အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA ဖွဲ့ပေးထားသည့် မိုးကုတ်မှလီဆူတပ် စစ်တပ်ထံဘက်ပြောင်းခိုလှုံ

မြန်မာစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်သည့် ဦးဂူဆီးဦးဆောင်သည့် အဆိုပါဘက်ပြောင်း ခိုလှုံသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်တပ်၏ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) နှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း TNLA ဘက်ကဆိုသည်။

တအာင်းတပ် TNLA လက်အောက်ခံ မိုးကုတ်မြို့စောင့်တပ်မှ လီဆူလူမျိုးတပ်ဖွဲ့ဝင် ၅၁ ဦးသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက  အာဏာသိမ်းစစ်တပ်ထံ ဘက်ပြောင်းခိုလှုံသွားသည်ဟု TNLA နှင့် ဒေသခံများထံက သိရသည်။

မြန်မာစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်သည့် ဦးဂူဆီးဦးဆောင်သည့် အဆိုပါဘက်ပြောင်း ခိုလှုံသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်တပ်၏ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) နှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း TNLA ဘက်ကဆိုသည်။

“ဒီအပေါ်မှာ ကျွန်မတို့ ကြိုတင်သိရှိခဲ့တာမရှိပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ပွဲ ကာလမှာ သူတို့တွေ မြို့လုံခြုံရေးမှာ ပါဝင်ပူးပေါင်းတာတွေ ရှိတယ်။ ဒါပေမဲ့ မိုးကုတ်မြို့ကို ပြန်လွှဲပြောင်းတဲ့အချိန်မှာ သူတို့တွေက ဇာတိမြို့ကို ပြန်ဝင်သွားကြတာတွေ ရှိတယ်” ဟု တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ ပြောခွင့်ရအရာရှိ လွေးယေဦးက Myanmar Now ကိုပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့လုံခြုံရေးအတွက် TNLA နှင့် လာရောက်ပူး ပေါင်းခဲ့သည့် လီဆူတပ်ဖွဲ့ဝင်များကို TNLA တပ်မဟာ (၃) နှင့် တပ်မဟာ (၇) ထိန်းချုပ်ရာ မိုးမိတ်မြို့ အထက်တွင်  နေရာချထားပေးခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မိုးကုတ်ကို TNLA က လက်လွှတ်ခဲ့ပြီးနောက် လီဆူတပ်ဖွဲ့ဝင်အချို့ စစ်တပ်ထိန်းချုပ်ရာ မိုးကုတ်မြို့သို့ ပြန်လည်ဝင်ရောက်သွားသော်လည်း ဦးဂူဆီး ဦးဆောင်သည့် တပ်ဖွဲ့အချို့ကျန်ရှိနေပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြောင်း TNLA က ဆိုသည်။

သို့သော် ယခုလ ၁၃ ရက်တွင် ဦးဂူဆီးဦးဆောင်သော အဖွဲ့သည် ကျောက်မဲမြို့ ရှိ စစ်တပ်ထံသို့ လက်နက်ချ  ပူးပေါင်းသွားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါအဖွဲ့မှာ စစ်တပ်လက်အောက်ခံ မိုးကုတ်မြို့ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းထားကြောင်း မိုးကုတ်မြို့ခံများထံက သိရသည်။

“လက်နက်ချသွားတယ်ဆိုပြီး သတင်းထွက်နေတာတော့ ကြာပြီ။ အခုမှ တိတိကျကျ သိရတာ။ မိုးကုတ်မှာ ပြည်သူ့စစ် ပြန်ဖွဲ့ထားတယ်” ဟု မိုးကုတ်မြို့အရှေ့ပိုင်းတွင် နေထိုင်သည့် မြို့ခံတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် TNLA တပ်ဖွဲ့က မိုးကုတ်မြို့ကို သိမ်းပိုက်ခဲ့သည်။

သိမ်းပိုက်ပြီးနောက် မိုးကုတ်မြို့စောင့်တပ်ဖွဲ့ရန်အတွက် မိုးကုတ်မြို့ ပိန်းပစ်ရွာနှင့် ဘောလုံးကြီးရွာတို့ရှိ လီဆူတိုင်းရင်းသားများနှင့် အခြားလူမျိုးများကို လိုက်လံစည်းရုံးခဲ့သည်။ ဦးဂူဆီးဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင်များကို TNLA က လက်နက်တပ် ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း မြို့ခံများထံက သိရသည်။

TNLA က မိုးကုတ်မြို့ကို သိမ်းပိုက်ခဲ့စဉ် ဦးဂူဆီးဦးဆောင်သည့် လီဆူအဖွဲ့မှာ မြို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ကျောက်လုပ်ကွက်များ လုပ်ကိုင်ခွင့်ရခဲ့သည်ဟု သိရသည်။

စစ်တပ်က မိုးကုတ်နှင့် မိုးမိတ်ကို ထိန်းချုပ်ပြီးနောက်တွင် အဆိုပါလုပ်ငန်းများ လက်လွှတ်ခဲ့ရသဖြင့် စစ်တပ်နှင့် ပြန်လည်ပူးပေါင်းသွားခြင်း ဖြစ်နိုင်ကြောင်း မြို့ခံအချို့က ယူဆကြသည်။

“သူက စီးပွားရေးသမားပဲ။ အခုလည်း စီးပွားရေးအတွက် စစ်တပ်နဲ့ ပြန်ပေါင်း သွားတာလို့ ပြောလို့ရတယ်” ဟု မိုးကုတ်မြို့ခံတစ်ဦးက ဆိုသည်။

ဦးဂူဆီးဦးဆောင်သည့် အဖွဲ့များ စစ်တပ်နှင့် ပူးပေါင်းသွားပြီးနောက် မြို့ခံအချို့ ဖမ်းဆီးခံရသည့် သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

TNLA ဘက်ကမူ ဦးဂူဆီးဦးဆောင်သည့် TNLA လက်အောက်ခံ လီဆူတပ်ဖွဲ့ဝင်များသည် ကတိသစ္စာ ဖောက်ဖျက်၍ အဖွဲ့နှင့် ကင်းကွာသွားပြီ ဖြစ်ကြောင်း ဆိုသည်။ 

လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်မည်ဖြစ်ပြီး ပြည်သူများကို ဖိနှိပ်မှုများပြုလုပ်ပါက အရေးယူဆောင်ရွက်မည်ဟု TNLA ဘက်က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်အစိုးရကြားဝင်မှုနှင့် စစ်တပ်၏ ထိုးစစ်များကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မိုးကုတ်မြို့ကို စစ်တပ်ထံသို့ TNLA တပ်ဖွဲ့က ပြန်လွှဲပြောင်းခဲ့ရသည်။

စစ်တပ်က မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း မြို့တွင်းအုပ်ချုပ်ရေးရုံးများအားလုံး ပုံမှန်အတိုင်း မဖွင့်နိုင်သေးကြောင်း မြို့ခံများက ဆိုသည်။

ထို့အပြင် စစ်တပ်က မြို့တွင်း၌ စစ်အင်အားများ ပိုမိုတိုးချဲ့နေသည်ကို တွေ့ရကြောင်း မိုးကုတ်မြို့ခံများထံက သိရသည်။

“အထူးသဖြင့် မိုးကုတ်အနောက်ပိုင်းမှာ ပိုပြီးတော့ ခံစစ်စခန်းတွေ အခိုင်အမာ လုပ်နေတယ်။ မြို့အဝင်အထွက်နေရာတွေမှာလည်း စခန်းတွေ ခိုင်ခိုင်မာမာ ပိုလုပ်နေတယ်” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။

မြို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ကျောက်တူးဖော်ရေးလုပ်ငန်းများကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းထားသဖြင့် ကျောက်တွင်းများ ရပ်နားထားရပြီးကျောက်ခိုးတူးသည့် ကျောက်တွင်းလုပ်သားများပါ စစ်မှုထမ်းရန် စုဆောင်းခံနေရသည်ဟု မိုးကုတ်မြို့အနောက်ပိုင်းတွင် နေထိုင် သူများထံက သိရသည်။

“တွင်းလုပ်သားတွေက မကြာခဏ ဖမ်းခံနေရတာဗျ။ ပြီးရင် စစ်မှုထမ်း စုဆောင်းခံရတဲ့အထဲ ထည့်ခံရတာ။ တချို့က ငွေပေးပြီး ရွေးရတာရှိတယ်” ဟု မိုးကုတ်မြို့အနောက်ပိုင်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်တပ်က မိုးကုတ်မြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း မိုးကုတ်မြို့နှင့် မိုင်သုံးဆယ်နီးပါးအကွာရှိ မိုးမိတ်မြို့တွင်မူ စစ်တပ်နှင့် KIA၊ PDF တပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles