စစ်ဗိုလ်ချုပ်များ၊ စစ်တပ်အရာရှိများနေထိုင်ပြီး လုံခြုံရေးတင်းကျပ်ထားသည့် နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ အမျိုးသားနှစ်ဦးကို လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ကိုယ်ဝန်ဆောင် သေဆုံးစေမှု စသော ပုဒ်မများဖြင့် သေဒဏ် အပါအဝင် ထောင်ဒဏ် နှစ် ၇၀ သီးခြားစီ ကျခံစေရန် တရားရုံးက ဇန်ဝါရီလ ၂၈ ရက်နေ့တွင် အမိန့်ချလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်း ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်သူ မအိအိငြိမ်းသည် ယောက္ခမနေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း လာရောက်ချိန် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်မြို့ရှောင်လမ်း V4 လမ်းဆုံ၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ထို့နောက် ညနေ ၆ နာရီခွဲအချိန်တွင် ငန်းစပ်ကျေးရွာ၊ V4 လမ်း၊ ရွှေနံ့သာ သားသတ်ရုံအနီး ကားလမ်း အရှေ့ဘက်ခြမ်း ချုံတောအတွင်း ဒဏ်ရာများဖြင့် မအိအိငြိမ်း သေဆုံးနေသည် တွေ့ရှိရပြီး ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသူ မအိအိငြိမ်းထံတွင် ကိုယ်ဝန်ရှိနေပြီး လနုသေးသည်ဟုသာ နေပြည်တော် တရားရေးအသိုင်းအဝိုင်းထံက သိရပြီး လအတိအကျ မသိပေ။
ထို့နောက် စက်တင်ဘာလအတွင်း ဆိုင်ကယ်နှင့် ဆက်စပ်၍ ကျုးလွန်သူများနှင့် ဆက်စပ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်က ယမန်နေ့က ထုတ်ပြန်သည်။
အဆိုပါအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်သူ နှစ်ဦးနှင့် ဆက်စပ်ပါဝင်သူ သုံးဦးတို့ကို ဖမ်းဆီးရမိထားပြီး ကျူးလွန်သူ နှစ်ဦးအား မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သည့် သေဒဏ်နှင့် ဆက်စပ်သူများအား ထောင်ဒဏ် သုံးနှစ်နှင့် ခြောက်လစီ ကျခံစေရန် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဥတ္တရသီရိခရိုင်တရားရုံးမှ ချမှတ်ခဲ့သည်ဟု ပါရှိသည်။
စစ်ဆေးချက်အရ မအိအိငြိမ်း မောင်းနှင်လာသည့် ဆိုင်ကယ်အား တားဆီးပြီး ဖမ်းဆီးအဓမ္မပြုကျင့်စဉ် ရုန်းကန်ထွက်ပြေးခဲ့၍ သစ်သားတုတ်ဖြင့် လည်ပင်းနှင့် ဦးခေါင်းအား ရှစ်ချက်ရိုက်နှက်ခဲ့ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် သေဆုံးသူထံမှ ရွှေလက်စွပ်တစ်ကွင်း၊ ရွှေနားကပ်တစ်ရန်နှင့် ဆိုင်ကယ် ယူဆောင်ခဲ့ကြောင်း ယင်းအမျိုးသားနှစ်ဦးက ထွက်ဆိုသည်ဟု ဖော်ပြသည်။
ဇဗ္ဗူသီရိမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သူ အသက် ၄၃ နှစ်အရွယ် သိန်းဇော် (ခ) ကိုသိန်း၊ အသက် ၂၃နှစ်အရွယ် သောင်းဝင်းအောင်(ခ)ချစ်ဖူး တို့က ကျူးလွန်ခဲ့ပြီး ၎င်းတို့ကို ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ (၁)(ဂ)အရ သေဒဏ်၊ လုယက်မှု ပုဒ်မ ၃၉၄ အရ ထောင်ဒဏ် နှစ် ၂၀၊ မုဒိမ်းမှုဆိုင်ရာ ပုဒ်မ ၃၇၆(၁)အရ ထောင်ဒဏ် နှစ် ၂၀ နှင့် ပုဒ်မ ၃၇၇ အရ ထောင်ဒဏ် နှစ် ၂၀၊ ကိုယ်ဝန်ဆောင်မိခင် သေဆုံးစေမှု ပုဒ်မ ၃၁၆ အရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များအား သီးခြားစီကျခံစေရမည် ဖြစ်သည်။
သေဒဏ်အပြင် ထောင်ဒဏ် သီးခြားစီ ချမှတ်ခြင်းသည် သေဒဏ်ကို အယူခံဝင်ကာ လွတ်မြောက်အောင် လုပ်ပါက ထပ်မလွတ်မြောက်အောင် ထောင်ဒဏ်ပါ ချလိုက်ခြင်း ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။
“ သေဒဏ်မချသေးသရွေ့ အပြင်မှာလည်းအသက်ရှင်ခွင့်မရှိအောင် အခုလို အမိန့်ချတာ၊ သူ အသက်ရှင်နေသရွေ့ ပြစ်ဒဏ် မချမမှတ်ချင်း၊ အပြင်လောကမှာ နေမရအောင် အခုလို လွတ်ငြိမ်းနဲ့လည်း မလွတ်အောင် သက်တမ်းနဲ့အညီ အမိန့်ချလိုက်တာ” ဟု ထိုရှေ့နေက ဆိုသည်။
ရွှေထည်ပစ္စည်းနှင့် ဆိုင်ကယ်အား ရောင်းချဖျောက်ဖျက်ရာတွင် ပါဝင်သူ သုံးဦးဖြစ်သည့် ၂၇ နှစ်အရွယ် အောင်ကိုဦး(ခ) ဘယ်ကြီး၊ ၄၁ နှစ်အရွယ် နန်းရွှေစင်(ခ) ကုလားမ ၊ ၄၄ နှစ်အရွယ် အောင်ဇော်(ခ) ကိုဇော် တို့အား ခိုးရာပါပစ္စည်း ဖျောက်ဖျက်ရာတွင် ကူညီမှု ရာဇတ်ကြီးဥပဒေ ပုဒ်မ ၄၁၄ အရ ထောင်ဒဏ် သုံးနှစ်၊ ပြစ်မှုကို သိလျက်နှင့် သတင်းပေးရန် ပျက်ကွက်မှု ရာဇသတ်ကြီး ပုဒ်မ ၂၀၂ အရ ထောင်ဒဏ် ခြောက်လစီ သီးခြားချမှတ်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
သတ်ဖြတ်ခံရသည့် V4 လမ်းသည် လူပြတ်လပ်သည့်နေရာတစ်ခုဖြစ်ပြီး တစ်ရွာနှင့် တစ်ရွာသွားလာသည့် လူအနည်းငယ်သာရှိပြီး နေ့ခင်းနှင့်ညနေတွင် လမ်းသွားလမ်းလာ မရှိတတ်ကြောင်း ဥတ္တရသီရိ မြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်ဂိတ်လည်းမရှိဘူး၊ ဂိတ်က V4 နဲ့ တောင်ညိုလမ်းဆုံနားမှာပဲရှိတာ၊ ခုဖြစ်တဲ့နေရာက ဘေးနားမှာလည်း ချုံတွေချည်းပဲ။ ရွာတွေကလည်း ဝေးတယ်၊ ရှိတဲ့ကြက်ခြံတွေကလည်း လမ်းမကြီးနဲ့ ဝေးတယ်၊ လူသွားလူလာမရှိတော့ အဲဒီလမ်းကိုက သိပ်မသုံးကြဘူး” ဟု ၎င်းက ဆိုသည်။
ထိုအမှုတွင် ဆက်စပ်ပါဝင်သူ အသက် ၄၁ နှစ်အရွယ် နန်းရွှေစင်(ခ) ကုလားမထံတွင် အသက် တစ်နှစ် ကျော်အရွယ် ကလေးတစ်ဦးရှိပြီး နေပြည်တော်အကျဉ်းထောင်ထဲတွင် ၎င်းမိခင်နှင့်အတူ နေထိုင်ရကြောင်း ယင်းအခြေအနေ သိရှိသူ တရားရေးအသိုင်းအဝိုင်းမှ ဝန်ထမ်းတစ်ဦးကလည်း ပြောသည်။
“ရုံးထုတ်လာရင် အဲဒီ ကလေးကို ရဲတွေက ထိန်းပေးနေရတာ” ဟု ၎င်းက ဆက်ပြောသည်။
နေပြည်တော်သည် စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ရာဖြစ်သလို စစ်ကော်မရှင်ရုံးစိုက်သည့်အတွက် အဝင် အထွက် လမ်းဆုံများတွင် စစ်တပ်ဂိတ်များကို စစ်တပ်နှင့်ရဲ၊ ပြည်သူစစ်များက လုံခြုံရေးရယူသည်အထိ တင်းကျပ်သည့်နေရာတစ်ခုဖြစ်သည်။
ဥတ္တရသီရိမြို့နယ်တွင် သုံးလောင်းပြိုင်လူသတ်မှု ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ၄၉ နှစ်အရွယ် ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ၄၈ နှစ်အရွယ် ဒေါ်စောသန္တာဦး၊ သားဖြစ်သူ ၂၉ နှစ်အရွယ် ကိုနောင်ရွှေအုပ်စိုးတို့ သတ်ဖြတ်ခံရသောအမှုဖြစ်သည်။
သေဆုံးသူ ကိုနောင်ရွှေအုပ်စိုး၏ သူငယ်ချင်းများက ငွေကြေးလိုအပ်ချက်ကြောင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြပြီး လူသတ်မှုဖြင့် အရေးယူခံခဲ့ရသည်။
ဥတ္တရသီရိမြို့နယ်သည် ဌာနဆိုင်ရာအရာရှိ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစား စစ်ဗိုလ်ချုပ်များနှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများ နေထိုင်သည့် မြို့နယ်ဖြစ်သည်။ ယင်းမြို့နယ်တွင် ရာဇသင်္ဂဟအိမ်ရာ (၁) နှင့် (၂) ရှိပြီး ထိုအိမ်ရာများကိုလည်း ဝင်ထွက်သွားလာခွင့် တင်းကျပ်ထားသည်။




