အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG စိုးမိုးနယ်မြေသို့ နိုင်ငံတကာ ငလျင်ဘေးအကူအညီ မရောက်ရန် စစ်ကောင်စီကန့်သတ်

ငလျင်ဘေးအတွက် နိုင်ငံတကာကပေးသည့်  ထောက်ပံ့ကူညီမှုများ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်  ဒေသများသို့ ရောက်မသွားစေရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံး၍ ကန့်သတ်ပိတ်ပင်နေကြောင်း စုံစမ်းသိရှိရသည်။

ပြင်းအားရစ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ မြေငလျင်ဒဏ်ကြောင့်  နိုင်ငံအလယ်ပိုင်း မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် အခြားမြို့ကြီးများ ထိခိုက်ပျက်စီးသလို NUG ထိန်းချုပ်နယ်မြေများ၊ နှစ်ဖက်အဖွဲ့အစည်းများ အလုံးစုံမထိန်းချုပ်နိုင်ဘဲ စစ်မက်ဖြစ်ပွားနေသည့် အညိုရောင်နယ်မြေများတွင်လည်း ထိခိုက်မှု ကြီးမားနေသည်။ 

အပျက်အစီးများအောက် ပိတ်မိနေသူတို့ လွတ်မြောက်ရေးအတွက်   နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ အများအပြား ဝင်ရောက်လာသည့်နည်းတူ ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ အီးယူ၊ ဩစတေးလျနှင့် အခြားနိုင်ငံများက ဒေါ်လာသန်းရာချီတန်ဖိုးရှိအကူအညီများပေးသွားမည်ဟု ကတိပြုသလို ရိက္ခာနှင့် အရေးပေါ်ပစ္စည်းများ ကူညီထောက်ပံ့ထားသည်။ 

 သဘာဝဘေးဒဏ်ခံနေရသူတို့ကို ကူညီရမည့် အချိန်တွင်   စစ်ကောင်စီသည် နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်ကြိုစားနေသည်ဟု UG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က Myanmar Now ကို ပြောသည်။ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးချနေသည်ဟုလည်း သူက ဆိုသည်။

“လွတ်မြောက်နယ်မြေတွေကို အကူအညီတွေ မရောက်ဖို့ ဂိတ်တွေအဆင့်အဆင့် ကန့်သတ်ချက်တွေ အမျိုးမျိုး၊ ပါမစ်တွေ အမျိုးမျိုး အစရှိသဖြင့် ပိတ်ဆို့ဖို့ ကြိုးစားလုပ်ကိုင်နေချိန်မှာပဲ နေပြည်တော်တို့လို၊ မန္တလေးတို့လိုနေရာမျိုးကို ရောက်တဲ့ အကူအညီတွေကိုလည်း ပြည်သူလူထုကို ကူညီမှုမရှိဘဲနဲ့ နိုင်ငံရေးအသုံးချ ပြသဖို့ကြိုးစားတာလောက်ပဲ ရှိတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

နိုင်ငံအနှံ့ စစ်မျက်နာှဖွင့်ထားရပြီး ထိန်းချုပ်နယ်မြေအများအပြား ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် ငလျင်မဖြစ်ပွားမီကတည်းက၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့သည့် ဒေသများသို့ ကုန်စည်စီးဆင်းမှုမရှိရန် ကန့်သတ်ပိတ်ဆို့ထားသည်။

မြေငလျင်ကြောင့် NUG အစိုးရ ထိန်းချုပ်နယ်မြေများဖြစ်သည့် မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ၊ စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို မြို့နယ်များတွင် ပြည်သူများ ထိခိုက်သေဆုံးပြီး လူနေအိမ်အများအပြား ပြိုကျပျက်စီးသွားခဲ့သည်။

စစ်ကိုင်းတိုင်းတွင် မြို့ကြီးများကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးရွာများကို NUG အစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က စိုးမိုးထားသည်။ မြေငလျင်ဒဏ်ကြောင့် စစ်ကိုင်းတွင် ထိခိုက်မှုများပြားခဲ့သော်လည်း စစ်ကောင်စီသည် ထိုဒေသသို့ အကူအညီများမရောက်ရှိရန် ကန့်သတ်ထားပြီး စစ်ကိုင်းအနီး ဗဟိုပြုလှုပ်ခတ်သည့် ငလျင်ကိုပင် မန္တလေးငလျင်ကြီးဟုခေါ်ဝေါ်ရန် သတ်မှတ်ခဲ့သည်။ 

လက်နက်ကိုင်ခုခံမှုအားကောင်းပြီး NUG စိုးမိုးနယ်မြေအများအပြားရှိရာ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အငြိုးထားပြီး အစစအရာရာကန့်သတ်နေကြောင်းလည်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။ 

“NUG စိုးမိုးနယ်မြေတွေကို စစ်ကောင်စီဘက်က ပစ္စည်းပစ္စယတွေ လှူဒါန်းမှုတွေက ဒါတွေက ဘာမှ မရောက်တာသေချာတယ်။ နောက်ပြီး NUG စိုးမိုးနယ်မြေမဟုတ်တဲ့ နေရာတွေလည်းရှိမယ်။ တချို့ဟာ တွေဆိုရင်   ဘယ်ဘက်ကမှ အပြည့်အဝ မစိုးမိုးထားတဲ့ နေရာမျိုးပေါ့။ အဲ့လိုနေရာမျိုးတွေတောင်မှ တချို့အကူအညီတွေက မရောက်တဲ့သဘောတော့ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

နိုင်တကာက ပေးပို့သည့် ကူညီရေးပစ္စည်းများသည် စစ်ကောင်စီ လက်ထဲသို့ တိုက်ရိုက် စီးဆင်းနေပြီး  အလှူငွေကိုလည်း စစ်ကောင်စီထံ ပေးအပ်နေကြရသည်ဟု သူက ဆိုသည်။ 

၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်ပွားစဉ်က နိုင်ငံတကာ  ထောက်ပံ့ကူညီရေးပစ္စည်းများကို ထိုစဉ်က အာဏာရှင်စစ်တပ်၏ အရာရှိကြီးငယ်များက ပြည်ပမှောင်ခိုဈေးကွက်တွင် ရောင်းစားသည့် သာဓကများရှိခဲ့သည်။ ယခုလည်း ငလျင်ဒဏ်ခံရသူများထံ အကူအညီရောက်ရှိရေးအတွက် နိုင်ငံတကာက စိစစ်ရန် ယန္တရားလိုအပ်နေသည်ဟု သူက ဆိုသည်။ 

NUG ထိန်းချုပ်နယ်မြေသည် ကျေးရွာများဖြစ်သောကြောင့် အစုအပြုံလိုက်သေဆုံးမှုနည်းပါးသော်လည်း ရွှေလုပ်ကွက်များ၊ လူနေအိမ်အဆောက်အဦများ ပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှု အများအပြား ရှိသည်၊  စာရင်းအသေးစိတ်ကို ပြုစုနေဆဲဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။ 

NUG နှင့်ချိတ်ဆက်၍ နိုင်ငံတကာက အကူအညီ ပေးအပ်မှုရှိသည်ဟု ဆိုသော်လည်း သူက အသေးစိတ်ပြောဆိုခြင်းမရှိပေ။ 

ဤအတောအတွင်း အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက် လွန်စွာ နည်းပါးလာနေသည်။

ရုပ်အလောင်း ရှာဖွေခြင်း လုပ်ငန်းမှာလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့် မရှိခြင်း၊ စက်ယန္တရားအသုံးပြုနိုင်မှု အားနည်းခြင်း၊ သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အဆင်သင့် ပြင်ဆင်မထားခြင်းတို့ကြောင့် များစွာ ခရီးမတွင်ပေ။

စစ်ကောင်စီ၏ ဧပြီ ၉ ရက်ထုတ်ပြန်ချက်အရ မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၄၉ ဦး၊ ဒဏ်ရာရသူ ၅၀၁၈ ဦး၊ ပျောက်ဆုံးသူ၁၄၅ ဦး ရှိပြီး နိုင်ငံပေါင်း ၂၂ ခုမှ ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောက်ရွက်နေသည်ဟု ဆိုသည်။ 

ထိုစာရင်းထဲတွင်လွတ်မြောက်နယ်မြေမှ သေဆုံးသူများပါဝင်မှုရှိမရှိ မသိရပေ။

 ကန့်သတ်ပိတ်ဆို့မှု

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးနေရာထဲတွင် မန္တလေးမြို့တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့လည်းပါဝင်ပြီး မြို့၏ လေးပုံသုံးပုံခန့် ပျက်စီးကာ လူ ၆၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

ထိခိုက်ပျက်စီးမှုများလင့်ကစား စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားရာ ငလျင်လှုပ်ပြီး ၃ ရက်ကြာသည်အထိ စစ်ကိုင်းမြို့ပေါ်သို့ ကူညီ ကယ်ဆယ်ရေးဖွဲ့များ ရောက်မလာနိုင်ကြပေ၊  ပြိုပျက်အဆောက်အဦများအတွင်း ပိတ်မိနေသူများကို ကူညီကယ်ဆယ်ရန် အချိန်နောက်ကျခဲ့၍ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်လည်း ဧပြီ ၆ ရက်နေ့ရောက်မှသာ စစ်ကိုင်းမြို့ကို သွားရောက်ခဲ့သည်။ 

ပိတ်မိနေသူများကို ကူညီကယ်ဆယ်ရန် နောက်ကျသည့်အပြင် ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့ရေး ပစ္စည်းများပေးရာတွင် စစ်ကောင်စီက စစ်ကိုင်းမြို့ အဝင်အထွက်ဂိတ်များမှ ပိတ်ပင်တားဆီးကြောင်း ကူညီကယ်ဆယ်ရေးသမားများက ပြောသည်။ 

မြို့အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးတို့က ထောက်ပံ့ရေးပစ္စည်းများကို တော်လှန်ရေးတပ်များထံ ရောက်သွားမည်ဟူသော  ယူဆချက်ဖြင့် သိမ်းယူသည်ဟု S&C မီးဘေး၊စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ဦးစိုးမိုးအောင်က ဆိုသည်။ 

S&C အဖွဲ့သည် မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ဒီပဲယင်းစသည့်ဒေသများကို  ကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။ 

စစ်ကောင်စီသည် ကူညီရေးသမားများကို ၎င်းတို့နှင့်ပူးပေါင်းရန်ပြောဆိုထားကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများကို စုရပ်တစ်ခုတွင် ထားရှိစေကာ ၎င်းတို့စိတ်ကြိုက်ပြန်လည်ဖြန့်ဖြူးရန်စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

“စစ်ကိုင်းဘက်က မုံရွာဘက်ကို ထွက်ဖို့အတွက်က အခုက (ပစ္စည်းတွေကို) ဖမ်းနေတာပေါ့နော်။ သိမ်းပစ်လိုက်တာ။ နောက်ပြီး မင်းကွန်းဘက်ကိုလည်း သိမ်းတယ်ဗျာ။ မင်းကွန်းဘက်က အဝင်အထွက်တွေမှာလည်း တော်တော်လေးဖမ်းဆီးပြီး သိမ်းနေကြတယ်။တော်လှန်‌ရေးနယ်ပယ်နဲ့ ထိဆက်မယ့် နေရာ၊ လမ်းကြောင်းတွေမှာ သူတို့ဂိတ်တွေအကုန်ချပြီး ပိတ်ထားတဲ့ပုံစံမျိုးလုပ်ထားတယ်” ဟု ၎င်းက ပြောသည်။ 

နိုင်ငံတကာ ထောက်ပံ့ရေးလေယာဉ်ဆိုက်လာသည်နှင့် နေပြည်တော်၊ မန္တလေးကဲ့သို့ စစ်ကောင်စီ ထိန်းချုပ် မြို့ကြီးများကိုသာ ခွဲဝေရန် စီစဉ်ပုံရကြောင်း၊ အဖွဲ့အစည်းများက အကူအညီဖြန့်ဝေရာတွင် မြို့အဝင်အထွက် စစ်ကောင်စီဂိတ်များကို ကျော်လွန်၍ ကူညီထောက်ပံ့ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကိုင်းမြို့ပေါ်တွင် ကန့်သတ်မှုမရှိဘဲ သွားရောက်ကူညီနိုင်ပြီး မင်းကွန်ဘက်တွင် သွားခွင့်မပြုသည့် နေရာများရှိကြောင်း၊ ခွင့်ပြုချက်ပေးသည့် နေရာများကိုသာ တတ်နိုင်သမျှ သွားရောက်ကူညီနေကြောင်း စစ်ကိုင်းမြို့ ရှင်သန်ခွင့်ကူညီရေးအဖွဲ့ မှ ကိုပိုင်ပိုင်က ဆိုသည်။ 

“တော်တော်ကြီးကို အခြေအနေဆိုးထားလို့ ပေးမသွားတဲ့ပုံစံမျိုးပေါ့။ ဒေသခံတွေကအစ ကျန်တဲ့ အသင်းအဖွဲ့တွေကအစ မသွားရဲကြဘူး။ မသွားကြဘူးပေါ့နော်။ သွားရင်းသွားရင်းနဲ့မှ လုံခြုံရေးတပ်ဖွဲ့တွေတွေ့ရင် စစ်ဆေးတာတွေ ပိုပိုများလာတယ်။ အဲ့လိုမျိုးဆိုတော့  ရှေ့ဆက်မသွားရဲကြတော့ဘူး” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ ကန့်သတ်ပိတ်ပင်သည့် မင်းကွန်းဒေသအပါဝင် စစ်ကိုင်းမြို့   ကျေးရွာများတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီးလူသေဆုံးမှုများလည်းရှိခဲ့သည်။

ငလျင်ကြောင့် စစ်ကိုင်းမြို့ဧရိယာအပြင်၊ မင်းကွန်းဒေသမြောက်ဘက်၊ ဧရာဝတီမြစ်ကမ်းဘေး တလျောက် ကျေးရွာများတွင်လည်းသက်တမ်းရင် ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီများနှင့် လူနေအိမ်တချို့ ပြိုကျပျက်စီးမှုများဖြစ်ပွါးခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။

ယင်းသို့ အဆောက်အအုံပြိုကျပျက်စီးမှုများကြောင့် စစ်ကိုင်းမြို့နယ် အိုင့်ဒိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် စစ်ဘေးရှောင်နေသည့် မိသားတစ်စုမှ ကလေးငယ် ၄ ဦး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ သေဆုံးသွားသည်။ အခြား ဘုန်းကြီးကျောင်း တစ်ကျောင်းတွင်လည်း ကျောင်းထိုင်ဆရာတော်၊ အမျိုးသားတစ်ဦးနှင့် ၎င်း၏ ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့သည်။

ငလျင်ကြောင့် ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာများအတွင်း မြေသား အက်ကွဲပြိုကျမှုများ၊ တောင်ပြိုကျမှုများကို တွေ့ရပြီး၊ ဧရာဝတီမြစ်ထိန်းနံရံတလျှောက် နေရာ အများအပြားတွင်လည်း အက်ကွဲပြိုကျမှုများ ရှိနေသည်။

ယင်းအပြင် စစ်ကိုင်းကျောက်မြောင်း ကားလမ်းတလျှောက်နှင့် မြစ်ကမ်းဘေး နေရာအများအပြားတွင် အက်ကွဲကြောင်းများ ပေါ်လာသည်၊ အက်ကြောင်းများကို ဝက်လက်မြို့နယ်အတွင်းအထိ မြင်တွေ့ရသည်ဟု ဒေသခံများကဆိုသည်။

မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုထိန်းချုပ်ထားရာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း စဉ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး အများစုမှာ စဉ့်ကူးမြို့နယ်အတွင်း သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းခွင်အတွင်း ပြိုကျမှုများကြောင့် ဖြစ်သည်ဟု  MDY PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ပြောဆိုထားသည်။ 

မတ္တရာမြို့နယ်တွင် ပြည်တွင်းပြည်ပအကူအညီများမရောက်ဘဲ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကိုသာ ခံနေရကြောင်း မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

“(ကူညီထောက်ပံမှု) ရကို မရတာ။ ရတာဆိုလို့ ဗုံးကြဲတာပဲ ရှိတယ်” ဟု သူက ဆိုသည်။

သဘာဝဘေးကို တုန့်ပြန်ရန် NUG အစိုးရဘက်က ငလျင်ဒဏ်ခံဒေသများ၌ မတ် ၃၀ မှစ၍ နှစ်ပတ်ကြာ အပစ်ရပ်ရန် ကြေညာခဲ့ပြီး မန္တလေးကဲ့သို့ ပျက်စီးဆုံးရှုံးမှုများသော စစ်ကောင်စီထိန်းချုပ် မြို့ကြီးများထိ ကူညီကယ်ဆယ်ရန် ကမ်းလှမ်းခဲ့သည်။ 

စစ်ကောင်စီဘက်က ဧပြီ ၂ တွင် ငလျင်ပြန်လည်ထူထောင်ရေးအတွက် ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း ငလျင်ဒဏ်အဆိုးဆုံးခံစားရသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းတွင် လေကြောင်းမှ ဗုံးကြဲမပြတ်ကြောင်း NUG က ထုတ်ပြန်ထားသည်။ 

မည်သည့်ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ လိုအပ်သည့် နေရာများကို အကူညီများရောက်ရန် အရေးကြီးပြီး စစ်ကောင်စီ ကိုယ်ကျိုးအတွက် အသုံးချမှုမရှိစေရန် နိုင်ငံတကာက ဂရုပြုသင့်ကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုသည်။ 

“ဆိုင်ကလုန်းနာဂစ်တုန်းကဆိုရင်လည်း စစ်တပ်က ပြည်သူကိုမကူဘဲနဲ့ သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်။ အခုလည်း အဲ့လိုလုပ်နေတဲ့ အနေအထားကို တွေ့ရှိရတယ်။ ဒါကြောင့်လည်း နိုင်ငံတကာကို အထူးသတိထားပြီးတော့,,, ပြည်သူတွေကို  ကူညီဖို့အတွက် တောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။

“ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်ကျိုးအတွက် သူတို့ရဲ့အကျိုးစီးပွားအတွက် အသုံးချခံ မဖြစ်ဖို့အတွက် သတိထားဖို့ လိုအပ်တယ်။ နိုင်ငံရေးအသုံးချမခံရဖို့၊ စစ်ရေးအမြတ်ထုတ်တာမခံရဖို့ သတိထားဖို့လိုအပ်တယ်” 

စစ်ကောင်စီဘက်က ကူညီကယ်ဆယ်ရေးကို ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်နှင့် မြို့ကြီးများတွင်သာ အားပြု ဆောင်ရွက်နေကြောင်း တွေ့ရသည်။ ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရန် ရုံးများကို အဓိကထား ပြုပြင်တည်ဆောက်မည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှုပမာဏအလိုက် အနီရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်ဟူ၍ အဆင့် ၃ မျိုး ခွဲခြားစစ်ဆေးမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်က ထုတ်ဖော်ပြောဆိုထားသည်။​

အကြီးစား ပြင်ဆင်ရမည့် ဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းမိသားစုများအတွက် ယာယီမိုးကာတဲများ အမြန်ဆုံးတည်ဆောက်နေကာ ရေ၊ မီးနှင့် မိလ္လာကိစ္စများ အဆင်ပြေအောင် စီစဉ် မည်ဟု ဆိုသည်။

ငလျင်ဘေးအန္တရာယ်ကြောင့်  မြို့နယ် ၃၃၀  အနက် မြို့နယ် ၆၀ နီးပါး၊  လူဦးရေ ၁၇ သန်းခန့် ထိခိုက်မည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ဧပြီ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။​

ငလျင်ကြောင့် ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသများမှ  လူသန်းပေါင်းများစွာသည် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုမရခြင်း သို့မဟုတ် လုံလောက်မှုမရှိခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အားပြင်းငလျင်မဖြစ်ပွားမီကတည်းက စစ်တပ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင်  ရိက္ခာမလုံလောက်မှုကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၅ သန်း ငတ်မွတ်ခေါင်း ပါးမှုဒဏ် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) က ယခုနှစ် ဇန်နဝါရီ ၂၉ တွင် ထုတ်ပြန်ထားသည်။

WFP ရုံးကို ဆက်သွယ် မေးမြန်းရာတွင်   ဌာနေကိုယ်စားလှယ် Mr. Michael Dunford က  ငလျင်ဒဏ်သင့် ဒေသများသို့   စားနပ်ရိက္ခာအထောက်အပံ့ တန်ချိန် ၉၅၀ ကျော် ပို့ထားကြောင်း Myanmar Now သို့ ယနေ့ ဧပြီ ၁၁ ရက်နေ့တွင် စာရေး အကြောင်းပြန်ထားသည်။

“WFP အနေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်မှာ အရေးပေါ် စားနပ်ရိက္ခာနဲ့ ငွေကြေးအထောက်အပံ့တွေကို လူဦးရေပေါင်း တစ်သိန်းနှစ်သောင်းကျော်ကို ပေးအပ်ကူညီနိုင်ခဲ့ပြီးပါပြီ။ ငလျင်လှုပ်အပြီး ၄၈ နာရီအတွင်းမှာပဲ စတင်ပြီးအကူအညီတွေပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု သူက Myanmar Now ကို ပြောသည်။

ဆက်သွယ်ရေး၊ သွားလာပို့ဆောင်ရေး အဆင်မပြေသဖြင့်  ဝေးလံသည့်  အစွန်အဖျားဒေသများသို့ သွားရောက်ရန် ခက်ခဲနေသည်ဟု ပြောသည်။

Related Articles

Back to top button