အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်နဂါး၏ လက်ထောက်များအပါအဝင် BNRA တပ်ဖွဲ့ဝင် ၅ ဦး စစ်တပ်ထံလက်နက်ချ

စစ်တပ်ဘက် လက်နက်ချသည့် ဗိုလ်နဂါး တပ်ဖွဲ့ဝင် ငါးဦးထဲတွင် ဒုဥက္ကဋ္ဌလည်းဖြစ် ၊ ဘဏ္ဍာရေးမှူးလည်းဖြစ်သည့် ကိုဖြိုးနှင့် စစ်ကြောင်းမှူး စစ်ရေးတာဝန်ခံ ကိုလတ်တို့ပါဝင်သည်။

ဗိုလ်နဂါးဦးဆောင်သည့် BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင် ငါးဦး ဘက်ပြောင်းလာကြောင်း စစ်တပ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်တပ်ဘက်ပြောင်းသွားသူများတွင် BNRA စစ်ရေးတာဝန်ခံနှင့် ဒုဥက္ကဋ္ဌတို့ပါဝင်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သည့် BNRA တပ်ဖွဲ့ဝင်များအား ကြိုဆိုသည့်အခမ်းအနားတွင် တပ်ဖွဲ့ဝင် ငါးဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း စစ်တပ်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့ရာ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဘဏ္ဍာရေးမှူးလည်းဖြစ်သည့် ကိုဖြိုးနှင့် စစ်ကြောင်းမှူး စစ်ရေးတာဝန်ခံ ကိုလတ်တို့ပါဝင်ကြောင်း သိရသည်။

ဂိတ်စခန်းများစီးနင်းခံရပြီး ဒုတိယရက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဗိုလ်နဂါးနှင့် မိသားစုဝင်များကို စစ်တပ်က ရဟတ်ယာဉ်နှင့်ကယ်ထုတ်သွားပြီးနောက် ဘက်ပြောင်းလာသည့်သတင်းကို ညတွင်းချင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တပ်ဖွဲ့ဝင် ငါးဦး ဘက်ပြောင်းလာသည်ဟု စစ်တပ်က ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

PDF ထံ ဘက်ပြောင်းလာသူများလည်းရှိ

PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များထံ BNRA တပ်ဖွဲ့ဝင်များ လာရောက် ချိတ်ဆက်ပူးပေါင်းမှုများ နေ့စဉ်နီးပါးဆက်ရှိနေကြောင်း ပုလဲ ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းက ပြောသည်။  

BNRA တပ်ဖွဲ့ဝင် ၁၅၀ နီးပါးကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ ချိတ်ဆက် အဖမ်းခံခြင်း၊ လာရောက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်နက်အပ်နှံခြင်းများရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပြီး လက်နက်ခဲယမ်းများ ပြန်လည်အပ်နှံကြရန်လည်း ထုတ်ပြန်ထားသည်။

BNRA တပ်ရင်းမှူးများဖြစ်သည့် ဒေါင်းညိုနှင့် သုဘရာဇာတို့ကို တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်းမာပင်ခရိုင် အမှတ် (၂၈ ) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်စွမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ၁၀ စက္ကန့်ကြာ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။

BNRA တပ်ရင်းမှူးများ သတ်ဖြတ်ခံလိုက်ရပြီဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများ  ကျယ်ကျယ်ပြန့်ပြန့်  ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ နံနက်တွင် အဆိုပါ ရုပ်သံဖိုင်ကို PDF ဘက်မှ ထုတ်ပြန်လာခြင်းဖြစ်သည်။ 

PDF များထိန်းသိမ်းထားသည့် BNRA တပ်ရင်းမှူး ဒေါင်းညို (ရှေ့)၊ သုဘရာဇာ (နောက်)။ (ဓာတ်ပုံ – screenshot)

တော်လှန်ရေးအင်အားစုများထံ ပူးပေါင်းလာသည့် BNRA  နိုင်ငံရေးမှူး ကိုမောင်၊ ဒေါင်းညိုနှင့် သုဘရာဇာ တို့ကို စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းက ပြောသည်။ 

“အခုဟာက ပူးပေါင်းတာဖြစ်လို့ အသက်အန္တရာယ် လုံးဝမရှိသလို နာကျင်စေမှာတောင် မဟုတ်ပါဘူး”ဟု ဒေါက်တာနန်းဝင်းက ပြောသည်။ 

ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်များကို သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှု၊ ပကဖ ရဲဘော်များအား နှိပ်စက်ညှဉ်းပန်းမှု၊ ဂိတ်စခန်းစီးနင်းပြီး တာဝန်ရှိသူအားရိုက်နှက်ဖမ်းဆီးမှု အပါအဝင် အမှု ခုနစ်ခုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့   ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက  ထုတ်ပြန်ထားသည်။  

အဆိုပါ အခြေအနေများကို ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်မှုအချို့ရှိခဲ့ပြီး BNRA တပ်ဖွဲ့ဝင်အချို့ကို လက်နက်များနှင့် ဖမ်းဆီးနိုင်ခဲ့သည်။

ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် BNRA တပ်ဖွဲ့ဝင်များအား PDF၊ ပကဖတွင် ပူးပေါင်းပါဝင်ပြီး တော်လှန်ရေး၌ ဆက်လက်ပါဝင်နိုင်ရန်စီစဉ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles