အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေလီ အထည်ချုပ်စက်ရုံမှ ဖမ်းဆီးခံမြန်မာအလုပ်သမား ၈၀ အထိ ရှိလာ

ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမား ၅၀ နည်းတူ ယခုတဖန် အလုပ်ထွက်သည့် လူ ၃၀ ကိုလည်း တရုတ်အလုပ်ရှင်က ကြည်ကြည်ဖြူဖြူ အလုပ်ထွက်ခွင့်ပေးပြီးနောက် ရဲကို လက်တို့ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ပြီးကတည်းက တရုတ်ဘက်ခြမ်းရှိ တရားဝင်အလုပ်လုပ်ခွင့်မဲ့ မြန်မာအလုပ်သမားများကို ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် မြန်မာအလုပ်သမားများ ဒုတိယအသုတ် အမြောက်အမြား အလုပ်ထွက်ကြပြီးနောက် တရုတ်ရဲက ချက်ချင်း ဖမ်းဆီးသည်ကို ခံလိုက်ရသဖြင့် အချုပ်အနှောင်ခံထားရသူ မြန်မာအလုပ်သမား စုစုပေါင်း ၈၀ အထိ ရှိလာပြီဟု အလုပ်သမားနှင့် အလုပ်သမားအရေးဆောင်ရွက်သူများက Myanmar Now ကို ပြောသည်။

မြန်မာနှင့်နယ်စပ်မြို့ဖြစ်သော ယူနန်ပြည်နယ် ရွှေလီမြို့ဧရိယာ ဝမ်တိန်မြို့ရှိ Xinqiang Garment Co., Ltd (ရှင်းကျန်း အထည်ချုပ် ကုမ္ပဏီလီမိတက်) မှ မြန်မာအလုပ်သမား ၅၀ သည် ယခုလ အစောပိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ထိုစက်ရုံမှ နောက်ထပ် အလုပ်သမား ၃၀ တို့သည် အချိန်ပိုကြေးမရခြင်း၊ အလုပ်ချိန် သတ်သတ်မှတ်မှတ် မရှိခြင်းတို့ကြောင့် ယခုလ ၁၆ ရက်တွင် အလုပ်ထွက်ခွင့်ရရန်တောင်းဆိုခဲ့ကြသည်။ စက်ရုံဘက်က ကနဦး အလုပ်ထွက်ခွင့်ပေးသော်လည်း တရုတ်ရဲက ချက်ချင်း လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းတို့ကပြောသည်။ 

“၁၅ ရက်နေ့ လစာထုတ်တော့ လစာတွေကွာတာ၊ အချိန်ပိုကြေး (OT)တွေ မရတာကြောင့် နောက်ရက်ကျတော့ ထပ်ပြီးထွက်ကြတာ။ အယောက် ၃၀ ထွက်တယ်။ သူဌေးက ထွက်ခွင့်ပြုတယ်။ ကားနဲ့ ထွက်သွားကြတာ ရဲစခန်းရောက်ပြီးတော့ အဖမ်းခံလိုက်ရတယ်ဆိုတာပဲ သိရတော့တယ်။ ဘာသတင်းမှ မကြားရတော့ဘူး” ဟု အဆိုပါစက်ရုံမှ အလုပ်ထွက်ခဲ့ပြီး နေမကောင်းသဖြင့် မြန်မာပြည် ပြန်ပို့ပေးခံခဲ့ရသည့် အထည်ချုပ်အမျိုးသမီးတစ်ဦးက ပြောသည်။

အလုပ်ထွက်ခဲ့သည့် မြန်မာလုပ်သားအများစုမှာ စက်ရုံ၏ အထည်ဖြတ်ညှပ်သည့် အပိုင်း (Cutting Department) မှ အများဆုံး ဖြစ်သည်ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း)နှင့် နယ်စပ်ကပ်လျက် ဝမ်တိန်မြို့တွင် တည်ရှိသော အဆိုပါ အထည်ချုပ်စက်ရုံမှာ ဂါဝန်နှင့် ဘောင်းဘီစသည့် အထည်အလိပ်များကို တရုတ်ပြည်တွင်းနှင့် ပြည်ပဈေးကွက်များအတွက် အဓိကထုတ်လုပ်သည်။ အဆိုပါစက်ရုံသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများဖြင့် အဓိကလုပ်ငန်းလည်ပတ်နေခြင်း ဖြစ်သည်။

စက်ရုံတွင် ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီးတို့မှ လာရောက်သည့် မြန်မာအလုပ်သမား ၃၀၀ နှင့်  ၄၀၀ ကြား လုပ်ကိုင်နေပြီး တရုတ်လူမျိုး ကြီးကြပ်ရေးမှူး ခုနစ်ဦးပါဝင်သော စီမံခန့်ခွဲမှုအဖွဲ့က တိုက်ရိုက်ကိုင်တွယ် နေသည်ဟု မြန်မာအလုပ်သမားများက ဆိုသည်။

ယခုဖြစ်ရပ်သည် တစ်လအတွင်း ဒုတိယအကြိမ် ပေါ်ပေါက်ခြင်းဖြစ်သည်။ မခံနိုင်၍ ထွက်ပြေးရန် ကြိုးစားသည့် လုပ်ဖော်ကိုင်ဖက် မြန်မာသုံးဦး အပြင်းအထန် ဒဏ်ရာရသည်အထိ စက်ရုံလုံခြုံရေး၏ ရိုက်နှက်ခံရမှုကို အကြောင်းပြု၍ ဇွန်လ ၃ ရက်တွင် မြန်မာ အလုပ်သမား ၅၅ ဦးတို့က အလုပ်ထွက်ခဲ့သည်။ စက်ရုံဘက်က နားလည်မှုဖြင့် ထို ၅၅ ဦးကို တရုတ်ရဲလက် အပ်ခဲ့သည်။

အဆိုပါ ၅၅ ဦးအနက် ကိုယ်ဝန်ဆောင်နှင့် ကျန်းမာရေးမကောင်းသူ ငါးဦးကိုသာ နယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လွှတ်ပေးခဲ့သည်။ ကျန်အလုပ်သမား ၅၀ ကို တရုတ် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရွှေလီရှိ အကျဉ်းထောင်တစ်ခုသို့ ပို့ဆောင် ထားသည်ဟု အလုပ်သမားများ လွတ်မြောက်ရေးအတွက် ကူညီပေး နေသူများက ပြောသည်။ ဇွန်လ ၁၆ ရက်တွင် ထပ်မံဖမ်းဆီးခံရသည့် အလုပ်သမား ၃၀ နှင့်ပေါင်းလျှင် လတ်တလော ဖမ်းဆီးချုပ်နှောင်ခံ မြန်မာအလုပ်သမား ၈၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။

အဆိုပါအထည်ချုပ်စက်ရုံ၏ လုပ်ရပ်မှာ နောက်ထပ်အလုပ်သမားများ ထပ်မံအလုပ်မထွက်ရဲစေရန် တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကို လက်နက်သဖွယ်သုံး၍ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရွှေလီမြို့ရှိ အလုပ်သမားအချို့က မှတ်ချက်ပြုသည်။

“ဒီမှာက နေထိုင်ခွင့်က (နယ်စပ်ဖြတ်ကျော်ဗီဇာအရ) တစ်ပတ်ပဲရတာ။ အလုပ်ရှင်က ထောက်ခံပေးလို့သာ (အခုလို ကာလရှည်) နေလို့ရတာ။ အဲဒီတော့ ‘ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်၊ အလုပ်ထွက်ရင် ထောင်ထဲပို့မယ်’ ဆိုတဲ့ သဘောမျိုးနဲ့ လုပ်ပြနေတာလို့ မြင်တယ်” ဟု အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ရွှေလီမြို့ရှိ အလုပ်သမားတစ်ဦးက ပြောသည်။

‘Ruili City Xinqiang Garment Co., Ltd.’ သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားအများစုသည် တရားမဝင်အေဂျင်စီများနှင့် ချိတ်ဆက်လာကြသူများ ဖြစ်သည်။ ပွဲစားခအဖြစ် အလုပ်သမားတစ်ဦးလျှင် တရုတ်ယွမ်ငွေ ၅,၈၀၀ (ကျပ်သိန်း ၄၀ ခန့်) ပေးချေရပြီး စက်ရုံသို့ တိုက်ရိုက်ရောက်ရှိရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပွဲစားခများကို အေဂျင်စီများက ကြိုတင်စိုက်ထုတ်ပေးထားခြင်းကြောင့် စက်ရုံဘက်က အကြွေးဆပ်ရန်အတွက် အလုပ်သမားတစ်ဦးချင်းစီ၏ လစဉ်လစာငွေထဲမှ ယွမ် ၇၀၀ စီ ဖြတ်တောက်ခဲ့သည်။ 

မြန်မာအလုပ်သမားတစ်ဦး၏ အခြေခံလစာမှာ တစ်လလျှင် ယွမ် ၁,၂၀၀ (ကျပ်ရှစ်သိန်းဝန်းကျင်) သာရှိပြီး ကျွမ်းကျင်လုပ်သားဖြစ်လျှင် ယွမ် ၁,၈၀၀ (ကျပ် ၁၂ သိန်းဝန်းကျင်) ရရှိသည်။ သို့သော်လည်း စက်ရုံဘက်က အကြောင်းပြချက်မျိုးစုံ၊ ဒဏ်ကြေးအမျိုးမျိုးနှင့် ခရီးစရိတ်များ ဖြတ်တောက်ခြင်းကြောင့် လက်ကျန်လုပ်ခလစာ အနည်းငယ်သာ ရရှိကြသည်ဟု အလုပ်သမားများက ပြောသည်။

မြန်မာပြည်တွင်းရှိ အလုပ်သမားအရေး အဖွဲ့အစည်းများဘက်ကလည်း ဖမ်းဆီးခံအလုပ်သမားများ ပြန်လည်လွတ်မြောက်ရေး နည်းလမ်းများကို စဉ်းစားနေကြသည်။

“သူတို့ကို ပို့တဲ့ပွဲစားကနေတဆင့် လိုက်ရမှာ။ အဖမ်းခံရတဲ့သူတွေ ပြန်လွတ်ဖို့ အတွက်က လူ/ကုန်/တား (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့) ကနေတဆင့် လိုက်ဖို့လုပ်နေတယ်” ဟု အမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက် အထည်ချုပ်အလုပ်သမားအရေး ကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now က ရန်ကုန်ရှိ တရုတ် သံရုံးထံသို့ အီးမေးလ်ပေးပို့ မေးမြန်းခဲ့သော်လည်း သတင်းရေးသားဖော်ပြသည့် အချိန်အထိ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါ။ ထို့ပြင် သက်ဆိုင်ရာ စက်ရုံစီမံခန့်ခွဲသူများကိုလည်း ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ 

တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်မြို့များရှိ အထည်ချုပ်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စက်ပစ္စည်းစက်ရုံများတွင် နှစ်စဉ် မြန်မာနိုင်ငံသား တစ်သိန်းနှင့်အထက် လာရောက်အလုပ်လုပ်ကိုင်လေ့ရှိသည်။ ၎င်းမြို့များရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထား ပိုက်စိပ်တိုက်ဖမ်းဆီးမှုများ အရှိန်မြှင့်လာချိန်တွင် အထက်ပါဖြစ်စဉ်ကဲ့သို့ အလုပ်ရှင်နှင့်အဆင်မပြေသည့် မြန်မာလုပ်သားများ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သမ္မတရာထူးယူထားသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ယခုလ အစောပိုင်းတရုတ်နိုင်ငံခရီးစဉ်အပြီး လလယ်ပိုင်းမှစတင်၍ ရွှေလီနှင့် ကျယ်ဂေါင်မြို့တို့တွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအား တရုတ်ရဲများက ယခင်ထက် ပိုမိုတင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

သို့ဖြစ်၍ ရွှေလီနှင့် ကျယ်ဂေါင်မြို့အတွင်းရှိ မြန်မာလုပ်သားများအနေဖြင့် သတိဖြင့်နေထိုင် သွားလာကြရန် အလုပ်သမားအချင်းချင်း အသိပေးနှိုးဆော်နေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button