သတင်း

MDY-PDF သိမ်းထားသည့် စဉ့်ကူးမြို့ကို လေတပ် ဗုံးကြဲ၊ ၁၅ ဦးထက်မနည်းသေဆုံး

မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်မှ ကျေးရွာတချို့ ဗုံးကြဲခံရသဖြင့် ဒေသခံ အများအပြား သေဆုံး၊ ဒဏ်ရာရသွားသည်၊ စစ်ကောင်စီကမူ ၎င်းတို့၏လက်ချက်မဟုတ်ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှ ကံတောင်၊ နွယ်ရုံနှင့် လက်ပံလှ ကျေးရွာများ သြဂုတ် ၄ နှင့် ၅ ရက်နေ့များတွင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။ 

သြဂုတ် ၄ ညနေပိုင်းတွင် စစ်ကောင်စီလေတပ်က မြို့မြောက်ဘက် ၁၃မိုင်ခန့် အကွာရှိ နွယ်ရုံကျေးရွာ၊ ၁၈ မိုင်ခန့် အကွာရှိ ကံတောင်ရွာတို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု MDY-PDF နှင့် ဒေသခံများက ပြောသည်။ 

နွယ်ရုံရွာတွင် ကလေးငယ်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း၊ ကံတောင်ရွာတွင် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရကြောင်း MDY-PDF က ထိုနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

လေတပ်က နိုင်ငံတကာတွင် တားမြစ်ပိတ်ပင်ထားသော Cluster Bombs ခေါ်  ထပ်ဆင့်ပေါက်ကွဲသည့်ဗုံးများကို  ထိုတိုက်ခိုက်မှုနှစ်ခုစလုံးတွင်  သုံးခဲ့သည်ဟုလည်း MDY-PDF က ၎င်းတို့၏သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းစွပ်စွဲခဲ့သည်။

နောက်တစ်နေ့တွင် မြို့အရှေ့ဘက် ငါးမိုင်ခန့်အကွာ လက်ပံလှကျေးရွာ  ဗုံးကြဲခံရပြီး  ၁ ဦး သေဆုံးသည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာစာသင်ကျောင်း၊ ဆေးရုံတို့လည်း အထိအခိုက်ရှိသည်ဟု ဒေသခံတို့က ဆိုသည်။ 

စစ်တပ်က တိုက်ပွဲမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း MDY-PDF က သြဂုတ်  ၅ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ 

တိုက်ခိုက်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ စစ်ကောင်စီတပ်ကမူ ထိုသတင်း မှားယွင်းနေကြောင်း သြဂုတ်  ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“၎င်းရက်တွင် စဉ့်ကူးမြို့နယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာများသို့ တပ်မတော်လေယာဉ် ပျံသန်းမှုလုံးဝမရှိကြောင်း” သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စဉ့်ကူးမြို့နယ် လက်ပန်လှရွာ ရဲစခန်းရှေ့ တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များကို ဇူလိုင် ၈ ရက်က ထုတ်ပြန်ထားစဉ်။  (ဓာတ်ပုံ-MDY PDF)

မန္တလေးမြောက်ဘက် မိုင် ၄ဝ အကွာ ဧရာဝတီမြစ်ကမ်းဘေးမှ စဉ့်ကူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ MDY-PDF က ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့က အပြီးသတ်သိမ်းခဲ့ပြီးနောက် မြေပြင်တိုက်ပွဲများ မရှိတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေကို ရ​ည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်း ဖြစ်နိုင်သည်ဟု စဉ့်ကူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“သူတို့က မစားရတဲ့အမဲ သဲနဲ့ပက်မှာပဲ။ သူတို့လက်လွှတ်ရလို့ စဉ့်ကူးကို မဲနေတာ။ တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘူး။ သက်သက်လေကြောင်းလာကြဲတာ” ဟု သူက ပြောသည်။

စစ်ဘေးရှောင်သူများထဲမှ  နေရပ် ပြန်လာကြသူ အနည်းငယ်သာ ရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ 

“စစ်အုပ်စုကင်းစင်နယ်မြေ ဖြစ်သွားပေမယ့်လည်း ဒီလေကြောင်းရန်ကို ကြောက်နေရတယ်။ ဒေသခံတချို့ကလည်း နေရတာတောင်မှ စိုးရိမ်ထိတ်လန့်မှုတွေရှိနေတာပေါ့နော်” ဟု ထိုအမျိုးသမီးက ပြောသည်။

“ရပ်ဝေးမှာ စစ်ဘေးရှောင်နေရသူတွေကလည်း အကုန်လုံး ဒီလထဲမှာ ပြန်ကြမယ်လုပ်ထားတာ၊ အခုတော့ မပြန်နိုင်ကြသေးဘူး”

မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်မှ စဉ့်ကူးမြို့သည်  စိုက်ပျိုးရေး၊ ရွှေတူးဖော်ရေး လုပ်ငန်းများဖြင့်  အသက်မွေးကြသည့်ဒေသဖြစ်သည်။  ဗုံးကြဲခံရသည့် အထက်ပါ ရွာများသည် အဆိုပါ လမ်းမကြီးပေါ်မှ ရွာများဖြစ်သည်။

မြို့တောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေသည့် မတ္တရာမြို့၊ မြောက်ဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိုးစစ်ဆင်နေသော သပိတ်ကျင်းမြို့နယ်တို့တည်ရှိပြီး မြို့နယ်အနောက်ဖက်ခြမ်း ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တို့ တည်ရှိသည်။

Show More

Related Articles

Back to top button