အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေးနယ်မြေများတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာ 

စဉ့်ကူးမြို့နယ်တွင် အသေအပျောက် များပြားရခြင်းမှာ ငလျင်လှုပ်ချိန် လုပ်ငန်းခွင်ဝင်သူများ ရှိနေသည့် ရွှေတွင်းများ ပြိုကျခြင်းကြောင့် ဖြစ်သည်။

စစ်ကိုင်းနှင့်စဉ့်ကူး အပါအဝင် တော်လှန်ရေးအင်အားစု စိုးမိုးထားသည့်မြို့နယ်များတွင်  ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၀ ကျော်အထိရှိကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်များ၊  စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို မြို့နယ်များတွင် သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။

မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုထိန်းချုပ်ထားရာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း စဉ့်ကူး၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင်  သေဆုံးသူ ၃၀ ကျော်ရှိသည်၊ အများစုမှာ  စဉ့်ကူးမြို့နယ်အတွင်း သယံဇာတလုပ်ကွက် ပြိုကျမှုကြောင့် ဖြစ်သည်ဟု  MDY PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံက သိရသည်။ 

“စဉ့်ကူးမြို့နယ်ထဲမှာတော့ သယံဇာတလုပ်ကွက်တချို့ ပြိုကျမှုကြောင့် ၂၅ ဦးဝန်းကျင် သေဆုံးခဲ့တာ ရှိတယ်။ ၃ မြို့နယ်ပေါင်း ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့တဲ့ အရေအတွက်က ၃၀ ကျော်ရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။ ဒဏ်ရာရသူကတော့ သုံးမြို့နယ်ပေါင်း ၅၀ ကျော်ရှိတယ်” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောသည်။ 

စဉ့်ကူးမြို့နယ်  ရွှေတူးဖော်ရေး လုပ်ငန်းခွင်တွင် တွင်းပြိုကျပိတ်မိကာ သေဆုံးခြင်းဖြစ်ပြီး ၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း စဉ့်ကူးမြို့နယ်တွင် လှုပ်ရှားသည့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အမှတ် ၁၂၂၂ တပ်ရင်းထံက သိရသည်။ 

“အဓိကတော့ လက်လုပ်လက်စားတွေများတဲ့အတွက် ရွှေတောဒေသမှာ အင်းဆင်းကြတာ။ အင်းဆင်း ကြရတဲ့အချိန်မှာ ငလျင်လှုပ်တာနဲ့ တွင်းပိပြီးတော့ အသက်ဆုံးရှုံးမှုပိုများသွားတာ”ဟု စဉ့်ကူးမြို့နယ် တွင် လှုပ်ရှားသည့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ အမှတ် ၁၂၂၂ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထိုတပ်ရင်းမှ တပ်ဖွဲ့ဝင် ၁ ဦးလည်း အဆောက်အဦထဲ  ရှိနေစဉ် ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။ 

ငလျင်ဘေးဒဏ်သင့် ပြည်သူများလူသားချင်းစာနာထောက်ထားမှုကူညီပေးနိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရက ထိုးစစ်များကို နှစ်ပတ်ကြာ ရပ်တန့်ထားသော်လည်း စစ်တပ်က စစ်ရေးလှုပ်ရှား မှုများ ဆက်ရှိနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်လုပ်နေသည်။ 

ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်က  စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း MDY PDF ပြောရေးဆိုခွင့်ရှိသူကပြောသည်။ နေအိမ်ပျက်စီးမှုအခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ 

ပြီးခဲ့သည့်မတ်လအတွင်း လက်ပန်လှရွာကို လေတပ်က သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် များ အပါအဝင် ၃၅ ဦးသေဆုံးခဲ့သည်။ 

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများက ငလျင်ဘေးဒဏ်သင့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အခက်အခဲ တစ်ခု ဖြစ်နေသည်ဟု အမှတ် ၁၂၂၂ တပ်ရင်းမှ သတင်းပြန်ကြားရေးတာဝန်ခံက မှတ်ချက်ပြု သည်။ 

“မြေပြင်မှာ အားသွန်ခွန်စိုက်မလုပ်နိုင်ဘူးဖြစ်နေတာ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် ထိထိရောက်ရောက်လုပ်ပေးနိုင်တဲ့အတိုင်းအတာကတော့ လျော့တာပေါ့” ဟု ၎င်းကဆိုသည်။ 

မန္တလေးမြို့ မြောက်ဘက်ရှိ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တို့ကို ပြီးခဲ့သည့်နှစ်က ရှမ်းမန်း စစ်ဆင်ရေး အတွင်း‌ တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ထားပြီး မန္တလေးနှင့်ကပ်လျက်ရှိမတ္တရာမြို့ နယ် ကျေးရွာအများစုကိုလည်း ထိန်းချုပ်ထားသည်။

ငလျင်ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းမြို့နယ်အတွင်းမှ တော်လှန်ရေးအင်အားစုစိုးမိုးရာနယ်မြေတွင် ကျေးရွာ ၄၀ ကျော်၌   ၁၇ ဦးသေဆုံးပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ်၊ အရေးပေါ် ကယ်ဆယ်ရေးကော်မတီထံက  သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားရာ စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် တိုက်တာ အဆောက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ပြီး သေဆုံးသူ တစ်ရာကျော်အထိရှိနေပြီး ယနေ့အထိ ရှာဖွေကယ်ဆယ် ရေးများ လုပ်ဆောင်နေဆဲဖြစ်သည်။ 

စစ်ကိုင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေကျေးရွာပေါင်း ၄၀ ကျော်အနက် နေအိမ် ၂၃၀ ကျော်မှာ လုံးဝပြိုကျသွားသည်၊  နေအိမ် ၁၁၀၀ ကျော် ပျက်စီးသွားကာ၊ စာသင်ကျောင်း၊ ဆေးရုံနှင့်သာသနိက အဆောက်အအုံ ၂၇၃ ခု ပျက်စီးခဲ့သည်ဟု အဆိုပါ ကော်မတီထံက သိရသည်။ 

ငလျင်ဒဏ်ကြောင့် ရေတွင်းရေကန်များ ပျက်စီးသွားသည့်အတွက် သောက်သုံးရေ အပါအဝင် စားနပ်ရိက္ခာများလိုအပ်နေသည်ဟု ထိုကော်မတီဝင် ဒေါ်နွေဦးမေက ပြောသည်။ 

“ရေကလုံးဝပြတ်တောက်သွားတာ။ ကျေးရွာတွေမှာဆိုရင် ရေကန်တွေကွဲအက်တယ်။ တွင်းရေတွေဆို နှောက်သွားတယ်။ မြစ်ရေဆိုရင်လည်း မသန့်ရှင်းမှုတွေဖြစ်ပေါ်လာတယ်။ သောက်သုံးရေတွေ အခက် အခဲဖြစ်နေတယ်”  ဟု ၎င်းကဆိုသည်။

ငလျင်ဒဏ်ကြောင့် လမ်းများ ပျက်စီးသွားပြီး အရေးပေါ်ပြင်ဆင်ရန် စက်ယန္တရား အကူညီများ လိုအပ်နေသည်ဟုဆိုသည်။ 

တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွင် ငလျင်ဒဏ်ကြောင့်ရွှေတွင်းပြိုကျမှုကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုနေကြစဉ် (ဓါတ်ပုံ – MDY PDF)

“ထုံးဘို၊ ချောင်းမကြီးက ရွာသွားရမယ့် လမ်းတွေပါ ပျက်စီးသွားပြီး ဆက်သွယ်ရေး ပြတ်တောက်သွား တော့ သွားလို့မရဘူး။ ဘက်ဟိုးတို့က လိုအပ်နေတာ။ လမ်းတွေ အမြန်ဆုံးပြင်နိုင်မှ ဆက်သွယ်ရေး ကောင်းပြီး စားရေးသောက်တာဖြစ်ဖြစ်၊ သယ်ယူရေးကဏ္ဍတွေဖြစ်ဖြစ် ကောင်းမယ်” ဟု ၎င်းက ပြောသည်။

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးနှင့် မင်းဝံတောင်ရိုးရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ချောင် ၂၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) က ယမန်နေ့က ထုတ်ပြန်ထားသည်။ 

ငလျင်ဒဏ်ကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည့် စစ်ကိုင်းမြို့တွင် အဆောက်အဦပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူများကို  ပြည်တွင်းမှ အရပ်ဘက်အဖွဲ့များနှင့် နိုင်ငံတကာကူညီရေးအဖွဲ့တို့က ဆက်လက်  ရှာဖွေနေဆဲဖြစ်သည်ဟု ဒေသခံတို့က ဧပြီ ၁ ရက်နေ့တွင် ပြောသည်။

တော်လှန်ရေးအင်အားစု စိုးမိုးထားသည့် ဝက်လက်မြို့နယ် ကျေးလက်ဒေသများတွင် ရဟန်း တစ်ပါး အပါအဝင် ၅ ဦးသေဆုံးခဲ့သည်။ ရွှေဘိုမြို့နယ်တွင်လည်း ဗလီပြိုကျမှုကြောင့် ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ  အင်အားပြင်းငလျင် ကြောင့် သေဆုံးသူ ၂၀၅၆ ဦးထိ  ရှိလာပြီး ဒဏ်ရာရသူ ၃၉၀၀ နှင့် ပျောက်ဆုံးနေသူ ၃၀၀ ကျော်ရှိ ကြောင်း စစ်ကောင်စီ၏ မတ် ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။  

Related Articles

Back to top button