်ပြထားသည်။
မြန်မာပြည်စစ်ရေး ပဋိပက္ခအခြေအနေများ စောင့်ကြည့်လေ့လာသည့် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးကလည်း စစ်တပ်သည် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်တွင် မြန်မာပြည်တောင်ပိုင်းအခြေစိုက် PDF များရှိနေသည်ကို သေချာထောက်လှမ်း သိရှိပြီးနောက် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းဆိုသည်။
တော်လှန်ရေးတပ်များဘက်တွင်မူ တပ်တည်ရှိမှုအပါအဝင် တပ်လှုပ်ရှားမှုသတင်းများ၏ လုံခြုံရေး အားနည်းခဲ့ပုံရကြောင်း ၎င်းက သုံးသပ်သည်။
“ ကိုယ်တွေဘက်က သတင်းစီးဆင်းမှု၊ တပ်တည်တပ်လှုပ်ကိစ္စတွေက ပိုပြီးလုံခြုံမှုရှိအောင် သတိထားဖို့ လိုမယ်လို့ပြောချင်တယ်။ စစ်တပ်ဘက်ကတော့ လူလက်နက် ခဲယမ်း ပြည့်ပြည့်စုံစုံနဲ့ ဝင်ရောက်လာနိုင်တဲ့ အနေအထားရှိတယ်။ တောင်ပိုင်း PDF တွေအနေနဲ့က ကိုယ့်ရဲ့အားနည်းချက် လျှို့ဝှက်ချက်တွေကို ပြန်လည် သုံးသပ်ပြင်ဆင်ပြီးတော့မှ စစ်တပ်ကို တုံ့ပြန်နိုင်တဲ့အခြေအနေဖန်တီးဖို့ လိုအပ်မယ် ထင်ပါတယ်” ဟု ကိုနောင်ရိုးက မှတ်ချက်ပေးသည်။
လက်ရှိတွင် စစ်တပ်စစ်ကြောင်းကြောင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တွင် နိုဝင်ဘာလ ၇ ရက်မှ ၁၆ ရက် အထိ ရွာပေါင်း ၁၅ ရွာမှ လူဦးရေ စုစုပေါင်း ၃၀၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU ဗဟိုက နိုဝင်ဘာလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ သို့ရာတွင် သထုံခရိုင်တွင် နေရပ် စွန့်ခွာထွက်ပြေးရသူ မည်မျှရှိသည်ကိုမူ KNU ဘက်က ထုတ်ပြန်လာခြင်းမရှိသေးပေ။
စစ်တပ်ဘက်က ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ထိစပ်ရာနယ်မြေကို ထိုးစစ်ဆင်နေစဉ်မှာပင် KNLA တပ်မဟာ(၁) ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဦးဆောင်အဖွဲ့ ဖြစ်သည့် KNU ဒူးသထူ (သထုံ) ခရိုင်ကမူ (၁၃) ကြိမ်မြောက် ခရိုင်ကွန်ဂရက်ကို နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၁၇ ရက် အထိ ကျင်းပခဲ့ကြောင်း နိုဝင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ခရိုင်ကွန်ဂရက်တွင် လူ ၁၅၀ ကျော် တက်ရောက်ပြီး ခရိုင် ဥက္ကဋ္ဌအဖြစ် ပဒိုစောအေးနိုင်၊ ခရိုင် ဒုဥက္ကဋ္ဌ အဖြစ် တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၊ အတွင်းရေးမှူး အဖြစ် ပဒိုစောသီဟဗလ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုစောကော်သဘလေး၊ တရားသူကြီးအဖြစ် ပဒိုစောစိုးမြင့်တို့ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း KNU သထုံခရိုင်၏ ထုတ်ပြန်ချက်အရသိရသည်။





