
၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့တွင် အာဏာရှင်ဟောင်း သန်းရွှေသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်မှ “နေပြည်တော်” သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၂၅ ခုနှစ်သည် နေပြည်တော်၏သက်တမ်း နှစ် ၂၀ ပြည့်မည့်နှစ် ဖြစ်သည်။
နိုင်ငံ၏အလယ်ဗဟိုတွင် တည်ဆောက်ခဲ့သော မြို့တော်သစ်၏ ဖြစ်တည်မှုက အစပိုင်းတွင် “ကြပ်ပြေး နေပြည်တော်” ဟု အမည်တွင်ခဲ့ပြီး အထီးကျန်လှသည်။ ထိုစဥ်က နိုင်ငံတကာသတင်းစာမျက်နှာများတွင် တစ်နိုင်ငံလုံး၌ တစ်ခုတည်းသာရှိသော၊ မြို့တော်သစ်၏ ၂၀ လမ်းသွား လမ်းမကျယ်ကြီးပေါ်တွင် ကားတစ်စီးမျှ ဖြတ်သန်း သွားခြင်းမရှိသော ပုံရိပ်များကို မကြာခဏ ဖော်ပြခြင်း ခံခဲ့ရသည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများအကြောင်း လေ့လာကြသော နိုင်ငံတကာပညာရှင်များအကြား ပဟေဠိဆန်လှသော နေပြည်တော်မြို့သစ်စီမံကိန်းကို အာဏာရှင်ဟောင်း သန်းရွှေ မည်သည့်စိတ်ကူးဖြင့် တည်ဆောက်ခဲ့သနည်း ဆိုသည့် မေးခွန်းများစွာ ထုတ်ခဲ့ကြ၊ ဝေဖန်ဆန်းစစ်ကြဖူးသည်။
ထိုမေးခွန်းများအထဲ ကမ္ဘာကြီးနှင့်ခပ်ခွာခွာ အထီးကျန်နေလို၍ နိုင်ငံတကာအဆက်အသွယ်များ၏ ဗဟိုချက် ရန်ကုန်မြို့တော်ကို စွန့်ခွာခဲ့လေသလားဟု မေးခွန်းထုတ်သူများရှိသည်။ ယနေ့ထိ နိုင်ငံတကာ သံရုံးများသည် ရန်ကုန်မှ နေပြည်တော်သို့ပြောင်းရွှေ့ခြင်းမပြုဘဲ မြို့တော်ဟောင်းတွင်သာ ဆက်လက်အခြေစိုက်နေခြင်းက ထိုသူတို့၏မေးခွန်းကို အတည်ပြုပေးသလို ဖြစ်နေသည်။

စစ်ရေးအမြင်ကဲသူတချို့ကလည်း စစ်ဗိုလ်ချုပ်များသည် အမေရိကန်နိုင်ငံက ကျူးကျော်လာနိုင်မည့်အရေး စိုးရိမ်နိုင်ပြီး၊ ထိုကဲ့သိုဖြစ်လာပါက ရန်ကုန်မြို့ကို ပင်လယ်ရေကြောင်းမှ အလွယ်တကူ ဝင်ရောက်တိုက်ခိုက် နိုင်သဖြင့်၊ နိုင်ငံ၏အတွင်းပိုင်းကျသောနေရာသို့ စစ်ရေးအမြင်အရ ပြောင်းရွှေ့ခြင်း ဖြစ်နိုင်သည်ဟု မှန်းဆသူ များလည်း ရှိခဲ့ကြသည်။
သို့သော် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ဖွင့်ဟပြောဆိုခဲ့သော နေပြည်တော်မြို့သစ် တည်ဆောက်ရသည့် ရည်ရွယ် ချက်မှာ နိုင်ငံ၏ အလယ်ဗဟိုချက်တွင် အုပ်ချုပ်ရေးမြို့တော် ထားရှိပြီး တစ်နိုင်ငံလုံးကို ဖြန့်ကျက်အုပ်ချုပ်နိုင်မှု ပိုမိုကောင်းစွာလုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်ဟု ဆို၏။
ထိုစဥ်က စစ်ခေါင်းဆောင်များသည် နိုင်ငံ၏အလယ်ဗဟိုတွင် မြောက်မှတောင်သို့ ထောင့်ဖြတ်ရှိနေသော ကမ္ဘာ ကျော် စစ်ကိုင်းငလျင်ကြောကြီးကို မြို့တော်သစ်စီမံကိန်းတွင် မည်မျှထည့်တွက်ခဲ့သနည်း ဆိုသည့် အချက်မှာ ယနေ့ကြုံတွေ့နေရသော နေပြည်တော် ငလျင်ဒဏ်က သက်သေပြလျက်ရှိသည်။
မည်သို့ပင်ဆိုစေ စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ တစ်ချက်လွှတ်အမိန့်ဖြင့် အတင်းအဓမ္မပြောင်းရွှေ့ အသက် သွင်းခဲ့သော နေပြည်တော်သည် ဖုံမှုန့်များဖြင့် ခြောက်သွေ့လှသော လွင်တီးခေါင် “ကြပ်ပြေး နေပြည်တော်” ဘဝမှ လွန်ခဲ့သော နှစ် ၂၀ အတွင်း စိုက်ပျိုးခဲ့သော သစ်ပင်များကြောင့် စိမ်းစိုသောမြို့ပြတစ်ခု၏ သက်ဝင်မှုကို တဖြည်းဖြည်း ပြောင်းလဲတွေ့မြင်ခဲ့ပြီး၊ မတ်လ ၂၈ ရက်နေ့မတိုင်မီအထိ စစ်အာဏာရှင် လက်ဟောင်း လက်သစ် များအတွက် ဂုဏ်ယူစရာမြို့တော်အဖြစ် ရှိနေခဲ့သည်က အမှန်ပင်ဖြစ်သည်။ သို့သော် ယနေ့ နေပြည်တော်သည် စစ်ကိုင်းပြတ်ရွှေ့ ငလျင်ကြီး၏ စီရင်ချက်အောက်တွင် တစ်ခဏအတွင်း မရေရာသော အနာဂတ်ကို ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။
နေပြည်တော်၏ အခြေခံအဆောက်အအုံပျက်စီးမှုများ အခြေအနေ
စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီးကြောင့် စစ်ကိုင်းနှင့် မန္တလေးမြို့များဝန်းကျင်က အပျက်အစီးများနှင့် ကယ်ဆယ် ရေးလုပ်ငန်းများကို နိုင်ငံတကာသတင်းမီဒီယာများ အာရုံစိုက်နေချိန် နေပြည်တော်၏ အခြေခံအဆောက်အအုံများ ပျက်စည်းမှုအခြေအနေက ထိပ်တန်းသတင်းမဖြစ်ခဲ့သည်မှာ ၎င်းတို့၏ အခြေအနေမှန်အကြောင်း လူသိမခံချင်သော စစ်ဗိုလ်ချုပ်ကြီးများကို အသက်ရှုခွင့်ပေးသလို ဖြစ်ခဲ့သည်။
သို့သော် အာဏာရှင်စနစ်အောက် စစ်တပ်ပုံစံ တစ်ပြေးညီလုပ်ကိုင်တတ်သော စစ်ဗိုလ်ချုပ်ကြီးများ၏ အလေ့ အကျင့်ကြောင့် နေပြည်တော်၌ ဖြစ်ပျက်နေသည့် အခြေအနေများက အလိုအလျောက် ပေါ်ထွက်လာပါသည်။ ငလျှင်လှုပ်ပြီးသည်နှင့် ထိပ်တန်းဗိုလ်ချုပ်ကြီးများဖြစ်သော မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်အေး၊ မိုးအောင်၊ မောင်မောင်အုန်း စသည့် စစ်ကောင်စီ၏ ထိပ်တန်းအဖွဲ့ဝင်များသည် ဝန်ကြီးဌာနရုံး အဆောက်အအုံ များနှင့် ဝန်ထမ်းအိမ်ယာများ ပျက်စီးမှုအခြေအနေကို တစ်ပြိုင်နက်ထဲ သွားရောက်စစ်ဆေးကြသည့် သတင်းများကို နိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ခဲ့ရာ နေပြည်တော်၏ အခြေခံအဆောက်အအုံပျက်စီးမှု အတိုင်းအဆကို တွေ့မြင်ခဲ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်များနှင့် မြေပြင်သတင်းအချက်အလားများကို စုပေါင်းလေ့လာသုံးသပ်ပြီး Myanmar Now သည် အောက်ပါ Google Earth မြေပုံတွင် လတ္တီတွဒ်၊ လောင်ဂျီတွဒ်အတိအကျဖြင့် နေပြည်တော်၏ အခြေခံအဆောက်အအုံ ပျက်စီးမှု အတိုင်းအဆမြေပုံတစ်ခုကို ထုတ်ကြည့်ခဲ့ပါသည်။
မြေပုံထဲတွင် အနီရောင်အမှတ်အသားဖြင့် ဖော်ပြထားသောနေရာများသည် ငလျင်ကြောင့် အခြေခံ အဆောက် အအုံ ပျက်စီးမှု (Structural Damage) များပြားပြီး၊ ပြန်လည်ပြင်ဆင်အသုံးပြုနိုင်ခြင်းမရှိသော သို့မဟုတ် အချိန်ယူပြင်ဆင်ရနိုင်သော အဆောက်အအုံများ ဖြစ်ပါသည်။
၎င်းတို့အထဲ ပြည်ထောင်စုလွှတ်တော်များ၊ သမ္မတအိမ်တော် (ယခု စစ်ကောင်စီရုံး)၊ ကာကွယ်ရေး၊ ပြည်ထဲ ရေး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ စီမံဘဏ္ဍာ စသည့်ဝန်ကြီးဌာနများ၊ အမျိုးသား မော်ကွန်း တိုက်၊ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက် ကဲ့သို့ သမိုင်းမှတ်တမ်းများ သိမ်းဆည်းရာနေရာများနှင့် စစ်ကောင်စီ၏ National Cyber Security Center ကဲ့သို့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ပါဝင်သည်။
မြေပုံထဲတွင် အဝါရောင်အမှတ်အသား ပြသထားသော နေရာများမှာ ကျန်ရှိသော စစ်ကောင်စီဝန်ကြီးဌာန နေရာများ ဖြစ်ပြီး၊ ထိုဝန်ကြီးဌာန အဆောက်အအုံများ၏ပျက်စီးမှု အခြေအနေကို မသိရှိနိုင်သေးသော်လည်း၊ ဖျက်အားပြင်း ငလျင်ကြီး ၏ ဒဏ်ကို အနည်းနှင့်အများ ခံကြရလိမ့်မည် ဖြစ်သည်။
စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး၏ စီရင်ချက်အောက် နေပြည်တော်၏ အခြေခံအဆောက်အအုံပျက်စီးမှုများ
အထက်ပါ မြေပုံကို ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါ လွန်ခဲ့သော နှစ် ၂၀ က စစ်ဗိုလ်ချုပ်ကြီးများ တည်ဆောက် ခဲ့သော နေပြည်တော်သည် နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်အဖြစ် ရှေ့အနာဂတ်တွင် မည်မျှသန်စွမ်းစွာ ရပ်တည် နိုင်သေးသနည်း။ စစ်ကိုင်းငလျင်ကြောကြီးသည် မြန်မာနိုင်ငံ၏ဘူမိအခြေခံ ပေးထားချက်ကြီး ဖြစ်နေသဖြင့် နေပြည်တော်၏ အနာဂတ်ကို ဆက်လက်ခြိမ်းခြောက်နေမည်မှာ အသေအချာဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် မြို့တော်အသစ် လိုအပ်နေပြီလား၊ သို့တည်းမဟုတ် မင်းဆိုးမင်းညစ်ကို ဖယ်ရှား ပြီး မင်းကျင့်တရား ၁၀ပါးနှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ် လိုအပ်နေပြီလား၊ မြန်မာပြည်သူများ အလေး အနက် စဥ်းစားကြရမည့် အချိန်ဖြစ်ပါသည်။
မင်းဆိုးမင်းညစ်များအောက် တိုင်းပြည်ကြုံခဲ့ရသော သဘာဝကပ်ဘေးဆိုးကြီး နှစ်ခု
မြန်မာ့သမိုင်းတွင် အကြီးမားဆုံး ဖျက်အားပြင်း သဘာဝဘေးဒုက္ခကြီးနှစ်ခု ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ ပထမ အကြိမ် ဖျက်အားပြင်း ဆိုင်ကလုန်းနာဂစ် မုန်တိုင်းကြီး နိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ညပိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထိုအချိန်က မင်းဆိုးမင်းညစ် စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ ဖိနှိပ်အုပ်ချုပ်မှုအောက် မြန်မာပြည်သူများ ပြားပြားမှောက်နေရသော ကာလဖြစ်သည်။
အာဏာရှင်ဟောင်း သန်းရွှေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဓာတ်ဆီဈေးနှုန်းများ ရုတ်တရက် အဆ မတန်မြှင့်တင်ခဲ့ရာမှ လူထုအကြား အထွေထွေအကျပ်အတည်းဆိုက်ခဲ့ပြီး၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာများ ဦးဆောင်သော “ရွှေဝါရောင် တော်လှန်ရေး” (Saffron Revolution) ဖြစ်ပွားခဲ့သည်။ သန်းရွှေသည် သံဃာတော်များနှင့် ဆန္ဒပြပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နင်း၊ ဖမ်းဆီးထောင်ချခဲ့သော မင်းဆိုး မင်းညစ် ဖြစ်သည်။ ပြည်သူများအကြား အဆိုပါ ဒဏ်ရာဒဏ်ချက်များ လတ်ဆတ်နေဆဲအချိန် နာဂစ်မုန်တိုင်းကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
နှစ်ပေါင်း ၁၇ နှစ်ကြာပြီးနောက် ဒုတိယအကြိမ် ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးနှင့် ထပ်မံကြုံတွေ့ရသည်။ စစ်ကိုင်းငလျင်နှင့် ဆိုင်ကလုန်းနာဂစ် ဖျက်အားပြင်းထန်ပုံခြင်းနှင့် ဘေးဒုက္ခ ရင်ဆိုင်ရပုံခြင်း ကွာခြားပါသည်။ သို့သော် မကွာခြားသည်က ထိုသဘာဝဘေးဒုက္ခဆိုးကြီးနှစ်ခု ရင်ဆိုင်ကြုံတွေ့ရချိန်သည် မြန်မာပြည်သူများ စစ်တပ်၏ ရက်စက်ဖိနှိပ်မှုဒဏ်ကို အလူးအလဲခံစားနေရချိန် ဖြစ်သည်။
စစ်ကိုင်းငလျင်ဘေးကြီး ကြုံတွေ့ရချိန်တွင် တိုင်းပြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်နေချိန်ဖြစ်သည်။ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားလိုက်ရသော မြို့ရွာများရှိ ပြည်သူများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ကျီးလန့်စာစား နေထိုင်ရသော အချိန်ကာလလည်း ဖြစ်သည်။
အဆိုပါ သဘာဝဘေးဒုက္ခကြီး နှစ်ခုလုံးကို မြန်မာပြည်သူများ ကြုံတွေ့ခံစားရချိန် နှစ်ကြိမ်စလုံး တိုင်းပြည်တွင် စီးပွားရေးအရ အထွေထွေအကျပ်အတည်း ကျရောက်နေသော အချိန်ကာလများ ဖြစ်နေသည်။ ကိုယ့်ပြည်သူ ကို လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်များအပေါ် ယဥ်ကျေးသော နိုင်ငံ တကာ အသိုက်အဝန်းက စီးပွားရေးအရ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများနှင့် သံတမန်ရေးအရ အရေးယူ ဖယ်ကျဥ်ထားမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် မြန်မာပြည်သူများ သဘာဝဘေးဒဏ်ကြုံတွေ့လာတိုင်း နိုင်ငံ တကာ အသိုက်အဝန်းသည် လစ်လျူရှု ထားလေ့ မရှိခဲ့ပါ။

နိုင်ငံတကာ၏ လူသားချင်းစာနာမှုအကူအညီ နိုင်ငံရေးအမြတ်ထုတ်တတ်သော စစ်ဗိုလ်ချုပ်များ
ယနေ့ကြုံတွေ့နေရသော စစ်ကိုင်းငလျင်ကြီးကို အကြောင်းပြု၍ မြန်မာနှင့် နိုင်ငံတကာအကြား သဘာဝဘေး ဒုက္ခဆိုင်ရာ သံတမန်ဆက်ဆံရေး သမိုင်းတစ်ကွေ့ ပြန်လည်ကြုံတွေ့လာရပြီ ဖြစ်သည်။ မတ်လ ၃၀ ရက်နေ့ တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အထူးအစည်းအဝေး ကျင်းပခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသော အာဆီယံအသင်း ကြီးသည် နှစ်စဥ်ကျင်းပသော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီး အဆင့် အစည်းအဝေးများကို စစ်ကောင်စီ၏ နိုင်ငံရေးရာထူး ရယူထားသူများ တက်ရောက်ခွင့် ပိတ်ပင်တားဆီး ခဲ့ရာမှ စစ်ကိုင်းငလျင် အရေးပေါ်ကယ်ဆယ်ရေးအတွက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးသန်းဆွေကို အဆိုပါ အထူးအရေးပေါ်အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ပေးခဲ့သည်။
သို့သော် သန်းဆွေတက်ရောက်ခဲ့ခြင်းကို စစ်ကောင်စီကသာ ထုတ်ပြန်ခဲ့ပြီး၊ အာဆီယံ၏ ထုတ်ပြန်ကြေညာ ချက်တွင် လုံးဝဖော်ပြထားခြင်း မရှိပါ။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် အာဆီယံသည် စစ်ကောင်စီ အပေါ် ရပ်တည်ချက် ပြောင်းလဲခြင်းမဟုတ်ဘဲ၊ မြန်မာပြည်သူများအတွက် အရေးပေါ်အကူအညီပေးရန်ကိုသာ ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။
ဤအခြေအနေတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သဘာဝဘေးဒုက္ခခံစားနေရသော မြန်မာပြည်သူများ ထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး ပေးအပ်နိုင်ရေး သံတမန်လမ်းကြောင်းမှ ကြိုးပမ်းမှုများရှိလာသည်မှာ ယဥ်ကျေးသောလူ့အသိုက်အဝန်းကြီး၏ တာဝန်သိမှုပင်ဖြစ်သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးအရ အသုံးချမည်မှာ မလွှဲဧကန် ဖြစ်သည်။
တချို့သော အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များသည် ဆိုင်ကလုန်းနာဂစ်ကာလ အာဆီယံ၏ကြားဝင် ကူညီခဲ့မှု အတွေ့အကြုံနှင့် နှိုင်းယှဥ်၍ ယခုတစ်ကြိမ်တွင်လည်း မြန်မာစစ်ခေါင်းဆောင်များကို လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ခြင်းမှတစ်ဆင့် နိုင်ငံတကာနှင့်ပြန်လည်ထိတွေ့ဆက်ဆံနိုင်မည့် အခွင့်အလမ်း များဖွင့်ပေးခြင်းနှင့် စစ်ခေါင်းဆောင်များကို တိုးတိုးတိတ်တိတ်နားချပြီး၊ လက်ရှိနိုင်ငံရေးပြဿနာများ ဖြေရှင်း နိုင်မည့် စေ့စပ်ညှိနှိုင်းဖြေရှင်းမှုအထိ လမ်းကြောင်းပွင့်လာစေရန် စိတ်ကူးအကြံအစည်များ ရှိနိုင်ပါသည်။
သို့သော် ဆိုင်ကလုန်းနာဂစ် ဖြစ်ပွားစဥ်က သန်းရွှေစစ်အစိုးရနှင့် စစ်ကိုင်းငလျှင်ဖြစ်ပွားချိန် မင်းအောင်လှိုင်၏ စစ်ကောင်စီအကြား မြန်မာ့နိုင်ငံရေးအခင်းအကျင်း တစ်ခုလုံးသည် အခြေခံကျကျ ကွဲပြားခြားနားသွားခဲ့ပြီ ဆိုသည့်အချက်ကို အာဆီယံခေါင်းဆောင်များ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းက အလေး ထား သတိပြုရန် လိုအပ်ပါသည်။
အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများသည် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများအကြား ပိတ်မိနေ သော မြန်မာပြည်သူများ၏ အသက်ကိုကယ်ဆယ်ရန် ကြိုးပမ်းပေးမှုအတွက် များစွာကျေးဇူးတင်ထိုက်ပါသည်။ သို့သော် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေးပယောဂ ကူးစက်ပူးကပ်သွားလျှင် အဆိုပါအကူအညီများအားလုံး သဲထဲ ရေသွန် ဖြစ်သွားလိမ့်မည်ကိုမူ သတိချပ်သင့်သည်။

အမျှော်အမြင်ရှိသော နိုင်ငံရေးခေါင်းဆောင်နှင့် အသိညဏ်ကင်းမဲ့သော စစ်ဗိုလ်ချုပ်
သဘာဝဘေးဒုက္ခကြီးများ ကြုံတွေ့လာပါက ပထမဆုံးနာရီများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင် နိုင်မည့် မဟာအခွင့်အရေးကြီးဖြစ်ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို စောနိုင်သမျှ စောစော လုပ်ဆောင်နိုင်ရန် အလွန်အရေးကြီးသည်။
နိုင်ငံတိုင်းသည် ဤမျှကြီးမားသော သဘာဝဘေးဒဏ်ကို ကြုံရသည်နှင့် ၎င်းတို့၏ စစ်တပ်ကို အလုံးအရင်း အသုံးပြု၍ နိုင်ငံအနှံ့ ကယ်ဆယ်ရေးလုပ်ငန်းများ လျှင်လျှင်မြန်မြန် ဆောင်ရွက်ကြလေ့ရှိသည်။ သို့သော် မင်းအောင်လှိုင်သည် ၎င်း၏အာဏာဗဟိုချက် နေပြည်တော်မှလွဲ၍ ငလျင်ဒဏ် အပြင်းထန်ဆုံးခံစားရသော မန္တလေးနှင့် စစ်ကိုင်းဒေသများရှိ ပြည်သူများ၏အသက်ကို အလျှင်အမြန်ကယ်တင်နိုင်ရန် ၎င်း၏စစ်တပ်ကို အလုံးအရင်းဖြင့် အသုံးပြုနေသည်ကို ယနေ့အချိန်ထိ မတွေ့ရှိရပါ။
ပြည်သူအပေါ် ဖိနှိပ်ရက်စက်ရာတွင် အဆင်သင့်ဖြစ်နေတတ်သော မြန်မာစစ်အာဏာရှင်များသည် ဖျက်အားပြင်း ငလျင်ကြီးနှင့် ကြုံတွေ့လာရချိန်တွင် မပြောင်းလဲသောအမူအကျင့်မှာ ပြည်သူကို ဂရုစိုက်ဟန်ဆောင်ပြီး လူလုံးထွက်ပြခြင်းဖြစ်သည်။ ပြည်သူလူထု၏အသက်ကို အမှန်တကယ် ကယ်ဆယ်နေကြ၊ ဦးဆောင်လုပ်ကိုင်နေကြသည်မှာ နီးစပ်ရာ ပြည်သူများနှင့် နိုင်ငံအနှံ့ လူမှုအသင်းအဖွဲ့များသာ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငလျှင်လှုပ်ခပ်ပြီးချိန် နာရီပိုင်းအတွင်း နေပြည်တော်ရှိလမ်းမများပေါ် ရောက်လာသည်။ စစ်ဗိုလ်ချုပ်များ ငလျင်ဘေး အပျက်အစီးများ စစ်ဆေးနေသည့် ဓာတ်ပုံမှတ်တမ်းများကို စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ဝေဝေဆာဆာ ဖြန့်ဝေခဲ့သည်။
ထိုလုပ်ရပ်က ၂၀၀၈ ခုနှစ် ဆိုင်ကလုန်းနာဂစ်ကာလ စစ်ဗိုလ်ချုပ်များ၏ ဝါဒဖြန့်မှုကို အမှတ်ရစေပါသည်။
ထိုစဥ်က စစ်အစိုးရ ဝန်ကြီးချုပ် (နောင်တွင် သမ္မတ) သိန်းစိန် မုန်တိုင်းဒဏ်သင့် ပြည်သူများနှင့် သွားရောက်တွေ့ဆုံသည့် သတင်းဓာတ်ပုံများကို စစ်အစိုးရ ဝါဒဖြန့်မီဒီယာများက နေ့စဥ်ထုတ်လွှင့်ခဲ့ဖူးသည်။
သို့သော် စစ်ခေါင်းဆောင်များသည် အရေးပေါ်လာမှ ဖုတ်ပူမီးတိုက် လုပ်တတ်ကြပြီး၊ တိုင်းပြည်၏ရှေ့ရေး အတွက် ကြိုတင်စဥ်းစား တွေးခေါ်နိုင်စွမ်း မရှိကြပါ။ စင်စစ် ကြီးမားသော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ် လာပါက ရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် နိုင်ငံအများအပြားတွင် ကြိုတင်မျှော်တွေး ပြင်ဆင်မှုများ ပြုလုပ်ထား ကြသည်။
အဆင်သင့်ဖြစ်မှု ဆိုရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့် စနစ်တကျ အထူးလေ့ကျင့်ဖွဲ့စည်းထားသော ကယ်ဆယ်ရေး ကျွမ်းကျင်အဖွဲ့များ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရမည့် အထူးပြုပစ္စည်း ကရိယာများနှင့် ယာဥ်ယန္တရားများ အဆင်သင့်ရှိမှု၊ သဘာဝဘေးအန္တရာယ်အတွက် သီးသန့်ထူထောင်ထားသော နိုင်ငံတော်ရန်ပုံငွေ အလုံအလောက်ရှိမှုနှင့် ချက်ချင်းသုံးစွဲနိုင်မှုတို့ ပါဝင်သည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်တိုင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နိုင်ခြေကို ကြုံတွေ့ ရတတ်သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် လွန်စွာအသုံးဝင်သော ရဟတ်ယာဥ်များ အပါအဝင်၊ ကုန်း-ရေ နှစ်မျိုးသွားနိုင်သော ယာဥ်များ၊ ပြင်ညီမဟုတ်သော မြေမျက်နှာပြင်တွင် မောင်းနှင်သွားလာနိုင်ရန် အထူးပြု ထုတ်လုပ်ထားသော ယာဥ်များသည် ဘေးဒုက္ခအတွင်း ကျရောက်ပိတ်မိနေသော ပြည်သူများကို ထိရောက်စွာ ကယ်ဆယ်မည့်လုပ်ငန်းများအတွက် အသက်သွေးကြော ဖြစ်သည်။
သို့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်း အဆင်သင့်ဖြစ်ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့သူ နိုင်ငံခေါင်းဆောင်ကို ဘုရင်ရူး မင်းဆိုးမင်းညစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထောင်သွင်းအကျဥ်းချခဲ့သည်။
မြန်မာပြည်သူများ ရွေးကောက်တင်မြှောက်ခဲ့သော အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေးအန္တရာယ် ကျရောက်ချိန် ခက်ခဲသောနေရာများသို့ အချိန်တို အတွင်းသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို အလျှင်အမြန် လုပ်ဆောင်နိုင်ရန် ရဟတ်ယာဥ်ဝယ်ယူခဲ့မှုကို နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားပြုလုပ်မှုဟု မင်းအောင်လှိုင်က မတရားအမှုဆင်ပြီး တရားစွဲထောင်ချခဲ့သည်။
လက်ရှိဒေါ်အောင်ဆန်းစုကြည် အကျဥ်းကျနေသော နေပြည်တော်အကျဥ်းထောင်သည် ငလျင်ဒဏ်ကို အပြင်းအထန် ကြုံတွေ့ခဲ့သော ဇဗ္ဗူသီရိမြို့နယ်၏အနောက်ဖက်အစွန်း၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးနှင့် ကပ်လျက်တည်ရှိသည်။ ထို့ကြောင့် နေပြည်တော်အကျဥ်းထောင်သည် ငလျင်ဒဏ်ကို သေချာပေါက် ခံစားရ နိုင်သည်။ သို့သော် အကျဥ်းထောင်၏အခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို စစ်ကောင်စီက လုံးဝ သတင်းအမှောင်ချထားသည်။
ဒေါ်အောင်ဆန်းစုကြည်ထူထောင်ခဲ့သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေကို မင်းအောင်လှိုင် ဇီးသီးဗန်းမှောက် သုံးဖြုန်းခဲ့မှု မှတ်တမ်း။
စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာ စီးပွားရေးထိုး၍ကျဆင်းနေခြင်းကို မည်သို့ကြံဆရမှန်းမသိသော မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည် အမျှော်အမြင်ရှိရှိ စီစဥ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြုံတွေ့ ပါက အသင့်သုံးစွဲနိုင်ရန် ထူထောင်ခဲ့သော နိုင်ငံတော်ရန်ပုံငွေ ကျပ်ဘီလီယံ (၄၀၀) ကို စီးပွားရေးဖွံ့ဖြိုးရေး အတွက် သီးသန့်ရန်ပုံငွေအဖြစ် ပြောင်းလဲသုံးစွဲခဲ့သည်။ ယခုစစ်ကိုင်းငလျင်ကို နှဖူးတွေ့ဒူးတွေ့ကြုံရသည့်အခါ ကျပ်ဘီလီယံ (၄၀၀) သည် ဇီးသီးဗန်းမှောက် ပျောက်ဆုံးသွားသလို၊ ရဟတ်ယာဥ်ကိုလည်း ပြည်သူအပေါ် ဗုံးကြဲသည့် စစ်ဆင်ရေးများတွင် အသုံးချနေပုံရပါသည်။
မြန်မာသည် မင်းဆိုးမင်းညစ် “မင်းအောင်လှိုင် အလွန်” နိုင်ငံတော်သစ် တည်ဆောက်နိုင်မှသာ ပြည်သူများ အတွက် အနာဂတ်ရှိမည်ဖြစ်ပြီး၊ ပြည်သူများသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးယူမှသာ ရနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။