အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များနှင့် မော်တော်ယာဉ်များ မြန်မာတွင် တပ်ဆင်ထုတ်လုပ်မည် ဟုဆို

မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များနှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဘီလာရုစ်နိုင်ငံပိုင် BelTA သတင်းဌာနက ဇူလိုင်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံထုတ် လယ်ထွန်စက်များနှင့် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဘီလာရုစ်နိုင်ငံပိုင် BelTA သတင်းဌာနက ဇူလိုင်လ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အဆိုပါ သတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာ- ဘယ်လာရုစ် နှစ်နိုင်ငံ ကုန်ထုတ်လုပ်မှုကဏ္ဍ (စက်မှုကဏ္ဍ)၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံ၏ MTZ (Minsky Traktorny Zavod) ကုမ္ပဏီထုတ် လယ်ထွန်စက်များနှင့် MAZ (Minsky Avtomobilny Zavod) ကုမ္ပဏီထုတ် မော်တော်ယာဉ်များ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်မည်ဟု BelTA ကဆိုသည်။

MTZ ကုမ္ပဏီထုတ် စက်ယန္တရားအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- MTZ

မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အလက်ဇန္ဒား လူကာရှန်ကိုသည် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် စံနမူနာတစ်ခုဖြစ်စေမည့် နှစ်နိုင်ငံဆက်ဆံရေးမျိုးတည်ဆောက်ရန် ဆွေးနွေခဲ့သည်ဟု BelTA က ဖော်ပြသည်။

“ကျွန်တော်တို့ဟာ ဒေသတွင်းက တခြားနိုင်ငံတွေအတွက် စံနမူနာတစ်ခုအဖြစ် သတ်မှတ်ခံရမယ့် နှစ်နိုင်ငံ ဆက်ဆံရေးမျိုးကို အတူတကွ တည်ဆောက်သွားရမှာ ဖြစ်ပါတယ်” ဟု ဘယ်လာရုစ် သမ္မတက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ထိုသို့ ဆက်ဆံရေးတည်ဆောက်ခြင်းသည် “ဘယ်သူ့ကိုမှ ဆန့်ကျင်ဖို့အတွက် အင်အားချင်း ပူးပေါင်းနေတာ မဟုတ်ပါဘူး” ဟုလည်း မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက ပြောကြောင်း BelTA က ဖော်ပြသည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ပူးတွဲလုပ်ငန်းစီမံချက်တွင် ၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ် ကာလအတွင်း လက်တွေ့လုပ်ဆောင်မည့် အဆင့်ဆင့်သော အစီအစဉ်များလည်း ပါဝင်သည်ဟု BelTA က ဖော်ပြသည်။

စစ်ခေါင်းဆောင်ကမူ နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားမည်ဟု စစ်တပ်ထိန်းချုပ် သတင်းစာများက ဖော်ပြသည်။  နှစ်နိုင်ငံ စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်နှင့် ဘယ်လာရုစ်သမ္မတတို့၏ ယခုတွေ့ဆုံမှုသည် ငါးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်။ ဘယ်လာရုစ်သမ္မတ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV သည်လည်း မေလ ၂၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စစ်အုပ်စု ဒုသမ္မတ ဦးညိုစောနှင့် တွေ့ဆုံခဲ့သေးသည်။

ထိုတွေ့ဆုံမှုအတွင်း  နှစ်နိုင်ငံဗဟိုဘဏ်များ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ဗဟိုဘဏ်အချင်းချင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စု ထိန်းချုပ်သတင်းစာများတွင် ဖော်ပြသည်။

ဘယ်လာရုစ်- မြန်မာ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆ သန်းအထိရှိသည်ဟု BelTA က ဖော်ပြသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဘယ်လာရုစ်-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၈ ဒသမ ၆ သန်းရှိခဲ့ပြီး အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ နို့မှုန့်၊ အသား၊ ဆေးဝါးနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ဖြစ်သည်ဟုလည်း BelTA က ဖော်ပြသည်။

ဘယ်လာရုစ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများအတွက် ပိုမိုသိရှိနိုင်ရန် စစ်အုပ်စု ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခြင်းမရှိပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသတွင်း အာဆီယံနိုင်ငံများ အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာလာသည့် စစ်အုပ်စုသည် ရုရှားအပါအဝင် ရုရှား၏ ကျောချင်းကပ် မဟာမိတ်ဖြစ်သော ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လာခဲ့သည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ရုရှားသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပြီး စစ်အုပ်စု ဒုသမ္မတ ဦးညိုစောသည်လည်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်က ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်၏ အကြံပေး H. E. Mr. Anton Kobyakovနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေး၊ သတ္တု၊ ကုန်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍတိုးတက်ရန်တို့ ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စုထိန်းချုပ် သတင်းစာများတွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button