
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ သိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊ စဉ့်ကူး မြို့နယ်၊ လက်ပန်လှရွာကို ယမန်နေ့ (မတ် ၁၇) ညနေပိုင်းတွင် လေတပ်က ဗုံးကြဲခဲ့စဉ် ၃ ဦး သေဆုံးသွားရာ မတ်လအတွင်း ထိုရွာကို တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၃၅ ဦးအထိ ရှိလာကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ညနေ ၆ ရီဝန်းကျင်တွင် စစ်လေယာဉ်တစ်စီးက စဉ့်ကူးမြို့နယ်အရှေ့ဘက် ၅ မိုင်ခန့်အကွာမှ လက်ပန်လှရွာကို ဗုံးကြဲချစဉ် သေဆုံးသူတို့မှာ အမျိုးသမီးများ ဖြစ်သည်ဟု မြို့ခံအမျိုးသား တစ်ဦးက Myanmar Now ကို ပြောသည်။
“အဲဒီအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဖက်က ဂိတ်တစ်ခုရှိတယ်။ အဲဒီကို သူတို့ လှမ်းပစ်တာ။ ဒီဘက်ကို ကျော်ကျတာ။ သေတဲ့အမျိုးသမီးတွေက အရွယ်ကောင်း ၃၀ ကျော် ၄၀ ဝန်းကျင် လူလတ်ပိုင်းတွေ”ဟု သူက ဆိုသည်။
ဒဏ်ရာရသူ ၅ ဦးရှိသည်ဟု သိရသည်။ သေဆုံး၊ ဒဏ်ရာရသူတို့၏ အသေးစိတ် အချက်အလက်များကို မသိရသေးပေ။
လက်ပန်လှကျေးရွာရဲစခန်းကို မတ်လ ၄ ရက်နေ့က တစ်ကြိမ် ဗုံးကြဲချခဲ့သည်။
စစ်သုံ့ပန်းတချို့နှင့် PDF တချို့ရှိသော ရဲစခန်းပေါ်တိုက်ရိုက်ကျရောက်ပေါက်ကွဲကာ ရဲစခန်းအနီး ကွမ်း ပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် ဈေးဝယ်နေသူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။ ရဲစခန်းအတွင်း ပေါက် ကွဲမှုဖြစ်၍ ဒဏ်ရာရသူများလည်းရှိခဲ့သည်။
ထို့နောက် မတ် ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် လက်ပန်လှကျေးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ရာ ဈေးအနီး ကျရောက်ပေါက်ကွဲသဖြင့် ကလေးများအပါအဝင် ၃၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့သည်။
လက်ပံလှကျေးရွာပေါ် လှည့်ပတ်ပျံသန်းပြီးမှ လူစည်ကားသည့် ကျေးရွာဈေးထဲသို့ ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေ ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ပုခက်အတွင်းမှ ကလေး ၁ ဦး၊ အသက် ၅ နှစ်ခန့် ကလေး ၁ ဦး ပါဝင်သည်၊ အများစုမှာ ပျံကျ ဈေးသည်များ၊ ဈေးသို့ လာသူများ ဖြစ်သည်ဟု သိရသည်။
“အခုရွာလည်း ခြောက်ကပ်သွားတာပဲ။ ပြေးတဲ့သူကလည်းပြေး။ ရှောင်တဲ့သူကလည်း ရှောင်။ တိတ်ဆိတ် လို့”ဟု အထက်ပါ စဉ့်ကူးမြို့ခံက ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ခြင်းမရှိသည့် စဉ့်ကူးမြို့နယ်တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား ကာ လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေခြင်းဖြစ်ပြီး မတ် ၁၄ နှင့် ၁၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ၃၄ ဦးအထိ သေဆုံးခဲ့ကြောင်း MDY-PDF က ယနေ့ ထုတ်ပြန်ထားသည်။
လက်ပန်လှကျေးရွာကို လေတပ်က ဖေဖော်ဝါရီ ၁၈ ရက်နေ့ ည ၁၀း၄၀ ခန့်ကလည်း ဗုံးကြဲရာ ပြည်စိုး အောင်ရပ်ကွက်မှ အခြေခံပညာအလယ်တန်းကျောင်းအနီးရှိ နေအိမ်ပေါ်သို့ ဗုံးကျသည်၊ ၄၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး မစန်းစန်းမွန် ဆိုသူ သေဆုံးသွားသည်၊ ၂ နှစ်သမီး တစ်ဦးနှင့် ၅၃ နှစ်အရွယ် ဦးခင် မောင်မြင့်တို့ ဦးခေါင်းတွင် ဒဏ်ရာရခဲ့ကြသည်ဟု ဆိုသည်။
မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်မှ စဉ့်ကူးမြို့သည် စိုက်ပျိုးရေး၊ ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့် အသက်မွေးကြသည့်ဒေသဖြစ်ပြီး ဗုံးကြဲခံရသည့် လက်ပန်လှရွာသည် အဆိုပါ လမ်းမကြီးဘေးမှ စည်ကားသည့် ရွာကြီး ဖြစ်သည်။
ယခုလအတွင်း လက်ပန်လှရွာကို ၃ ကြိမ် တိုက်ခိုက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် ၅၄ မိုင် ကွာဝေးသည့် စဉ့်ကူးမြို့ကို ယမန်နှစ် ဇူလိုင်လအတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရန် ယမန်နှစ် ဇူလိုင်လကုန်အတွင်း ရေကြောင်းမှ အပြင်းအထန် ကြိုး ပမ်းခဲ့သည်။
သို့သော် အထိအခိုက်များဖြင့် ဆုတ်ခွာခဲ့ရသော စစ်ကောင်စီသည် ယမန်နှစ် ဩဂုတ်လဆန်းမှ စတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
စဉ့်ကူးမြို့နယ်ထဲမှ ကံတောင်၊ နွယ်ရုံနှင့် လက်ပံလှ ကျေးရွာများ ယမန်နှစ် သြဂုတ် ၄ နှင့် ၅ ရက်နေ့များတွင် ဗုံးကြဲ တိုက်ခိုက်ခံရသဖြင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
စဉ့်ကူးမြို့၏တောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေသည့် မတ္တရာမြို့၊ မြောက်ဘက်တွင် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(PLA)နှင့်တော်လှန်ရေးတပ်များ ကလည်း စစ်ကောင်စီနှင့်တိုက်ပွဲဆက်လက်ဖြစ် ပွားနေသည့် သပိတ်ကျင်းမြို့တည်ရှိသည်။ မြို့နယ်အနောက်ဖက်ခြမ်း ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တို့ တည်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ဒေသတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး MDY -PDF က မြို့သိမ်းရန် ကြိုးစားနေစဉ်အတွင်း စစ်တပ်၏လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်မြို့လုံးနီး ပါး ပျက်စီးခဲ့သည်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ အချက် အလက်များအရ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးငယ် ၃၇၂ ဦး အသက်ဆုံးရှုံး ခဲ့သည်။