အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေလီ- ကျယ်ဂေါင်တွင် အထောက်အထားမဲ့မြန်မာဖမ်းပွဲ တရုတ်အာဏာပိုင်တို့ဆင်နွှဲ

ရွှေလီ-ကျယ်ဂေါင်မြို့များတွင် ခိုလှုံနေသည့် နေထိုင်ခွင့်အထောက်အထားမဲ့မြန်မာအနည်းဆုံး ၅၀,၀၀၀ သည် ပစ်မှတ်ထားဖမ်းဆီးခံရရန်ရှိကြောင်း တရုတ်အာဏာပိုင်များက နေပြည်တော်ကို အကြောင်းကြားထားသည်။

ရွှေလီ- ကျယ်ဂေါင်မြို့များတွင် ခိုလှုံနေသည့် နေထိုင်ခွင့်အထောက်အထားမဲ့မြန်မာများကို ပိုက်စိပ်တိုက်ရှာဖွေပြီး မြန်မာပြည်ပြန်ပို့မည့် စစ်ဆင်ရေးကို တရုတ်အာဏာပိုင်များက အရှိန်မြှင့်လုပ်ဆောင် နေသည်ဟု တရုတ်နယ်စပ်မှ သတင်းအရင်းအမြစ်များက ပြောသည်။

အခြားတစ်ဖက်တွင် တရုတ်အစိုးရသည် နယ်စပ်မှတဆင့် တရုတ်ပြည်ထဲသို့ နောက်ထပ်ဝင်ရောက်မည့်သူများကို ကန့်သတ်ရန် ဖိအားပေးနေသည်ဟု နေပြည်တော်၌ ဇွန်လ ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးမင်းအောင်လှိုင်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်ကပြောသည်။ 

မြန်မာနှင့်တရုတ်အကြား ၁၉၉၇ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်အရ မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမလိုဘဲ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံထဲသို့ ခြောက်ညအိပ်၊ ခုနစ်ရက်အထိသွားလာခွင့်ရှိသည်။ 

သို့ရာတွင် တရုတ်နယ်စပ် မူဆယ်ခရိုင်တွင်နေထိုင်သူများသည် BP ဟုခေါ်သည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ရရှိပြီး၊ မူဆယ်ခရိုင်မှလွဲ၍ ကျန်ဒေသများတွင်နေထိုင်သည့် မြန်မာများသည် TBP ဟုခေါ်သည့် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ရရှိသည်။ 

BP သည်တစ်နှစ်သက်တမ်းရှိ၍ အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရပြီး TBP သည် တစ်ကြိမ်သာသုံးစွဲခွင့်ရှိသည်။ ယင်းလက်မှတ်နှစ်မျိုးလုံးသည် ဆေးကုသခွင့်နှင့် အလည်အပတ်အတွက်သာဖြစ်ပြီး အလုပ်လုပ်ခွင့်မရှိပါ။

တရုတ်ပြည်သို့ဝင်ရောက်လျှင် BP နှင့် TBP လက်မှတ်ထုတ်ပေးသည့် မူဆယ်မှ လူဝင်မှုကြီးကြပ်ရေးရုံး။ (ဓာတ်ပုံ – စစ်တပ်ထိန်းချုပ် MOI)

တရုတ်အစိုးရသည် နေပြည်တော်အပြင် ၎င်းတို့သြဇာညောင်းသည့် မြန်မာ- တရုတ်နယ်စပ်မှ လူမျိုးစု လက်နက်ကိုင် တပ်များဖြစ်သည့် MNDAA ကိုးကန့်တပ်၊ UWSA ‘ဝ’ တပ်နှင့် NDAA မိုင်းလားတပ်များ ထိန်းချုပ်ဒေသတွင် နေထိုင်သူများကိုလည်း တစ်နှစ်သက်တမ်းရှိ BP အဆင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးသည်ဟု Myanmar Now ကစုံစမ်းသိရှိရသည်။

မူဆယ်ခရိုင်အတွင်းရှိ BP ဟုခေါ်သည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာ ၅၀,၀၀၀ ကျော်သည် နေထိုင်ခွင့် ကုန်ဆုံးသော်လည်း မြန်မာပြည်မပြန်ဘဲ တရုတ်နိုင်ငံထဲတွင် တရားမဝင်နေထိုင်၊ အလုပ်လုပ်နေသည်ဟု တရုတ်ဘက်က အသိပေးထားကြောင်း  ဦးမင်းအောင်လှိုင်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ဇွန်လ ၂၅ ရက် လွှတ်တော်အစည်းအဝေးတွင် ပြောသည်။ သို့သော် သက်တမ်းလွန် TBP ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်သူနှင့် မည်သည့်အထောက်အထားမျှ မရှိဘဲနေထိုင်သူအရေအတွက် မည်မျှရှိသည်ကိုမူ တိတိကျကျမသိရပါ။ 

တရုတ်အာဏာပိုင်များ၏ လူဖမ်းပွဲသည် ဇွန်လလယ်ခန့်တွင် စတင်ပြီး ရွှေလီနှင့်ကျယ်ဂေါင်မြို့တို့မှ စက်ရုံအလုပ်ရုံများ၊ လူနေအိမ်များနှင့် လမ်းဆုံလမ်းခွများတွင် ရဲများဖြင့်ပြည့်နေသည်ဟု ရွှေလီရောက် မြန်မာများထံက သိရသည်။ 

“နေထိုင်ခွင့်လက်မှတ်မပြနိုင်ရင် တစ်ခါတည်းရဲစခန်းကို ခေါ်သွားတယ်”  

“အခုက အခန်းထဲကနေ အပြင်တောင် မထွက်ရဲကြဘူး” ဟု ရွှေလီရောက် မြန်မာနိုင်ငံသား ကိုဝင်း (အမည်လွှဲ) က ပြောသည်။ 

ခြွင်းချက်အနေဖြင့် တရုတ်လုပ်ငန်းရှင်များက ထောက်ခံချက်ပေးထားသော စက်ရုံနှင့်အလုပ်ရုံများကို ရဲများက ဝင်ရောက်ရှာဖွေခြင်းမရှိဘဲ ကင်းလွတ်ခွင့်ပေးထားသည်ဟုလည်း Myanmar Now က ဆက်သွယ်မေးမြန်းခွင့် ရခဲ့သည့် ကျယ်ဂေါင်မှ မြန်မာလုပ်သားကဆိုသည်။

“အထည်ချုပ်စက်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေမှာတော့ တရုတ်လုပ်ငန်းရှင်တွေရဲ့ ထောက်ခံချက်နဲ့ ခေါ်ထားတဲ့သူတွေ ရှိတယ်။ သူတို့ကိုတော့ စက်ရုံထဲဝင်ပြီး ဖမ်းတာမျိုးမရှိဘူး။ ဒါပေမဲ့ အဲဒီလူတွေလည်း အပြင်ထွက်လို့မရဘူး။ အပြင်ထွက်ပြီး တစ်ခုခုဖြစ်လို့ တရုတ်ရဲနဲ့တိုးပြီး အဖမ်းခံရရင် အလုပ်ရှင်က အာမမခံပေးနိုင်ဘူး။ အဖမ်းခံရတာပဲ” ဟု ကျယ်ဂေါင်မြို့တွင် တစ်နှစ်နီးပါး လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားက ဆိုသည်။

ဖမ်းဆီးခံရသူများကို ရွှေလီမြို့ရှိ ရဲစခန်းများတွင် ခေါ်ယူစစ်ဆေးပြီး ထိုမှတဆင့် အချုပ်ထောင်များသို့ ပို့ဆောင်လိုက်သည်ဟု ရွှေလီမြို့ခံများကဆိုသည်။ အချုပ်ထောင်ရောက် မြန်မာအရေအတွက်နှင့် ၎င်းတို့၏အနာဂတ်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

တရုတ်နိုင်ငံတွင်း တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးထောင်ချနိုင်သည့် ပြစ်ဒဏ်များအကြောင်း “ပေါက်ဖော်” သတင်းဌာနက မြန်မာ-တရုတ် နှစ်ဘာသာဖြင့် ၎င်းတို့၏ Facebook စာမျက်နှာမှတဆင့် ဇူလိုင်လ ၁ရက်တွင် အသိပေးခဲ့သည်။ ယင်းသတင်းဌာနသည် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ အစိုးရပိုင် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန လက်အောက်ခံ တက်ဟုန်းမီဒီယာအုပ်စုက မြန်မာဘာသာဖြင့် ထုတ်ဝေနေသည့် တရုတ်သတင်းဌာနဖြစ်သည်။

 “ပေါက်ဖော်” သတင်းဌာန၏အဆိုအရ တရုတ်နိုင်ငံ၏ဥပဒေသည် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းအတွက် ယွမ် ၅၀ဝ၀ မှ ယွမ် ၂၀,ဝ၀ဝ၊ တရားမဝင် နေထိုင်ခြင်းအတွက် တစ်ရက်လျှင် ယွမ် ၅၀ဝ နှုန်းဖြင့် စုစုပေါင်း ယွမ် ၁၀,ဝ၀ဝ ထက် မပိုသည့်ဒဏ်ငွေ၊ တရုတ်ပြည်ထဲသို့ တရားမဝင် ဝင်ရောက်ခြင်းအတွက်ယွမ် ၂ဝဝဝ မှ ယွမ် ၁ဝ,ဝဝဝ အထိ ဒဏ်ငွေများရိုက်နိုင်သည်။ ထိုပြစ်မှုသုံးခုလုံးစီတွင် အနည်းဆုံး ငါးရက်မှ အများဆုံး ၁၀ ရက်အထိ ဖမ်းဆီးထားနိုင်သည့် သတ်မှတ်ချက်နှင့် ပြည်နှင်ဒဏ်၊ ပြည်ဝင်ခွင့်ပိတ်သည့်ဒဏ်များလည်း ရှိသည်ဟုဆိုသည်။

ထိုပြစ်မှုသုံးခုအနက် အမြင့်ဆုံးဒဏ်ကြေးဖြစ်သည့် ယွမ် ၂၀,ဝ၀ဝ သည် မြန်မာငွေကျပ် သိန်း ၁၃၀ ခန့်အထိရှိသည်။ ယင်းပမာဏသည် စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသမ္မတရသည့် လစာ ကျပ်သိန်း ၅၀ ၏ နှစ်ဆခွဲကျော်ဖြစ်သည်။

 မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ ကူးသန်းသွားလာသူတို့ အသုံးပြုသည့် နန်းတော်ဂိတ်ရှေ့ မြင်ကွင်း။ (ဓာတ်ပုံ – Myanmar Now)

တရုတ်အစိုးရ၏ တင်းကျပ်သည့် နယ်စပ်ဖြတ်ကျော်မူဝါဒနှင့် မြန်မာတို့အတွက် ကြီးလေးသည့် ပြစ်ဒဏ်များရှိသည့်တိုင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာသည့် မြန်မာပြည်သားများသည် တရုတ်ဘက်သို့ နည်းမျိုးစုံဖြင့် ဝင်ရောက်နေကြသည်ဟု မူဆယ်မြို့ခံအချို့ကဆိုသည်။

“တစ်ခါသုံးကတ် (TBP) က လွယ်လွယ်နဲ့ မရတော့ဘူး။ စစ်မှုထမ်းဥပဒေအရ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်၊ အမျိုးသားဆိုရင် ၁၈ နှစ်ကနေ ၃၅ နှစ် အထိကို ကတ်ထုတ်မပေးဘူး။ တရုတ်ဘက်က လုပ်ငန်းခွင်တွေမှာ လူလိုတာကလည်း အဲဒီအသက်အရွယ်တွေပဲ ဖြစ်နေတော့ လူငယ်တွေက နယ်စပ်ခိုးပေါက်တွေကနေပဲ စွန့်စားဝင်နေကြရတာ” ဟု မူဆယ်မြို့ခံ အမျိုးသမီးတစ် ဦးက မြေပြင်အခြေအနေကို ရှင်းပြသည်။

တစ်ဖက်တွင်လည်း တရုတ်လုပ်ငန်းရှင်များအတွက် လိုအပ်သည့် လုပ်သားအင်အားကို လူပွဲစားများနှင့် တရားမဝင်အေဂျင်စီများက လမ်းစရိတ်ကြိုတင်ထုတ်ပေးသည့်စနစ်ဖြင့် ပြည်တွင်းမှ လူငယ်များကို စည်းရုံးခေါ်ယူ နေကြသည်။ 

လုပ်ခအဖြစ် စက်ရုံအလုပ်သမားတစ်ဦးလျှင် တရုတ်ယွမ် ၁,၂၀၀ မှ ၃,၀၀၀ ဝန်းကျင် (မြန်မာငွေ ကျပ် ရှစ်သိန်းမှ သိန်း ၂၀ ဝန်းကျင်) အထိ ရရှိမည်ဖြစ်ပြီး လမ်းစရိတ်နှင့် စာရွက်စာတမ်းကြေးများကို ပွဲစားများက စိုက်ထုတ်ပေး၍ အလုပ်သမားများ၏ လစာထဲမှ ပြန်လည်ဖြတ်တောက်မည့် စနစ်ဖြင့် ကြေညာခေါ်ယူနေခြင်း ဖြစ်သည်။

မူဆယ်မြို့သို့ ရောက်ရှိလာသည့် အလုပ်သမားများကို နယ်စပ်ခိုးပေါက်များမှတဆင့် ပို့ဆောင်ပေးသကဲ့သို့ တရုတ်လုပ်ငန်းရှင်များ၏ အလုပ်ခေါ်စာများ ကို အလုပ်သမားများထံ တဆင့်ပြန်လည်ရောင်းချ၍ ပို့ဆောင်ပေးနေသည့် လူပွဲစားများလည်း ရှိနေသည်။ 

ခိုးပေါက်များမှ တဆင့် ဝင်ရောက်လိုလျှင် လူပွဲစားများကို တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀၀ မှ ၃၀၀၀ (မြန်မာငွေကျပ် ခြောက်သိန်းမှ သိန်း ၂၀ ဝန်းကျင်)အထိ ပေးဆောင်ရသည်ဟု  ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံက သိရသည်။

လတ်တလောတွင် တရုတ်ဘက်က ဥပဒေကြောင်းအရ တင်းကျပ်မှုများ ရှိနေသဖြင့် ခိုင်မာသည့် အဆက်အသွယ်နှင့် အထောက် အထားမရှိဘဲ တရုတ်နိုင်ငံဘက်သို့ စွန့်စားမလာကြရန် မူဆယ်နှင့် ရွှေလီမြို့ရှိ မြန်မာအလုပ်သမား အရေး ကူညီပေးနေသူများက တိုက်တွန်းထားသည်။

“ဘယ်လောက်ပဲ ဖမ်းဖမ်း ပွဲစားတွေကတော့ နည်းမျိုးစုံနဲ့ စည်းရုံးခေါ်နေကြ ဦးမှာပဲ။ တချို့ဆို အထည်ချုပ် စက်ရုံဆိုပြီး ခေါ်လာပြီးမှ စိုက်ခင်းတွေထဲ ပို့လိုက်တာ၊ သစ်ခုတ်ခိုင်းတာမျိုးတွေ ရှိတယ်။ ဒါကြောင့် မလာခင် သေချာစုံစမ်းဖို့နဲ့ စိတ်ချရတဲ့ အဆက်အသွယ်ရှိမှ လာဖို့လိုတယ်” ဟု အမည်မဖော်လိုသည့် မူဆယ်မြို့ခံ အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက သတိပေးသည်။

ရွှေလီမြို့ဧရိယာထဲရှိ ဝမ်တိန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် ဇွန်လအတွင်း အလုပ်ရှင်နှင့်ပြဿနာတက်၍ အလုပ်ထွက်သည့် မြန်မာအလုပ်သမား ၈၀ ကို အလုပ်ရှင်က အလုပ်ထွက်ခွင့်ပေးပြီးမှ ရဲကို လက်တို့ခဲ့သဖြင့် ယခု ထိုအလုပ်သမားများ အချုပ်အနှောင်ခံထားရကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

လတ်တလောတွင် တရုတ်ဘက်က ဖမ်းဆီးပြည်နှင်လိုက်သည့် မြန်မာလုပ်သားများနှင့် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းနေသည့် လူငယ်ထောင်နှင့်ချီသည် မူဆယ်မြို့ပေါ်၌ သောင်တင်နေပြီး စားဝတ်နေရေးနှင့်နေရာထိုင်ခင်း အတွက် ဒုက္ခရောက်နေကြသူ အများအပြားရှိနေသည်။ 

၎င်းတို့အနက် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသူများနှင့် ရိက္ခာပြတ်လပ်နေသူများကို ဒေသခံပရဟိတအဖွဲ့များနှင့် မြို့ခံများက တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပေးနေရသည်။

လက်ရှိကာလတွင် တရုတ်အစိုးရဘက်က ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ရှေ့လျှောက် ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ပိုမိုများပြားလာနိုင်သည်ဟု မူဆယ်နှင့် ရွှေလီကျယ်ဂေါင်မြို့များရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက သတိပေးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button