ပြင်းအား ၇ ဒသမ ၇ ရှိသော ငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း နေပြည်တော်ရှိ ပြည်သူများအတွက်မူ မျက်ရည်မခြောက်နိုင်သေးပေ။ သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် အတွက်မူ ထိုအပျက်အစီးများသည် သမ္မတဖြစ်ရေး ရည်မှန်းချက်အတွက် အနှောင့်အယှက်မဖြစ်ခဲ့ဘဲ ငလျင်လှုပ်ပြီး ကိုးလအကြာတွင် ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပခဲ့သည်။
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် ယနေ့ (မတ်လ ၂၈ ရက်) တစ်နှစ်ပြည့်ချိန်တွင် နေပြည်တော်၏ မြင်ကွင်းသည် သိသိသာသာ ကွဲပြားလျက်ရှိသည်။ စစ်ရုံးချုပ်နှင့် လွှတ်တော် အဆောက်အအုံများသည် အရှိန်အဟုန်ဖြင့် ပြန်လည်ပြင်ဆင်ပြီးစီးနေသော်လည်း၊ ပျဉ်းမနားမှ ပြည်သူများမှာမူ ပြိုကျနေသော နေအိမ်များကြားတွင် ယာယီတဲများဖြင့်သာ ဘဝကို ဆက်လက် ရုန်းကန်နေရဆဲပင်။
စစ်ကော်မရှင်သည် အာဏာတည်မြဲရေးအတွက် အရေးပါသည့် စစ်ရုံးချုပ်နှင့် လွှတ်တော်အဆောက်အအုံများကို အလုပ်သမားအင်အား ထောင်နှင့်ချီသုံးကာ အပူတပြင်း ပြင်ဆင်ခဲ့သည်။
စစ်ရုံးချုပ်တည်ရှိရာ စစ်ရုံးအတွင်းရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများကို တပ်မတော် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE) လက်အောက်ရှိ အထူးဆောက်လုပ်ရေးတပ်များက ခြောက်လအတွင်း အပြီးအစီး ပြင်ဆင်ပေးခဲ့ကြောင်း နေပြည်တော်ရှိ စစ်တပ် အရာရှိတစ်ဦးက ပြောသည်။
သို့သော် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားမြို့မဈေးကြီးနှင့် မင်္ဂလာကန်တော်ကဲ့သို့သော အများပြည်သူဆိုင်ရာ နေရာများတွင်မူ တစ်နှစ်ပြည့်ချိန်ထိ အပျက်အစီးပုံများ အဖြစ်သာ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။
စစ်ကော်မရှင်လက်အောက်တွင် အလုပ်လုပ်နေသည့် ဝန်ထမ်းအချို့သည်ပင် ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများကို ဖာထေးပြုပြင်ထားသည့် အဆောင်များနှင့် မပြိုလဲသည့် အိမ်ရာများသို့ ပြောင်းရွှေ့နေထိုင်နေကြရပြီး မလုံခြုံမှုနှင့် စိုးရိမ်ချက်များ ရှိနေဆဲဖြစ်သည်။

ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ပြိုကျပျက်စီး၍ အကြီးစားပျက်စီးမှု အနီရောင်အဆင့် သတ်မှတ်ထားသည့် အဆောက်အအုံများမှ ဝန်ထမ်းများမှာမူ ယာယီတဲများတွင် နေထိုင်နေရဆဲဖြစ်သည်ဟု ငလျင်ကြောင့် မိသားစုဝင်တစ်ဦး ဆုံးရှုံးခဲ့ရသည့် အရာရှိတစ်ဦးက ဆိုသည်။
“အခုက အပြာရောင် (အသေးစားပျက်စီးမှု)၊ လိမ္မော်ရောင် (အလတ်စားပျက်စီးမှု) တွေက ပြင်လို့ ပြီးသလောက်ပဲ။ အနီရောင်အဆင့်ကတော့ ပြိုပြီးဖျက်နေတုန်းပဲ။ ပြန်ဆောက်ဖို့ကတော့ အခုချိန်ထိ မလုပ်နိုင်သေးဘူး” ဟု နေပြည်တော်ရှိ ဝန်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဦးစီးအရာရှိက ပြောသည်။
၎င်းအနေဖြင့် တစ်နှစ်အတွင်း လေးကြိမ်နေရာပြောင်းရွှေ့နေထိုင်ခဲ့ရပြီး စုဆောင်းထားသည့် ရွှေတိုရွှေစအချို့ရောင်းချ၍ အိမ်ငှားရမ်းနေထိုင်ခဲ့ရသည်ဟု ပြောသည်။
ဌာနဆိုင်ရာဝန်ထမ်းများပင် ထိုသို့သော အခြေအနေနှင့် ကြုံနေရချိန်တွင် သာမန်အရပ်သား ပြည်သူများအတွက်မူ ပို၍ပင်ဆိုးရွားသည်။ ငလျင်ဒဏ် အဆိုးရွားဆုံး ခံခဲ့ရသည့် ပျဉ်းမနားမြို့နယ်ရှိ ဗိုလ်ချုပ်လမ်းနှင့် မင်္ဂလာရပ်ကွက်တို့တွင် နေအိမ်နှင့် ဆိုင်ခန်းများသည် ယနေ့တိုင် ပြန်လည်မတည်ဆောက်နိုင်သေးပေ။
ငွေကြေးတတ်နိုင်သူ အချို့မှလွဲ၍ ကျန်ရှိသည့် ဒေသခံအများစုသည် ယခင်ကဲ့သို့ အခိုင်အမာ နေအိမ်များအစား ထရံကာ၊ ယာယီကျောက်ပြားများဖြင့်သာ ကိုယ်ထူကိုယ်ထ ဖာထေးနေထိုင်နေကြရသည်ကို တွေ့မြင်ရသည်။

ထိုသို့သော ဦးစားပေးမှု ကွာဟချက်ကို ဘာသာရေးအဆောက်အအုံများတွင်လည်း အထင်အရှား တွေ့မြင်နိုင်သည်။ စစ်ခေါင်းဆောင် တည်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ရှိ ပျက်စီးသွားသော တန်ဆောင်းများကို တစ်ပတ်အတွင်း အပြီးသတ် ပြင်ဆင်ခဲ့သည်။
စစ်ဗိုလ်ချုပ်များ တည်ခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မှာမူ ငလျင်ကြောင့် ရင်ပြင်တော်တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ရာ တစ်နှစ်ပြည့်ချိန်ထိ ပြန်မပြင်နိုင်သေးဘဲ အများပြည်သူကို တစ်ပတ်လျှင် တစ်ရက်သာ ဖူးမြော်ခွင့် ပေးထားသည်။ သာ၍ဆိုးသည်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီအဆောက်အအုံ ၅၀ ထက်မနည်းကို တစ်နှစ်ပြည့်ချိန်ထိ ပြန်လည်ပြင်ဆင်ခွင့် မပေးခြင်းပင်။
နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့မှ သက်တမ်းရင့်ဗလီ ၅၀ ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး ထိုအဖြစ်အပျက်ကြောင့် အနည်းဆုံး လူပေါင်း ၂၅၀ ကျော် သေဆုံးနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ချိန်တွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရသည့် သောကြာနေ့ ဖြစ်၍ လူသေဆုံးမှု များပြားခဲ့သည်။

မတ်လ ၂၈ ရက် ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံး၊ အိမ်ခြေ ၆၇,၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆,၄၀၀ ကျော်၊ ဆေးရုံ၊ ဆေးခန်း ၃,၅၀၀ ခန့် ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ၂၀၂၅ ခုနှစ် မေလအတွင်းက ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိမည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၅ ခုနှစ် မေလ ၇ ရက် အစီရင်ခံစာတွင် ဖော်ပြသည်။ ပျက်စီးမှုပမာဏသည် တိုင်းပြည်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၄ ရာခိုင်နှုန်းဖြစ်သည်ဟု ခန့်မှန်းထားသည်။
နေပြည်တော် ဒေသခံများ၏ အဆိုအရ ငလျင်လှုပ်ခတ်ပြီး တစ်နှစ်ပြည့်ချိန်အထိ ပြည်သူများ နေအိမ်တွင် ပြန်လည်နေထိုင်နိုင်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ စစ်ကောင်စီက ထောက်ပံ့သည့် ငွေကြေးနှင့် ဘိလပ်မြေ၊ သံအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများသည် ပြန်လည်ထူထောင်ရေးအတွက် မလုံလောက်ခဲ့ပေ။
နေအိမ်ပြိုကျပြီး ပြန်လည်တည်ဆောက်ရန် ခက်ခဲနေသည့် ပြည်သူများသည် အိမ်ငှားနေထိုင်ကြသလို မြေကွက်များ ရောင်းချ၍ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်သူများလည်း ရှိသည်၊ တချို့က ယာယီအိမ်များ ဆောက်လုပ်နေထိုင်ကြသည်။
စစ်ကော်မရှင်သည် ထိုပျက်စီးမှုများကို ကုစားရန်ထက် အာဏာတည်မြဲရေးကို ပိုမိုဦးစားပေးခဲ့သည်၊ လွှတ်တော်အဆောက်အအုံကို အပူတပြင်း ပြင်ဆင်ခဲ့ပြီး လာမည့် မတ်လ ၃၀ ရက်နေ့တွင် ဒုသမ္မတများ ရွေးချယ်ပွဲကို ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ပြည်သူ့ဒုက္ခများ မပြေလည်သော်လည်း စစ်ခေါင်းဆောင်သည် ကြိုတင်ရေးထားသည့် ဇာတ်ညွှန်းအတိုင်း သမ္မတရာထူးနေရာကို အရယူတော့မည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။

နိုင်ငံ လူဦးရေ၏ ၇၅ ရာခိုင်နှုန်း သို့မဟုတ် ခန့်မှန်းခြေ လူဦးရေ ၄၂ သန်း သည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း သို့မဟုတ် ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာပြည်သူများသည် စားနပ်ရိက္ခာ မလုံလောက်မှုလည်း ကြုံနေရသည်ဟု UNDP က ဆိုသည်။
ထိုသို့သော အခြေအနေမျိုးကိုလျစ်လျူရှု၍ စစ်ခေါင်းဆောင်၏ မိသားစုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Issara Residence Rama အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း(အမေရိကန်ဒေါ်လာ သုံးသန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်တစ်လုံးကို ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့သည်ဟု တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar(JFM) က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်ချိန်တွင် မြင်တွေ့ရသော မြင်ကွင်းသည် ရှင်းလင်းသည်။ ပြိုကျပျက်စီးနေသည့် ပြည်သူ့ဘဝများ ထင်ထင်ရှားရှား ရှိနေလင့်ကစား စစ်ခေါင်းဆောင်သည် အာဏာတည်မြဲရေး ယန္တရားများနှင့် မိသားစုစည်းစိမ်ကိုသာ အပူတပြင်း တည်ဆောက်ခဲ့သည်။
ပြည်သူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုဒဏ်ကို အလူးအလဲ ခံစားနေရချိန်၊ ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများ ယာယီတဲများတွင် နေထိုင်နေရချိန် စစ်ခေါင်းဆောင်၏ မိသားစုမှာမူ ပြည်ပရှိ ဇိမ်ခံအိမ်ရာများတွင် စံမြန်းရန် ပြင်ဆင်ပြီးဖြစ်သည်။
လာမည့်ရက်ပိုင်းအတွင်း နေပြည်တော် လွှတ်တော်အဆောက်အအုံသစ်ကြီးအတွင်း စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတသစ်တစ်ဦး ပေါ်ထွက်လာနိုင်သော်လည်း၊ ထိုအဆောက်အအုံ၏ အပြင်ဘက်ရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက်မူ နောင်နှစ်ပေါင်းများစွာတိုင် နာလန်ထူနိုင်ရန် အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။



