
မတ်လ ၂၈ ရက်နေ့ မြေငလျင်ဒဏ်ကြောင့် အထက်ဗမာပြည် စစ်ကိုင်းမြို့တွင် နေအိမ် ၉၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားပြီး သေဆုံးသူ ၁၀၀ ကျော်အထိ ရှိလာသည်ဟု စစ်ကိုင်းမြို့ခံများနှင့် လူမှုကူညီရေး အဖွဲ့များထံက သိရသည်။
ယမန်နေ့ (မတ် ၃၁) အထိ တူးဖော်ရရှိသည့် ရုပ်အလောင်း ၁၀၀ ကျော်ရှိသည်၊ ကျန်ရှိနေသေးသည့် ရုပ်အလောင်းများကို ထုတ်ဖော်နိုင်ရန် ကြိုးပမ်းနေသည်၊ တစ်မြို့လုံးနီးပါး ပျက်စီးသွားသည်ဟု စစ်ကိုင်းမြို့ အခြေစိုက် သုခကာရီ လူမှုကူညီအရေး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဆောက်အအုံပြိုတဲ့ဟာတွေက အရမ်းကြီး စက်ကရိယာတွေနဲ့ ဖော်ရမယ့်ဟာတွေပါတော့လေ၊ နေရာတစ်နေရာကိုတောင်မှ တစ်ရက်၊ နှစ်ရက်လောက် အချိန်ယူရတော့ဆိုတော့ နေရာတွေ အရမ်းများတယ်။ ၅ နေရာလောက်ဆိုတော့ ဆက်ဖော်နေတုန်းရှိတယ်” ဟု ၎င်းက ပြောသည်။
ထိခိုက်သွားသည့် လူနေအဆောက်အအုံများကို ပြင်ဆင်မှုများထက် ရေ၊ စားနပ် ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်၊ ရုပ်အလောင်းများ များပြားလာ၍ မိသားစုကို အသိပေးပြီး အစုလိုက် အပြုံလိုက် သင်္ဂြိုဟ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
“တချို့ ကျတော့လည်း တခါတည်း မြေမြုပ်လို့ရတဲ့ နေရာကျတော့လည်း ၅ လောင်း တပြိုင်တည်းတို့ ၁၀ လောင်းတပြိုင်တည်းတို့ အဲဒီလို မြုပ်ကြတာပေါ့။ မီးရှို့တဲ့အခါကျတော့လည်း ၅လောင်း တစ်ပြိုင်တည်း၊ ၁၀ လောင်းတစ်ပြိုင်တည်း သင်္ဂြိုဟ်တာတို့ အဲဒီလိုမျိုး လုပ်နေရတယ်” ဟု ၎င်းက ဆက် ပြောသည်။

ကိုဗစ်ကပ်ဘေးအတွင်း စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် မြန်မာလူထုသည် ရစ်(ခ)တာ စကေး ၇ ဒသမ ၇ ပြင်းအားရှိသည့် သဘာဝဘေးဒဏ်ကိုပါ ရင်ဆိုင်နေရသည်။
မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၀၆၅ ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ၊ ပျောက်ဆုံးသူ ၃၀၀ ခန့်ရှိသည် ဟု စစ်ကောင်စီက မတ် ၃၁ တွင် ကြေညာသည်။
စစ်ကိုင်းမြို့တွင်းသို့ အဝင်အထွက် ကန့်သတ်ထားပြီး မြို့ခံအင်အားဖြင့်သာ ကူညီကယ်ဆယ်ရေး လုပ်နေရသည်၊အပျက်အစီးများအတွင််း ပိတ်မိနေသည့် ရုပ်အလောင်းများ၏ အနံ့ဆိုးများ ထွက်နေသည့် စစ်ကိုင်းသည် မြို့ပျက်ကြီးကဲ့သို့ဖြစ်နေသည်ဟု စစ်ကိုင်းမြို့ခံ လူမှုကူညီရေးသမား တစ်ဦးက မတ် ၃၁ တွင် ပြောသည်။
“မြို့တွင်းထဲမှာ ရှိတဲ့ လူအင်အားနဲ့ပဲ ပတ်ပြီးတော့ ကူညီရသလိုဖြစ်နေတာ။ အလောင်းတွေကလည်း ဖော်ရတာ မနိုင်ဘူးဖြစ်နေတာပေါ့။ တစ်လောင်းတစ်လောင်းကို ဖော်ရတာ နာရီနဲ့ ချီပြီးတော့ ကြားနေတယ်။ ပုတ်တဲ့ဟာကပုတ်၊ ပွတဲ့ဟာကပွ အဲဒီလို အခြေ အနေမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရုပ်အလောင်းများကို တူးဖော်နိုင်ရန် စက်ပစ္စည်းများ လိုအပ်နေသည်၊ ရေနှင့် စားနပ်ရိက္ခာမျာ းလိုအပ်သည်၊နေထိုင်ရန် အမိုးအကာ နှင့် အဆောက်အုံများ အရေးပေါ် လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကွင်းပြင်တွေပေါ်မှာ လမ်းမကြီးတွေပေါ်မှာ ဖျာတွေ၊ စောင်တွေ၊ ခေါင်းအုံးရယ်နဲ့ပဲ ဒီတိုင်းနေကြရ တယ်။ ညဘက်တွေဆိုရင် လေတွေကတိုက်တော့ အအေးမိတာတွေ ဖျားတာတွေတော့ရှိတယ်။ အဆောက်အအုံ ပြန်ဆောက်ဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက မြေငလျင်ကြောင့် လူ့ အသက်များစွာဆုံးရှုံးမှုနှင့် ပျက်စီးမှုများအတွက် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ အဖြစ်သတ်မှတ်လိုက်ပြီး ထို့နေ့ရက်များတွင် နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူထားကြရမည်ဟု ဆိုထားသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ ငလျင်လှုပ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ USGS က ပြင်းထန်သည့် မြန်မာငလျင်ကြောင့် လူဦးရေတစ်သောင်းမှ တစ်သိန်းကြား သေဆုံးနိုင်ခြေရှိသည်ဟု မတ်လ ၂၉ ရက်နေ့တွင် ခန့်မှန်းထားသည်။