အာရက္ခတပ်တော် (AA) ထိန်းချုပ်သည့် ရခိုင်ပြည်နယ် ပေါက်တော(ဝီရဌာနီ) မြို့နယ်အတွင်း ခြေကုပ် ရယူနိုင်ရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) က ဗုံးကြဲခဲ့စဉ် နှစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
ထိုနေ့ည ၉ နာရီခွဲခန့်တွင် ပေါက်တောမြို့နယ်တောင်ဘက်အစွန်ဆုံး အလယ်ဖရုံကာကျွန်းပေါ်ရှိ ပြားသူကြွယ်ရွာကို ဗုံးကြဲတိုက်ရာ ဒေါ်ခင်ရွှေဦး (၃၇ နှစ်)နှင့် ဦးနိုင်ဝင်း (၄၂ နှစ်)တို့ သေဆုံးသွားပြီး ဒေါ်ခင်ယိုင်နု (၃၈ နှစ်)နှင့် ဦးဆန်းယု (၄၅ နှစ်)တို့ ဒဏ်ရာရရှိသွားသည်။
အလားတူ ပေါက်တောမြို့ကို ဗုံးအလုံး ဆယ်နှင့်ချီ ကြဲချခဲ့သောကြောင့် ရပ်ကွက် (၁) မှ မမြတ်မြတ်ဝေ (၁၂ နှစ်)၊ ရပ်ကွက် (၄) မှ ဦးဘသာ (၅၃ နှစ်)နှင့် မောင်စစ်ငြိမ်းနိုင် (၁၆ နှစ်)၊ မြို့အနီး လက်ပံပြားရွာမှ ဦးထွန်းကျော်စိန် (၄၅ နှစ်)တို့ ဒဏ်ရာရရှိသွားသည်။
ပေါက်တောမြို့ကို ယခုလအတွင်း လေးကြိမ်မြောက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် အကြောက်တရားလွှမ်းမိုးနေကြောင်း လူမှုကူညီရေးပြုလုပ်နေသည့် ဒေသခံတစ်ဦးကပြောသည်။
“အခုလို နေ့စဥ်ရက်ဆက်လေကြောင်းဒဏ်ခံနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလည်း ထိခိုက်နေကြရပါတယ်။ စားဝတ်နေရေးအဆင်မပြေမှုကြားကနေ ရုန်းကန်နေရတဲ့ပြည်သူတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခံနေရတာပိုဆိုးပါတယ်”ဟု ၎င်းကဆိုသည်။
ယနေ့(အောက်တိုဘာလ ၂၁ ရက်)၊ မွန်းလွဲ၂ နာရီခန့်ကလည်း ပေါက်တောမြို့ပေါ်တွင် လေယာဥ်ဝဲနေသောကြောင့် ဗုံးခိုကျင်း၌ ဝပ်နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက် နံနက်ကလည်း ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာကို ဗုံးကြဲခဲ့ရာ ဦးထွန်းဦးစိန် (၆၆ နှစ်)နှင့် ဦးတင်မောင်ဦး (၃၇ နှစ်)တို့ ဒဏ်ရာရသည်။ ယင်းနေ့မှာပင် ရသေ့တောင်မြို့ပေါ် ရပ်ကွက်များကို Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ အရှေ့တောင်ရပ်ကွက်မှ မခိုင်သန်းဦး (၂၂ နှစ်) ဒဏ်ရာရခဲ့သည်။

တစ်ဖက်တွင်လည်း ပေါက်တောမြို့နယ် ငပြီကျွန်းတွင် စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း AA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“စစ်အင်အား ကြည်း၊ ရေ၊ လေ သုံးပြီး လက်နက်ကြီးပစ်ပစ်၊ ဗုံးပဲချချ လုပ်ပြီး ဝင်လာရင်တော့ ရချင်ရမယ်။ ပြန်ထွက်လို့ရဖို့ကတော့ မသေချာဘူး “ဟု ၎င်းက ဆိုသည်။
ထိုငပြီကျွန်းရွာသည် စစ်တွေမြို့ ရွှေမင်းဂံရေတပ်စခန်း၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။ စစ်တပ်က ထိုကျွန်းကို အောက်တိုဘာလ ၇ ရက်ကပင် ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်သားအချို့ ကမ်းပေါ်သို့ ရောက်ရှိသွားကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း အမြင့်ကျွန်းတံတားအနီး၊ ငတောက်တက်ကျေးရွာအနီးနှင့် ရွှေမင်းဂံရေတပ်စခန်း၊ ပါဒလိပ်ကျေးရွာတို့တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“စစ်တွေမြို့သိမ်းတိုက်ပွဲဆိုတာထက် စစ်တွေတပ်နယ်၊ ဒကစနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဦးတည်ပြီးတော့ တိုက်တဲ့ တိုက်ပွဲလို့ ပြောလို့ရတဲ့အနေအထားမျိုးပါ “ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော်လည်း ယခင်ကကဲ့သို့ပြင်းထန်မှုမရှိကြောင်း သိရသည်။
ရခိုင်ဒေသအတွင်း စစ်တပ်က ထိုးစစ်ဆင်နေသည်နှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ စစ်တပ်ဝါဒဖြန့်သူများကသာ “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် တန်ပြန်ထိုးစစ်လုပ်နေကြောင်း ဖော်ပြ နေကြသည်။
တစ်ဖက်တွင် စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အနှံ့ကို လေကြောင်းက ဗုံးကြဲနေသောကြောင့် ဒေသခံများထိတ်လန့်နေရသည်။
ပေါက်တောမြို့နယ်အပါအဝင် ရခိုင်ဒေသမြို့များကို ဩဂုတ်လ၊ စက်တင်ဘာလနှင့်အောက်တိုဘာလ တို့တွင် စစ်တပ်က နေ့စဉ်နီးပါး ဗုံးကြဲနေပြီး လူအစုလိုက်အပြုံလိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသည်။




