သတင်း

မဘသ ဖျက်သိမ်းခြင်းကို စစ်ခေါင်းဆောင် မကျေမနပ် ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဘာသာ၊ သာသနာ ဆုတ်ယုတ်ခဲ့ရပြီး မြန်မာ့ယဉ်ကျေးမှုမှာလည်း စိုးရိမ်ရေမှတ်အထိ မြင့်တက်သွားခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းနှစ်ပတ်လည်မိန့်ခွန်းရှည်တွင် စွပ်စွဲပြောဆိုလိုက်သည်။

ဇန်နဝါရီ ၂ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် ထိုမိန့်ခွန်းကို ပုံနှိပ်ဖော်ပြထားသည်။ 

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) ကဲ့သို့ ဘာသာ၊ သာသနာစောင့်ရှောက်ရေးနဲ့ ပရဟိတ တွဲဖက်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖျက်သိမ်းခဲ့ပါတယ်” ဟု သူက ဆိုသည်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်အဖွဲ့ဝင် ဦးဝါယမကမူ အာဏာသိမ်း စစ်ခေါင်းဆောင်၏ အထက်ပါ ပြောစကားကို လက်မခံနိုင်ကြောင်း၊ စစ်ခေါင်းဆောင်က လူထုထောက်ခံမှု ရရှိစေရန် ဘာသာရေးကို အသုံးချနေခြင်း ဖြစ်ကြောင်း မိန့်သည်။

“ဘာသာရေးကို ခုတုံးလုပ်တာပေါ့” ဟု ဦးဝါယမက မိန့်ဆိုသည်။

“မဘသဆိုတာ သံဃာသင်းခွဲတဲ့ အဖွဲ့အစည်း” ဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်း မြန်မာနိုင်ငံအတွက် မလိုအပ်ကြောင်း ဆရာတော်က မိန့်သည်။

စစ်ခေါင်းဆောင်က NLD အစိုးရ၏ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုများကိုလည်း ဘာသာရေးနှင့် ချိတ်ဆက် ပြစ်တင် ပြောဆိုထားသည်။

“ဘုရားပုထိုးတွေ ဖူးမြော်ခွင့်နဲ့ ဘာသာရေးအဆောက်အအုံအတွင်း ဘုရားဝတ်ပြုကြည်ညိုခွင့်တွေကို ပိတ်ပင်ခဲ့ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကြောင့် နိုင်ငံစီးပွားရေး ကျဆင်းသယောင်လည်း ဝါဒဖြန့်ခဲ့ပါတယ်” ဟုလည်း အာဏာသိမ်းခေါင်းဆောင်က NLD အစိုးရကို စွပ်စွဲထားသည်။

ထို့ပြင် ဖက်စပ်အကများကြောင့် မြန်မာ့ယဉ်ကျေးမှု စိုးရိမ်ရေမှတ်အနေအထားထိ ရောက်လာပြီဆိုကာ ၂၀၂၀ ခုနှစ်အတွင်း Asia Song Festival တွင် ရွှေတိဂုံစေတီတော်ပုံ အသုံးပြုတင်ဆက်ခဲ့မှုကို ရည်ညွှန်းပြောဆိုသည်။

“ရွှေတိဂုံစေတီပုံရိပ်ပေါ်မှာ ဖိနပ်နင်းအက ကခဲ့ရတဲ့အထိ သာသနာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ် ပျက်စီးခဲ့ရပါတယ်” ဟု ဆိုသကဲ့သို့ “Online Media တွေ အသုံးချကာ လူငယ်တို့ရဲ့ ယဉ်ကျေးမှုအခြေခံစိတ်ဓာတ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်” ဟုလည်း ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် အလေးပေးပြောဆိုခဲ့သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က တရားမဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း (၂) အပိုဒ် (၄) အပြင် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း အခန်း (၂) အပိုဒ် ၃(က)၊ (ခ) တို့နှင့် ငြိစွန်းနေခြင်းကြောင့် တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း မဟန၏ ထိုစဉ်က ထုတ်ပြန်ချက်တွင် ပါရှိသည်။

သံဃာ့အဖွဲ့အစည်းများကို မဟန၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းနိုင်သော်လည်း “နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရောထွေးမှုမရှိစေရ” ဟု သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း (၂) အပိုဒ် (၄)တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

၂၀၁၅ ခုနှစ် သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းပါ ပြဋ္ဌာန်းချက်

အခြားဘာသာများကို ထိုးနှက်တိုက်ခိုက်သူများနှင့် စုစည်းထားသည့် မဘသအဖွဲ့သည် ဒီမိုကရေစီအင်အားစုကို ထိုးနှက်တိုက်ခိုက်သည့် တပ်မတော်နှင့် ပူးပေါင်းလှုပ်ရှားခဲ့ရာ နိုင်ငံတွင် ပြဿနာမျိုးစုံ ပေါ်ပေါက်ခဲ့ဖူးသည်။ 

စစ်ခေါင်းဆောင်၏ မိန့်ခွန်းတွင် စစ်တပ်က ပူးပေါင်းဆောင်ရွက်ခဲ့သည့် မဘသနှင့် ပတ်သက်ပြီး အကျယ်တဝင့်ဖော်ပြခြင်း မရှိသလို လတ်တလော ချင်းပြည်နယ်၊ ကယားပြည်ရှိ ဘုရားကျောင်းများ မီးရှို့ဖျက်ဆီးခံရမှု၊ နိုင်ငံအနှံ့ စေတီ၊ ဘုန်းကြီးကျောင်းများတွင် စစ်တပ်တပ်စွဲနေမှုတို့ကိုလည်း ဖော်ပြခြင်း မရှိပေ။

အာဏာသိမ်းခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဘသအဖွဲ့ ဥက္ကဋ္ဌတာဝန်ယူခဲ့သူ အင်းစိန်ရွာမဆရာတော်ထံ ၂၀၂၀ ဒီဇင်ဘာတတိယပတ်က သွားရောက်လှူဒါန်းခဲ့သည်ကို တွေ့ရသည်။ 

NLD အစိုးရလက်ထက်တွင် မဘသဖျက်သိမ်းခံရမှုကို အာဏာသိမ်းစစ်ခေါင်းဆောင်က ထောက်ပြသကဲ့သို့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကိုလည်း ကိုဗစ်ရောဂါအကြောင်းပြ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

အလားတူ NLD အစိုးရလက်ထက် ကျောင်းသင်ခန်းစာများတွင် Sex Education ခေါ် လိင်မှုရေးရာ ပညာရေးဆိုင်ရာ သင်ခန်းစာများ ထည့်သွင်းသင်ကြားခြင်းမှာ “မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေ” သည်ဟုလည်း သူ၏မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသေးသည်။

Sex Education ဆိုသည်မှာ လူငယ်များ လိင်စိတ်ဖြစ်ထွန်းစေရန် တွန်းအားပေးခြင်း မဟုတ်ဟု ပညာရေးအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ထောက်ပြသည်။

“အရိုးရှင်းဆုံး ပြောရရင် Sex Education သင်ကြားခွင့်ရသူတွေဟာ စောစောစီးစီး အိမ်ထောင်ကျတာ ကာကွယ်နိုင်မယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် BEAM Education Foundation ၏ ဒါရိုက်တာ ဦးကျော်ကျော်မင်းထွဋ်က ပြောသည်။

“စောစောစီးစီး အိမ်ထောင်ကျတယ်၊ မိသားစုဦးရေတွေ တိုးလာတယ်၊ ပြီးရင် စီးပွားရေးကျပ်တည်းတဲ့အတွက် ဆင်းရဲမွဲတေမှု တိုးလာတယ်၊ အဲဒါတွေကနေ အာဟာရချို့တဲ့တာတွေ ဖြစ်လာမယ်။ အဲဒါတွေ ကြီးထွားလာရင် လူမှုအသိုင်းအဝိုင်းကို ထိခိုက်မယ်။ ယဉ်ကျေးမှုကို ထိခိုက်တာနဲ့ ဘာမှမဆိုင်ဘူး” ဟု ဦးကျော်ကျော်မင်းထွဋ်က ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button