အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ထိပ်သီးညှိနှိုင်းရေးမှူးတွေအဖြစ် ပါဝင် ဆွေးနွေနေးကြတဲ့ အီရန် ထိပ်တန်းအရာရှိတွေကို လုပ်ကြံဖို့ အစ္စရေးက ကြံစည်နေတယ်လို့ အမေရိကန် အရာရှိတွေက သတိပေး ပြောဆိုထားတဲ့အကြောင်း အမေရိကန်အခြေစိုက် Washington post နဲ့ New York Times သတင်းတွေမှာ ဖော်ပြပါတယ်။
အစ္စရေးတို့ လုပ်ကြံမယ့်သူတွေထဲမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီနဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
အစ္စရေးရဲ့ ဒီလိုကြံစည်မှုဟာ အမေရိကန်နဲ့ အီရန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပျက်ပြယ် သွားနိုင်တာကြောင့် အီရန်ကို ကြိုတင်သတိပေးဖို့ ဒေသတွင်းနိုင်ငံတွေကို တောင်းဆိုတဲ့အဆင့်အထိ လုပ်ဆောင်ခဲ့ရတယ်လို့ အမေရိကန် အရာရှိအချို့က ပြောဆိုကြောင်း New York Times သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ်အတွင်း လုပ်ကြံမှုမှာတော့၊ မစ္စတာ ဂါလီဘတ်ဖ် ဦးဆောင်တဲ့ အဆင့်မြင့်အစိုးရအရာရှိများဟာ မြေအောက်ဘန်ကာတစ်ခုအတွင်း လျှို့ဝှက်အစည်းအဝေး လုပ်နေချိန်မှာ အစ္စရေးရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး အဆောက်အအုံ အပျက်အစီးအောက်က ကယ်ထုတ်ခဲ့ရတယ်လို့ အီရန်အရာရှိတွေက ပြောပါတယ်။
ပြီခဲ့တဲ့ ဇွန်လအတွင်းမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရေးနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဆက်ဆွေးနွေးမည့် အချက်တွေကိုလည်း အကြမ်းဖျင်း သတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။
အမေရိကန်နဲ့ အီရန်တို့ရဲ့ အဲဒီသဘောတူညီချက်ကြောင့် အီရန်နိုင်ငံအတွင်းကို ဒေါ်လာဘီလီယံပေါင်းများစွာ စီးဝင်သွားစေနိုင်ပြီး အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေကို ထိထိရောက်ရောက် မကန့်သတ်နိုင်ဘဲ နျူကလီးယားစီမံကိန်းတွေ အမြန် ပြန်လည် တည်ဆောက်ခွင့် ရသွားမှာကို အစ္စရေးအရာရှိများက စိုးရိမ်နေကြတာ ဖြစ်တယ်လို့လည်း New York Times သတင်းမှာ ဖော်ပြထားပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



