အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တွေမြို့လယ် လက်နက်ကြီးကျပြီး အနည်းဆုံး ၂ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

စစ်တပ် အခြေစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေမြို့လယ်ခေါင်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် လူသေဆုံး၊ ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ပြီး မည်သူမည်ဝါပစ်ခတ်သည်ကို မသိရပေ။

ရခိုင်ပြည်နယ် စစ်တွေမြို့လယ် မင်းဘာကြီးလမ်းရှိ ရွှေငါးမုန့်ဆိုင်အနီး၌  ယနေ့ (အောက်တိုဘာလ ၂၃ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အနည်းဆုံး နှစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့်  စစ်တပ်ခန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတို့ထံက သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် နှစ်ဦးသေဆုံးပြီး ငါးဦး ခန့်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု စစ်တပ်ခန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်စိုးက ဆိုသည်။ 

ပေါက်ကွဲမှုသည် လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ အာရက္ခတပ်တော် (AA) က မြို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်းကြောင့်ဖြစ်သည်ဟု ဦးမြင့်စိုးက Myanmar Now ကို ပြောသည်။

“ရှော့တိုက်ဒုန်းကျတာပါ။ လေယာဉ်မဟုတ်ပါဘူး။ မြို့လယ်က ရွှေငါး မုန့်တိုက်နားကို ကျတာပါ။ လေယာဉ်ဆိုရင် ဒီထက်မနည်း သေမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်း၏ စွပ်စွဲချက်နှင့်ပတ်သက်၍ Myanmar Now က AA ထံ ဆက်သွယ်မေးမြန်းထားပြီး တုံ့ပြန်ချက် စောင့်ဆိုင်းနေဆဲဖြစ်သည်။ မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကလည်း  စစ်တွေမြို့၌ ပေါက်ကွဲမှုဖြစ်ပြီး အီကြာကွေးရောင်းသူ လင်မယားနှစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိသည်ဟု ကြားသိရကြောင်း ပြောသည်။ 

“စစ်တွေမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဘယ်ဘက်ပစ်တယ်ဆိုတာမျိုးကတော့ အတိအကျပြောဖို့ တော်တော်ခက်တယ်။ ထင်ကြေးကတော့ အမျိုးမျိုးပေးနေတာပေါ့။ အပြင်ကလာတာလို့လည်း ထင်ကြေးပေးတယ်။ အပေါ်က ပြုတ်ကျတယ်လို့လည်းပြောတယ်။ စစ်တွေမြို့ထဲကတချို့ကလည်း (ဗုံး)ထောင်တာလို့ ထင်ကြေးကတော့ သုံးမျိုးလောက်ပေးနေကြတယ်။ လူကတော့ အသေအပျောက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

“ ဆေးရုံကို လူလွှတ်ကြည့်တဲ့အခါမှာ နှစ်ဦးကတော့ သေပြီ။ နောက်လည်း သေနိုင်တဲ့လူတွေ ရှိတယ်လို့ သတင်းတွေ ရပါတယ်။ လူကတော့ တစ်ဆယ်ကျော်လောက် ဒဏ်ရာရတယ်။ အဲဒီလိုမျိုး ကြားပါတယ်”  ဟု ဒေါ်စောမြရာဇာလင်းက ဆက်ပြောသည်။

စစ်တွေမြို့နေ သတင်းရင်းမြစ် အမျိုးသမီးတစ်ဦးကမူ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ လတ်တလောတွင် Myanmar Now အနေဖြင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်တွေမြို့အနီး စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်လာပြီး လတ်တလောတွင် စစ်တွေမြို့အနီး၊ စစ်တွေမြို့အရှေ့ဘက် ပေါက်တောမြို့နယ် ငပြီကျွန်းနှင့် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေသည်။

စစ်တွေမြို့နယ်မြောက်ဘက် ရသေ့တောင်မြို့နယ် မေယုမြစ်ကမ်းဘေး ကျေးရွာများကိုလည်း စစ်တွေအခြေစိုက်စစ်တပ်က နေ့စဉ် လက်နက်ကြီးပစ်ခတ်နေသဖြင့် အငူမော်၊ ကုန်တန်း၊ မကျည်းချောင်း စသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုနှင့် နယ်မြေချင်းထိစပ်နေသည့် ချင်းပြည်နယ်  ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် ရည်မှန်းထားသည်။

စစ်တပ်ကမူ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူမြို့နယ်၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မာန်အောင်မြို့နယ်တို့ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။ 

စစ်တွေမြို့ နာရီစင်အနီးပတ်ဝန်းကျင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဥ်။(ဓာတ်ပုံ -Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles