ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း စစ်တပ်က ထိုးစစ်ဆင်နေရာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်များက အတည်ပြုကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် မကွေးတိုင်း မင်းဘူးမြို့နယ်ဘက်မှ လောင်းရှည်မြို့အခြေစိုက် အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) ကို စစ်ကား ၁၅ စီးခန့်ဖြင့် အင်အား ၄၀၀ ခန့် ဖြည့်တင်းပြီး ထိုမှတဆင့် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်သို့ ထိုးလာသည့် စစ်ကြောင်းတွင် လိုက်ပါကာ အောက်တိုဘာလ ဒုတိယပတ်၌ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက အတည်ပြုသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအရေအတွက် အတိအကျကို မသိရသေးသော်လည်း အများအခေါ် ဗိုလ်နဂါးတပ် (သို့မဟုတ်) BNRA တပ်ဖွဲ့ဝင်ဟောင်း လေးဦးခန့်ပါဝင်ပြီး ပြည်သူ့စစ်မှုထမ်း (ပစ) အနေဖြင့် ဖမ်းမိကြောင်း သိရသည်။
ယောဒေသ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးကလည်း “ BNRA အနေနဲ့မဟုတ်ဘဲ ပစ (ပြည်သူ့စစ်) အနေနဲ့ ဖမ်းမိတဲ့အထဲမှာ ပါတယ်လို့ အတည်ပြုလို့ ရတယ်။ ကျန်တာကတော့ အသေးစိတ်တော့ ပြောဖို့ အဆင်မပြေသေးဘူး”ဟု Myanmar Now ကို ပြောသည်။
ဖမ်းမိသည့် အဆိုပါ BNRA လူဟောင်းများမှာ စစ်တပ်အတွင်း မည်သို့ရောက်သွားသည်၊ အမည်နှင့် အသက် စသည်တို့ကို အတိအကျ မသိရသေးပေ။
ထိုအခြေအနေနှင့်ပတ်သက်၍ ကန်ပက်လက်နှင့် မင်းတပ်ထိုးစစ်များကို ဦးဆောင်နေသည့် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ကာကွယ်ရေး တပ်မတော် (CPU/ CPA) ဘက်ကို ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်မှုမရရှိသေးပါ။
ပုလဲအခြေစိုက် ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ စစ်တပ်ထံ လက်နက်ချခဲ့သည်။
ထိုစဉ်က အမျိုးသားညီညွတ်ရေးအစိုးရထံ လက်နက်ချခဲ့သည့် BNRA တပ်ဖွဲ့ဝင် ၆၀ နီးပါး ရှိပြီး ရက်ပိုင်းအတွင်း ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ပုလဲမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည့် စစ်ရေး သတင်းရင်းမြစ် အခြားအမျိုးသားတစ်ဦးကလည်း ပြောသည်။
ဗိုလ်နဂါးလက်နက်ချပြီးနောက် စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ပုလဲနယ်ထဲ စစ်ကြောင်း ထိုးလာချိန် BNRA တပ်ဖွဲ့ဝင် ၂၀ နီးပါးမှာ ထိုစစ်ကြောင်းနှင့်အတူ လိုက်ပါသွားခဲ့ကာ၊ နောက်ထပ် အင်အား ၂၀ နီးပါးမှာလည်း ၎င်းတို့မဟာမိတ်တပ်ဖွဲ့ရှိရာ နယ်မြေဘက်သို့ ထွက်ပြေးသွားကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
စစ်တပ်ထံလက်နက်ချပြီးနောက် ရှစ်လနီးပါးကြာ လူမြင်ကွင်းမှပျောက်နေသည့် ဗိုလ်နဂါးသည် အောက်တိုဘာလ ၁၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ၁၂ မိနစ်ကျော် ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုဖြင့် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
တော်လှန်ရေးကို မေးခွန်းထုတ်ခဲ့သလို ၎င်းဦးဆောင်သော BNRA ကိုဖြိုခွဲခဲ့သည့် အဖွဲ့အစည်းများကို ပြန်တိုက်ထုတ်သွားမည်ဟု ထိုရုပ်သံတွင် ပြောဆိုထားသည်။
လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင် နေပြီး စစ်ရေးပြင်းထန်လျက်ရှိသည်။
တစ်ကြောင်းမှာ မေလလယ်ပိုင်းကတည်းကပင် ဆောမြို့မှတဆင့် ကန်ပက်လက်ဘက်သို့ ဦးတည် လာသည့် စစ်ကြောင်းဖြစ်ပြီး ထိုစစ်ကြောင်းမှာ မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင်သာ ရှိနေကြောင်း သိရသည်။
ထိုးစစ် ရှေ့ဆက်မတိုးနိုင်သေးအတွက် စစ်တပ်သည် စက်တင်ဘာလအတွင်း မကွေးတိုင်းမှတဆင့် လောင်းရှည်ဘက်သို့ အင်အားဖြည့်၍ ကျင်ဒွေးမြို့ဘက်သို့ စစ်ကြောင်း တစ်ခု ထပ်ထိုးလာသည်။ ထိုစစ်ကြောင်းမှာ လက်ရှိတွင် မဆာတွီချောင်းအနီးရှိ လှိုင်ဒုတ်ရွာ (လွယ်ဒုတ်ရွာ)သို့ ရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။
ထို့နောက် စစ်တပ်က လောင်းရှည်- လှိုင်ဒုတ်- ကျင်ဒွေးလမ်းပေါ်ရှိ ရင်းကဲ၊ ဆွဲလွဲကျင်း၊ မဆာတွီနှင့် လှိုင်းဒုတ်ရွာတို့ အား ပြန်လည်ထိန်းချုပ်လိုက်ပြီး လမ်းပိုင်းအမြန်ဆုံးဖွင့်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ယနေ့ (အောက်တိုဘာလ ၂၂ ရက်) တွင် ထုတ်ပြန်သည်။



