သတင်း

စစ်ခေါင်းဆောင်တည်သည့် ဘုရားကို ခရိုနီများ စုပေါင်း၍ ငွေကျပ် ၁၆ ဘီလျံကျော်လှူ

ယမန်နေ့ (ဇွန် ၂၉) တွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်နေသည့် ဘုရားကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ကြသည့် ထိတ်ထိတ်ကြဲ ခရိုနီသူဌေးကြီးများက ငွေကျပ် ၁၆ ဘီလျံကျော်အထိ လှူဒါန်းခဲ့ကြသည်။

ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးဟု ကြွေးကြော်ထားသည့် ကျောက်ဆစ်ရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ရာဂဏန်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို နေပြည်တော်သို့ ဖိတ်ခေါ် ပြသခဲ့ခြင်းဖြစ်သည်။

ကျပ်သိန်းနှစ်သောင်းကျော်ဖြင့် အများဆုံးထည့်ဝင်လှူဒါန်းသူ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် စစ်ခေါင်းဆောင်။

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည့် စစ်ကောင်စီထုတ်ပြန်ချက်အရ ယမန်နေ့ တစ်ရက်တည်း၌ပင် ထိပ်သီးလုပ်ငန်းရှင် ၁၀၁ ဦး၏ စုစုပေါင်းလှူဒါန်းမှုပမာဏမှာ ကျပ်ငွေ ၁၆ ဒသမ ၁၇၇ ဘီလျံ ရှိသည်။

အာဏာသိမ်းခေါင်းဆောင် တည်သည့် ဘုရားအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်လာသူများတွင် ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇနှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်းတို့မှလွဲ၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် ထိတ်ထိတ်ကြဲလုပ်ငန်းရှင်အားလုံးနီးပါး ပါဝင်သည်ကို တွေ့ရှိရသည်။

ထိပ်ဆုံးအလှူရှင်သုံးဦးအနေဖြင့် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်းပေါင်း နှစ်သောင်းကျော်၊ ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးက ကျပ်သိန်းနှစ်သောင်း၊ ဧဒင်ကုမ္ပဏီအုပ်စုမှ ဦးဝဏ္ဏခိုင်က ကျပ်သိန်းတစ်သောင်းငါးထောင် လှူဒါန်းသည်။

ဝေမာကုမ္ပဏီပိုင်ရှင် ဦးကျေးဆိုသူမှာ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်နှင့်အတူ Asia World ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ကာ လက်ရှိတွင် အဝေးပြေးလမ်းတည်ဆောက်ရေး၊ သတ္တုတူးဖော်ရေးမှသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအထိ လုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသူဖြစ်သည်။

ဦးဝဏ္ဏခိုင်ဆိုသူမှာ ဧဒင်ကုမ္ပဏီအုပ်စုနှင့် MAB ဘဏ်ပိုင်ရှင် ဧဒင်ဦးချစ်ခိုင်၏ သားတစ်ဦးဖြစ်သည်။ NLD ပါတီနှင့် ရင်းနှီးကျွမ်းဝင်သည့် ဦးချစ်ခိုင်မှာ ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သော ကျောက်မီးသွေးတွင်းစီမံကိန်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူခြင်း ခံထားရသည်။​

အာဏာသိမ်းခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်။

မြန်မာနိုင်ငံမှ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor ထွက်ခွာသွားပြီးနောက် ထိုဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်၊ Asia World ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်တို့ အပါအဝင် ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း ဦးအောင်သောင်း၏ သားသမီးများဖြစ်ကြသော လက်ရှိရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ညီဖြစ်သူ UAB ပိုင်ရှင် ဦးနေအောင်နှင့် ညီမများက ကျပ်သိန်း ၅၀၀၀ ကျော်စီဖြင့် ဒုတိယအများဆုံး အလှူငွေထည့်သူများ ဖြစ်သည်။

ကျပ်သိန်း ၁၀၀၀ မှ ၅၀၀၀ အထိ အလှူငွေထည့်သည့် အခြားလုပ်ငန်းရှင်များတွင် AYA ဘဏ်ပိုင်ရှင် ဦးဇော်ဇော်၊ ဧရာဟင်္သာလုပ်ငန်းစုနှင့် A Bank ပိုင်ရှင် ဦးဇော်ဝင်းရှိန်၊ ရွှေတောင်ကုမ္ပဏီမှ ဦးအောင်ဇော်နိုင်၊ စက်သုံးဆီလုပ်ငန်းရှင် ဒေါက်တာဝင်းမြင့်၊ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်၊ ဟိုတယ်လုပ်ငန်းရှင် ဦးရန်ဝင်း၊ ရွှေသံလွင်ကုမ္ပဏီမှ ဦးကျော်ဝင်းတို့ ပါဝင်ကြသည်။

အာဏာသိမ်းခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ဧရာဟင်္သာလုပ်ငန်းစုနှင့် A Bank ပိုင်ရှင် ဦးဇော်ဝင်းရှိန်။

အလှူငွေထည့်ဝင်မှုတွင် KBZ မပါဝင်သော်လည်း ယင်း၏ လက်ခွဲကုမ္ပဏီဖြစ်ခဲ့သည့် Brighter Energy ကုမ္ပဏီမှ ဦးအောင်ဇံဆိုသူကမူ ကျပ်သိန်း ၂၀၀၀ မင်းအောင်လှိုင်ကို လှူခဲ့သည်။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်မှုကြောင့် Brighter Energy ကို အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ထားပြီး၊ KBZ ကုမ္ပဏီကမူ Brighter Energy မှ ၂၀၂၂ တွင် “စွန့်ခွာပြီး” ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ယနေ့ထုတ်သတင်းစာ၌ အလှူငွေထည့်သည့် လုပ်ငန်းရှင် ၄၀ ၏ အမည်ကို ဖော်ပြထားပြီး ကျန်သူများကို နောက်ရက်တွင် ဆက်လက်ဖော်ပြမည်ဟု ဆိုသည်။

သတင်းစာပါ လှူဒါန်းသူများစာရင်း။

စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့တွင် မြေလှန် မီးရှို့နေသည့် ဘုရားဒကာဘွဲ့ခံ အာဏာသိမ်းခေါင်းဆောင်က ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုဘုရားကြီး တည်ဆောက်နိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်ဟု ယမန်နေ့အခမ်းအနား၌ ထည့်သွင်းပြောဆိုခဲ့သည်။

တန်ချိန် ၈၁၅၈ ရှိ စကျင်ကျောက်တုံးကြီးကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လှူဒါန်းခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး မန္တလေးတိုင်းမှ နေပြည်တော်အရောက် ကိုးကြိမ်တိုင်တိုင် ခက်ခက်ခဲခဲ သယ်ယူခဲ့သည်ဟု ဆိုသည်။​

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အကန့်အသတ်မရှိ သက်တမ်းတိုးခဲ့သူ အသက် ၆၆ နှစ်အရွယ် မင်းအောင်လှိုင်သည် ဗေဒင်နှင့် ယတြာအစီအမံများကို မလွတ်တမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ တိုင်းပြည်အာဏာသိမ်းယူပြီးနောက် အနယ်နယ်အရပ်ရပ်ရှိ ရှေးဟောင်းဘုရားအချို့ကို ထီးတော်တင်ခဲ့ကာ ရုရှားနိုင်ငံ၌ပင် ရွှေတိဂုံပုံတူဘုရား တည်ပြီးနောက် တခမ်းတနား ထီးတင်ပွဲပြုလုပ်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်က ၎င်း၏ဇာတိ မကွေးတိုင်း၊ မင်းဘူးမြို့နှင့် ၁၃ မိုင်ခန့်အကွာ ပွင့်ဖြူမြို့နယ်ရှိ သက်သာပန်းတောင်းဆိုသော ရှေးဟောင်းဘုရားကို စကြာပန်းတောင်းဟု ဘွဲ့အမည်ပြောင်းကာ ထီးတင်ခဲ့သည်။ အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ရေး အင်းကွက်နှင့်အတူ နဂါး၊ ဟင်္သာ၊ မနုဿီဟ၊ ဆင်စ သည့် အရုပ်များ ထည့်သွင်းထားသည်။

ယတြာအစီအမံများ မပြတ်ပြုလုပ်နေသည့် အာဏာသိမ်းခေါင်းဆောင်က NLD အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သော ကျောင်းသင်ခန်းစာများကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ စိုးရိမ်ရေမှတ်အထိ မြင့်တက်ခဲ့သည်ဟုလည်း ပြစ်တင်ပြောဆိုဖူးသည်။ ထို့ပြင် အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်သော အမျိုးသာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို NLD လက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းအပေါ်လည်း စစ်ခေါင်းဆောင်က ပုတ်ခတ်ပြောဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button