စီးပွားရေး

တစ်နေ့ ရေနံစည် ၄၀၀ ခန့် ထွက်သည့် ရေနံမြေတစ်ခုကို PDF ထိန်းချုပ်

မကွေးတိုင်းအတွင်း နေ့စဉ် ရေနံစည် ၄၀၀ ခန့် ထုတ်လုပ်နိုင်သည့် လက်ပံတိုရေနံမြေမှ ရဲများ ဆုတ်ခွာသွားပြီးနောက် ရေနံမြေနှင့် အနီးဝန်းကျင်ကို PDF ပူးပေါင်းတပ်က ထိန်းချုပ်လိုက်ကြသည်။

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း ပြည်ထောင်စုအဆင့် စီမံခန့်ခွဲသည့် နိုင်ငံပိုင်ရေနံမြေ ၇ ခု အနက် တစ်နေ့လျှင် ရေနံစည် ရာနှင့်ချီ ထုတ်လုပ်နိုင်သော ရေနံမြေတစ်ခုကို တော်လှန်ရေးအင်အားစုများက ဧပြီလကုန်တွင် သိမ်းပိုက်လိုက်သည်။

ပေါက်နှင့် မြိုင်မြို့နယ်အကြား တစ်ရက်လျှင် ရေနံစည် ၄၀၀ ခန့် ထုတ်လုပ်နိုင်သည့် လက်ပံတိုရေနံမြေဖြစ်ပြီး ထိုနေရာကို အင်အား ၅၀ ဝန်းကျင်ခန့်ဖြင့် လုံခြုံရေးယူပေးနေသည့် ဖလံကိုင်းနယ်မြေရဲစခန်းကို ကာလရှည် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၈ ရက်တွင် ရဲများအားလုံး ဆုတ်ခွာသွားသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက ပြောသည်။

ဝန်ထမ်းအများစုသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေခြင်း၊ ကာကွယ်ရေးအဖွဲ့များ၏ စစ်ရေးဖိအားပေးခြင်းတို့ကြောင့် ၂၀၂၁ ကတည်းက ထိုရေနံမြေမှ လုပ်ငန်းများ ရပ်တန့်နေသည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ဆိုသည်။

“လက်ပံတိုရေနံမြေက တစ်ရက်ကို စည် ၄၀၀ လောက် ထွက်တယ်ဗျ၊ PDF က ဝင်တော့ ၂၀၂၁  ဒီဇင်ဘာလောက်ကတည်းက MOGE က လက်လွှတ်ထားရတာ။ (PDF က) Notice ပေး (သတိပေး) တာပေါ့ဗျာ၊ အရာထမ်းတွေ ဝန်ထမ်းတွေက ကြောက်ပြီးထွက်ပြေးကြတာပေါ့” ဟု CDM တွင် ပါဝင်နေသည့် ထိုအရာရှိက ပြောသည်။

ရေနံစိမ်းထုတ်လုပ်မှု ရပ်တန့်သွားသော်လည်း အခြားဒေသမှ ရဲများ ဖလံကိုင်းရွာနှင့် တစ်မိုင်ခန့်အကွာ ဖလံကိုင်းနယ်မြေရဲစခန်းသို့ ရဟတ်ယာဉ်ဖြင့် ရောက်လာခဲ့ရာ တော်လှန်ရေးအင်အားစုက ထိုစခန်းကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

လက်ပံတိုရေနံမြေအဝင်ဝဆိုင်းဘုတ်ကို ယခုနှစ် ဧပြီလကုန်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါရဲစခန်းကို ပြီးခဲ့သည့် လေးလခန့်မှ စတင်၍ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တပ်ခွဲမှူးတစ်ဦးက ပြောသည်။

“ကာကွယ်ရေးအဖွဲ့တွေက ရိက္ခာလမ်းကြောင်းဖြတ်ထားဆိုတော့ ရိက္ခာလုံးလုံးပြတ်နေပြီလေ၊ လာလည်း မပို့နိုင်ဘူး၊ လေးလတစ်ကြိမ်လောက်လာတာ၊ ကားနဲ့လည်းမလာနိုင်ဘူး” ဟု သူက ဆိုသည်။

ဧပြီ ၁၄ တွင် စစ်ကောင်စီစစ်ကြောင်းက မြိုင်မြို့မှတစ်ဆင့် ရိက္ခာလာပို့ခဲ့သည်၊ ဧပြီ ၁၈ တွင် ရဲစခန်းအတွင်းရှိ ရဲများက အထက်အမိန့် ဖီဆန်ကာ ရိက္ခာပို့စစ်ကြောင်းနှင့်အတူ လိုက်ပါ ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။

ရဲနှင့်စစ်သား အင်အား ၁၅၀ ခန့်ရှိသည့် အထက်ပါစစ်ကြောင်း ဆုတ်ခွာရာလမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်များက အကြိမ်ကြိမ်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သားတစ်ဦးနှင့် ရဲ ၈ ဦးကို လက်နက်များနှင့် အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

ဧပြီ ၂၁ ရက်နေ့တွင် ဒဏ်ရာများနှင့် ဒုရဲမှူးလှထူး၊ ရဲတပ်ကြပ်နိုင်ဝင်းထွန်း၊ မိုင်းရှင်းလင်းရေးတပ်မှ တပ်ကြပ် မြင့်ဆန်းအောင်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်၊ နောက်တစ်နေ့တွင် အာဟာရပြတ်တောက်နေသည့် ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ် အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ်ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သား ညွန့်ဝင်း၊ ရဲဒုတပ်ကြပ်အေးမင်းတို့ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

မြိုင်ပကဖအဖွဲ့ ထုတ်ပြန်ထားသည့် ဖမ်းဆီးခံရဲများနှင့် လက်နက်များ မှတ်တမ်းဓာတ်ပုံ။

ဖမ်းဆီးခံထားရသူများအနက် ဒဏ်ရာရထားသူတစ်ဦး၊ ကာလရှည် အာဟာရပြတ်တောက်ခဲ့သည့် သက်ကြီးပိုင်းတစ်ဦး သေဆုံးသွားကြကြောင်း မြိုင်ပကဖ တာဝန်ခံ ကိုလက်ယာက ထိုစဉ်က Myanmar Now ကို ပြောထားသည်။

“လေးရက်လောက် ဘာမှမစားရတော့ အာဟာရတွေပြတ် ဆုံးတာ ဖြစ်နိုင်တယ်၊ ဂလူးကို့စ်တွေ ချိတ်တာကို မမီတော့ဘူး” ဟု သူက ဆိုသည်။

ရဲများကို ၆ လတစ်ကြိမ် နေရာလဲပေးမည်ဟု အထက်အရာရှိများက ပြောခဲ့ကြောင်း၊ သို့သော်လည်း ထိုစခန်းတွင် နေထိုင်ရသည်မှာ ၂၂ လ ကြာမြင့်ခဲ့သည်ဟု သုံ့ပန်းများက ထွက်ဆိုကြောင်း သိရသည်။

၎င်းတို့ထံမှ မောင်းပြန်ရိုင်ဖယ် ၇ လက်၊ M79 ဗုံးပစ်လောင်ချာတစ်လက်နှင့် ဆက်စပ်ကျည်မျိုးစုံ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ရဲများ၏ ဖီဆန်မှု

Myanmar Now က ရရှိခဲ့သည့် ရဲကြေးနန်းစာတစ်စောင်တွင် ကာလရှည် အဝိုင်းခံထားရသည့် ထိုစခန်းတွင် ရှိနေသူများနှင့် လူစားလဲရန် စီစဉ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးအဖွဲ့များထံမှ ရရှိသော ရဲကြေးနန်းစာ။

ဒုရဲမှူးတင်မောင်အေးနှင့် အင်အား ၂၅ ဦး၊ ဒုရဲမှူးမနားနိုင်းနှင့်အင်အား ၁၅ ဦးတို့ကို ဖလံကိုင်းနယ်မြေရဲစခန်းသို့ ပြောင်းရွှေ့ထမ်းဆောင်ရန် စေလွှတ်သော်လည်း ဧပြီ ၅ ရက်တွင် မြိုင်မြို့အနီးရှိ  အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံ (တကစ ၃) သို့ ရောက်ရှိပြီးမှ ဆက်လက်လိုက်ပါရန် ငြင်းဆိုသဖြင့် ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူရန် ညွှန်ကြားချက်ကို ဧပြီ ၈ ရက်နေ့ ရက်စွဲပါ ကြေးနန်းစာတွင် တွေ့ရသည်။

ထို့ကြောင့် ရောက်လာသည့် စစ်ကြောင်းနှင့်အတူ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

“ခဲယမ်းလာပို့တာ၊ စားသောက်ရိက္ခာလာပို့တဲ့ စစ်ကြောင်းနဲ့ အရေးယူချင်ယူပါစေဆိုပြီး ပြန်လိုက်သွားကြတာ၊ ရေက တအားရှားတော့ ဒုက္ခရောက်တယ်။ အစာရေစာလည်း ငတ်နေပြီ၊ ဘယ်မှလည်း သွားမရဘူး၊ အသေတော့မခံနိုင်ဘူး၊ ဟိုရောက်မှ အချုပ်ထဲဝင်ချင် ဝင်ရပါစေဆိုပြီး ထွက်လာတာပြောတယ်” ဟု ကိုလက်ယာက ဆိုသည်။

အဆိုပါ ရေနံမြေလက်လွှတ်ရပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီက ရေနံမြေအတွင်းရှိ အဆောက်အအုံများ၊ စက်ရုံများကို တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် လေယာဉ်များသုံးကာ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အကုန်ပျက်စီးတာ.​..နှစ်ရက်သုံးရက်လောက် မီးလောင်တာ၊ ငြှိမ်းသတ်လို့က မနိုင်တော့ဘူး၊ စက်ပစ္စည်းတွေကတော့ ပျက်စီးတာပေါ့ဗျာ” ဟု ကိုလက်ယာက ဆိုသည်။

လက်ယက်ရေနံတွင်းများသည် ရေနံ ဆက်လက်ထုတ်လုပ်ရန် လွယ်ကူသော်လည်း အဆိုပါ လက်ပံတိုရေနံမြေစက်ရုံမှာ လေကြောင်းရန်ကြောင့် လည်ပတ်ရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။

 “လည်ပတ်လို့ရနိုင်မယ်ဆိုရင်တောင် စက်ပစ္စည်းကလည်း မလွယ်ဘူး၊ ပညာရှင်တွေကလည်း မလာရဲဘူး၊ တည်နေရာက သိနေတာဆိုတော့ ဗုံးကြဲလည်း ခဏပဲလေ”

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ရေနံမြေအတွင်းမှ ယာဉ်တစ်စီး။

ရေနံထုတ်လုပ်မှု

ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲသည့် နိုင်ငံပိုင်ရေနံမြေ ၁၂ ခုအနက် မကွေးတိုင်းထဲမှာပင် ၇ ခုရှိပြီး ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရေနံစိမ်းစည် ၂၁ သိန်းကျော် ထွက်ရှိခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့က ပြန်ကြားရေးဝန်ကြီးဌာန၏ အွန်လိုင်းသတင်းဌာနတစ်ခုကို အာဏာမသိမ်းမီက ဖြေကြားထားသည်။

အလားတူ မကွေးတိုင်းအတွင်း နိုင်ငံပိုင်ရေနံမြေဒေသ ၅ ခုတွင် ၂ဝ၁၉ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာအထိ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၄ဝဝ ကျော်ထွက်ရှိခဲ့ကြောင်း တိုင်းအစိုးရက ပြောထားသည်။ 

ထိုရေနံမြေဒေသ ၅ ခုမှ သဘာဝဓာတ်ငွေ့ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေ သန်းပေါင်း ၄၅၅၄ ဒသမ ၄၈၈ သန်း၊ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၃၇၃၉ ဒသမ ၆၂ဝ သန်း ထွက်ရှိခဲ့ပြီး၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၃၄၈ဝ ဒသမ ၅၅၂ သန်း ထွက်ရှိခဲ့သည်။

အဆိုပါ ရေနံမြေများမှာ မင်းဘူးမြို့နယ်အတွင်းရှိ မန်းရေနံမြေ၊ ထောက်ရှာပင်-ကမ်းနီ ရေနံမြေ၊ ရေနံချောင်း ရေနံမြေ၊ ချောက်-လမ်းရွာ ရေနံမြေ၊ စပယ်-သာကြီးတောင် ရေနံမြေ၊ ထန်းကိုင်း-ပြရည် ရေနံမြေနှင့် ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်လိုက်သည့် ကျောက်ခွက်- လက်ပံတို-အရာတော် ရေနံမြေတို့ဖြစ်သည်။

ထိုအထဲမှ စံပယ်-သာကြီးတောင် ရေနံမြေသည်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စစ်ရေးခြိမ်းခြောက်မှုကြောင့် ရေနံစိမ်းထုတ်လုပ်နိုင်ခြင်း မရှိတော့ပေ။

Show More

Related Articles

Back to top button