နိုင်ငံရေးသတင်း

အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မည်ဟု စစ်ကောင်စီထုတ်ပြောလာ

နိုင်ငံတဝန်းတွင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံနှင့်ဖြစ်နေသော တိုက်ပွဲများအတွင်း အရေးမလှဖြစ်နေချိန် လိုအပ်ပါက အရပ်ဘက်အဆောက်အအုံများကိုပါ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်မည်ဖြစ်ကြောင်း စစ်ကောင်စီရှိသူက ထုတ်ဖော်ပြောဆိုလာသည်။

အရပ်ဘက်အဆောက်အအုံများအတွင်းမှနေ၍ ၎င်းတို့ကို ပစ်ခတ်ခဲ့ပါက ထိုနေရာကို စစ်ရေးပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်မည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (နိုဝင်ဘာ ၃၀) တွင် ပြောသည်။

အရပ်ဘက်ပစ်မှတ်များကိုပါမချန် စစ်ရေးအရ တိုးမြှင့်တိုက်ခိုက်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက တရားဝင်ထုတ်ဖော်ပြောဆိုကာ ခြိမ်းခြောက်လာခြင်းဖြစ်သည်။

“…ရန်သူက ကိုယ့်ကို မပစ်မခတ်မချင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာအပေါ်မှာ မူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ဒေသအနှံ့မှ လက်နက်ကိုင်တော်လှန်သူများကို ဖိနှိပ်ဖြိုခွင်းရာတွင် စစ်တပ်က အရပ်ဘက် အဆောက်အအုံများသာမက ဘာသာရေးအဆောက်အအုံများကိုပါ ပစ်ခတ်ဖျက်ဆီးလေ့ရှိသည်။ အရပ်သားအများအပြားသေဆုံးရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း စစ်ရေးအရ တုံ့ပြန်ခြင်းဟုသာ စစ်ကောင်စီက အကြောင်းပြလေ့ရှိသည်။

ဆန့်ကျင်ပုန်ကန်သူများသည် ပြည်သူပိုင် အဆောက်အအုံများ၊ ပညာရေးနှင့် ကျန်းမာရေးအဆောက်အအုံများကို အကာအကွယ်ယူပြီး ၎င်းတို့ကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က ပြန်ပစ်ပါက အရပ်ဘက်အဆောက်အအုံများကို ပစ်ခတ်သည်ဟု သတင်းထုတ်လွှင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြစ်တင်ဝေဖန်ထားသည်။

ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို ၂၀၂၃ အောက်တိုဘာ ၉ ရက် ညပိုင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးသူများနာရေးကို လိုင်ဇာသုသာန်တွင် ၂၀၂၃ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်စဉ်။ ဓာတ်ပုံ – CJ

လက်တွေ့မြေပြင်၌မူ အာဏာသိမ်းစစ်တပ်က လုံခြုံရေးအကြောင်းပြချက်ဖြင့် အရပ်ဘက်အဆောက်အအုံများတွင် တပ်စွဲကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက အစဉ်တစိုက် ထောက်ပြလေ့ရှိသည်။

ယခုနှစ် ဇွန်လကုန်ပိုင်းက ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (ICJ) ၏ အစီရင်ခံစာအရ တိုင်းနှင့် ပြည်နယ် ၁၂ ခုမှ ဘာသာရေးအဆောက်အအုံပေါင်း ၁၁၀ ထက်မနည်းတွင် စစ်တပ်က စခန်းချထားသည်ဟု ဆိုသည်။

အရပ်ဘက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်သည်ဆိုကာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ ပြုလေ့ရှိသည်။

စက်တင်ဘာ ၁၆ ရက်နေ့က စစ်ရဟတ်ယာဉ်များ သွားရောက် တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ)

အနီးကပ်ဆုံးအားဖြင့် ကရင်နီပြည်နယ်တွင် နိုဝင်ဘာလအတွင်းက လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်ရင်းနှစ်ခုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်အထိ သေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် လက်ကျန်စစ်သား ၃၈ ဦး လက်နက်ခဲ့သည်။ 

တက္ကသိုလ်ဝင်းအတွင်း စစ်တပ်စခန်းချသည်ကို သတင်းထိမ်ချန်ပြီးနောက် အရပ်ဘက်ပစ်မှတ်များကို ကရင်နီတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သည်ဟု စစ်ကောင်စီက မျက်နှာပြောင်တိုက် စွပ်စွဲခဲ့သည်။

·   ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့သော အဆိုးရွားဆုံးရာဇဝတ်မှုများ

·   အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

· စစ်ကောင်စီ၏ အရက်စက်ဆုံး လေကြောင်းတိုက်ခိုက်မှုများ

အဆိုးရွားဆုံး အရပ်ဘက်တိုက်ခိုက်ခံရမှုများ 

() ထန်တလန်မြို့ (ချင်း) – တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ချင်းပြည်နယ်ရှိ ထန်တလန်မြို့ကို စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀ ကျော် ပြုလုပ်ခဲ့သည်။

လူဦးရေ ငါးသောင်းကျော်သာရှိသည့် မြို့ငယ်လေးသည် စစ်ကောင်စီ၏ဗုံးဒဏ်ကြောင့် တစ်မြို့လုံး စိစိညက်ညက် ကြေသွားခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက်အဖွဲ့၏ အဆိုအရ ၂၀၂၁ မှစတင်ပြီး ထန်တလန်အပါအဝင် ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၀၀၀ ကျော် ဖျက်ဆီးခံရပြီး၊ လူဦးရေ ၂၅၀ ကျော် သတ်ဖြတ်ခံရကာ လူဦးရေ ၆၀,၀၀၀ နီးပါးအိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

() မုန်လိုင်ခက်စစ်ရှောင်စခန်း(ကချင်) – မုန်လိုင်ခက်စစ်ရှောင်စခန်း တရုတ်နိုင်ငံနှင့် ချောင်းတစ်ခုသာ ခြားသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ မြောက်ဘက် ၂ မိုင်အကွာတွင် တည်ရှိသည်။၂၀၂၃ အောက်တိုဘာ ၉ ညသန်းခေါင်ယံအချိန် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးရှောင် ၂၈ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုတိုက်ခိုက်မှုမှာ စစ်ကောင်စီလက်ချက်ဟု KIA ကစွပ်စွဲထားသည်။ စစ်ကောင်စီက ငြင်းဆန်ပြီး KIA ၏ ယမ်းဂိုထောင် ပေါက်ကွဲမှုဟု တုံ့ပြန်သည်။ သို့သော် အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းကမူ ဗုံးဖြင့် တိုက်ခိုက်မှုဟု သတ်မှတ်ခဲ့သည့်အတွက် စစ်ကောင်စီ ဒေါသထွက်ခဲ့သည်။

() ပဇီကြီးရွာ (စစ်ကိုင်း) – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ ပဇီကြီးရွာကို ၂၀၂၃ ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီက  တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သားအများစုပါဝင်သည့် လူ ၁၅၅ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရခဲ့သည်။

သေဆုံးသူများထဲတွင် ၆၅ နှစ်အထက် ၄၂ ဦး ပါဝင်သည်၊ ကိုယ်ဝန်ဆောင် ၅ ဦးနှင့် ကလေး ၃၀ ကျော်လည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီကမူ ထိုရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ရုံးတည်ဆောက်ပြီး ဖွင့်ပွဲလုပ်မည်ဟု သတင်းရသဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ၂၀၂၃ ဧပြီ ၁၄ ရက်ထုတ် စစ်တပ် ဝါဒဖြန့်ချိရေးသတင်းစာများတွင် ဝန်ခံထားသည်။

() အနမ့်ပါဂီတဖျော်ဖြေပွဲ (ကချင်/ဖားကန့်) – ၂၀၂၂ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ် ဖားကန့်ဒေသ အနမ့်ပါရွာတွင် ပြုလုပ်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ KIA တပ်ဖွဲ့ဝင်များ အနုပညာရှင်၊ စီးပွားရေးသမားများ အပါအဝင် ၆၂ ဦး သေဆုံးကာ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၅) လက်ယက်ကုန်းရွာ (စစ်ကိုင်း) –၂၀၂၂ စက်တင်ဘာ ၁၆ နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ရုတ်တရက် ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ကလေးငယ် ၇ ဦးနှင့် ကျေးရွာနေ ဒေသခံအရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ ဒဏ်ရာရကလေးများ၊ စေတနာ့ဝန်ထမ်း ဆရာဆရာမများနှင့် အရပ်သားအချို့ အပါအဝင် စုစုပေါင်း ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်။

Show More

Related Articles

Back to top button