မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ငါးနှစ်ကျော်အတွင်း တိုက်ရိုက်စကားပြောခွင့်ရသည်ဟု သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris က ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကိုထိန်လင်းက ယနေ့ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၂ ရက် (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် “မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။ မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့ကြသူတွေ၊ မေမေ့အတွက် တောင်းဆိုပေးခဲ့ကြသူတွေ၊ မေမေ့ကို မမေ့လျော့ခဲ့ကြသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုကဲ့သို့ စကားပြောခွင့်ရခြင်းသည် ပုံမှန်ဆက်သွယ်ခွင့်ရခြင်းမဟုတ်ဘဲ ထိုသို့ဆက်သွယ်ခွင့် ရခြင်းသည်လည်း လွတ်မြောက်မှုမဟုတ်ဟုလည်း ကိုထိန်လင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိခင်ဖြစ်သူကို မိသားစုနှင့် ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်၊ လွတ်လပ်သည့် ဆေးကုသခွင့်များ ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလွှတ်ပေးရန်လည်း ကိုထိန်လင်းက တောင်းဆိုထားသည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံထားပြီး သံတမန်ရေးအရ အသိအမှတ်ပြုခံရရန်၊ ပိတ်ဆို့အရေးယူမှုများ လျော့ကျစေရန်၊ နိုင်ငံရေးအကျိုးအမြတ်ရယူရန်တို့တွင် အသုံးမချရန်လည်း ကိုထိန်လင်း ခေါ် Kim Aris က သတိပေးထားသည်။
မြန်မာစစ်အုပ်စုနှင့် ဆက်ဆံနေသည့် နိုင်ငံတကာအသိုင်းအဝိုင်းသို့လည်း အနှစ်သာရမဲ့သည့် သံတမန်ရေးဆိုင်ရာ ရုပ်လုံးပြမှုများဖြင့် အကဲမဖြတ်သင့်ဘဲ လွတ်လပ်မှု၊ လူ့အခွင့်အရေးရရှိမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်သာ အကဲဖြတ်ကြရန်လည်း ကိုထိန်လင်းက တိုက်တွန်းထားသည်။



