သတင်း

မြဝတီမြို့အနီး တိုက်ပွဲများ ဆက်ရှိနေ၊ စစ်ကောင်စီက လေတပ်ကို အားပြု

လေးကေ့ကော်မြို့အသစ်အနီးရှိ စွယ်တော်ကုန်းတပ်စခန်းကို ပူးပေါင်းတပ် ဝင်တိုက်ရာ စစ်တပ်က ပြင်းပြင်းထန်ထန် ခုခံနေသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်စခန်းကို ကရင်လက်နက်ကိုင်တပ် KNLA နှင့် မဟာမိတ်တို့က ယမန်နေ့ည (ဧပြီ ၂၅) ၁၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူသုံးကာ ပြန်လည်ခုခံခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

စွယ်တော်ကုန်းစခန်းသည် လေးကေ့ကော်မြို့သစ် နယ်မြေအတွင်း စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသော အထိုင်စခန်းဖြစ်ပြီး လနှင့်ချီ ပိတ်ဆို့ခံထားရသည်။

ပြီးခဲ့သည့် မတ်လအတွင်း၌ စွယ်တော်ကုန်းအောက်ဘက်ရှိ ရေကန်ကုန်းစခန်းကို ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

လေတပ်က စွယ်တော်ကုန်းစခန်းဝန်းကျင်ကိုသာမက တော်လှန်ရေးတပ်များရှိနိုင်သည့် လက်ခတ်တောင်၊ ဖလူးကျေးရွာနှင့် လေးကေ့ကော်မြို့နေရာများကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)၊ တပ်ရင်း ၈ မှ သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“စွယ်တော်ကုန်းစခန်းကို ပိတ်ထားတဲ့ အဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပြီးတော့ Y-12 (တရုတ်ထုတ်လေယာဉ်) နဲ့ ၁၀ ခေါက်လောက်ရှိမယ် ဗုံးကြဲချတာ” ဟု သူက ဆိုသည်။

တော်လှန်ရေးအင်အားစုများ ယမန်နှစ်က သိမ်းယူထားသော လက်ခတ်တောင်ဘက်ကို မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း (၂၇၅) စခန်းက လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“မနေ့ည ၁၁ နာရီ ၂၉ မိနစ်လောက်မှာ လက်ခတ်တောင်ဘက်ကို ပစ်တာ အ‌မြောက်သံ ၇ ချက်လောက်တော့ ကြားရတယ်။ လေးကေ့ကော်ဘက်ကို လေယာဉ်ဗုံးကြဲတဲ့အသံကိုတော့ သိပ်မကြားရဘူး။ လေယာဉ်လာတဲ့အသံတော့ ကြားရတယ်” ဟု အဆိုပါ ဒေသခံက ယနေ့ (ဧပြီ ၂၆) တွင် ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အနီးတွင် ဧပြီလဆန်းပိုင်းကတည်းက ပြင်းထန်သည့်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ရာမှ ဧပြီ ၂၁ နံနက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ရပ်တန့်သွားခဲ့သည်။

ထို့နောက် ၄ ရက်အကြာတွင် သေနတ်သံများ ပြန်ကြားရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ယခုနောက်ပိုင်း ကရင်ပြည်နယ်စစ်မျက်နှာတွင် တိုက်လေယာဉ်များထက် လက်နက်ကြီးကျည် ဝန်ပိုသယ်ဆောင်နိုင်သော သယ်ယူပို့ဆောင်ရေးလေယာဉ် Y 12 များကို ပိုမို အသုံးပြုနေသည်၊ တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကို Y 12 များပေါ်မှ လက်နက်ကြီးကျည်များ ကြဲချသည်ဟု သိရသည်။

ဧပြီ ၂၅ ညဘက် လေကြောင်းတိုက်ခိုက်မှုသည် မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စုထဲရှိ ရသေ့ဂူကျေးရွာ အနီးပတ်ဝန်းကျင်နှင့် အာရှလမ်းကြီးတစ်လျှောက်တွင် ဖြစ်ပွားခဲ့သည်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ကတော့ သူတို့အားသာချက်ရှိတဲ့ လေယာဉ်ကိုပဲ သုံးနေတာဆိုတော့ တိုက်ပွဲက ပြင်းထန်လာပြီဆိုရင် လေယာဉ်ပဲ အသုံးပြုပြီး ဗုံးကြဲတာပေါ့” ဟု သူက ပြောသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုဘက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း ကျားဖြူစစ်ကြောင်းက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ယခုတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး KNLA တပ်၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)  ပြန်ကြားရေးတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ယမန်နေ့ည လေကြောင်းတိုက်ခိုက်ခံရသည့် ဒေသများသည် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ထားခံရမှုများကြောင့် ယခုအချိန်အထိ အသေးစိတ်အခြေအနေများကို မသိရှိရသေးကြောင်း ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ တာဝန်ရှိသူ လယ်ဒိုကော်ဆာက Myanmar Now ကို ပြောသည်။

ဧပြီလ ၁၁ ရက်နေ့တွင် ပူးပေါင်းတပ်က မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း (၂၇၅) တပ်စခန်းကို သိမ်းပိုက်ထားသော်လည်း တိုက်ပွဲများတွင် မပါဝင်ဘဲ ရက်ပေါင်းများစွာ ကြားနေပြခဲ့သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ် ထိုစခန်း ပြန်ရရန် ကူညီခဲ့သည်ဟု သိရသည်။

ထိုစခန်းကို စစ်ကောင်စီ ပြန်ရသွားခြင်းကြောင့် KNU ကို ထောက်ခံသူများက အံ့သြစိတ်ပျက်ရကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသား ဝေဖန်နေကြရာ ဧပြီလ ၂၄ ရက်နေ့တွင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်းစခန်းများကို ၎င်းတို့ သိမ်းပိုက်ထားဆဲဖြစ်သည်ဟု သတင်းဌာနများကို အသံဖိုင် ပို့ပြီးပြောသည်။

“ပိုပြီးရှင်းအောင် ပြောချင်တာက ကျွန်တော်တို့တပ်တွေ အကုန်လုံး သင်္ဃန်းညီနောင် ၃၅၅၊ ၃၅၆ ၊ ၃၅၇၊ ဗျူဟာ အကုန်လုံး ကျွန်တော်တို့ ထိန်းထားတယ်နော်။ ကျွန်တော်တို့တပ်တွေပဲ ရှိတယ်၊ မရှိတာက မြို့ထဲက ၂၇၅ ပဲ” ဟု ပဒိုစောတောနီးက  ပြောသည်။

မြဝတီသို့ ချီတက်လာသော စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းကိုလည်း ပူးပေါင်းတပ်က လမ်းတွင် ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီကမူ မြဝတီဒေသ နောက်ဆုံးအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းတပ်က ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၄၃၄) ခြေမြန်တပ်ရင်းစခန်းနှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန (စစန-၆၄၂) တို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း KNU တပ်များ၏ သတင်းကို ဖော်ပြလေ့ရှိသည့် KNU Mutraw News facebook စာမျက်နှာက ယမန်နေ့တွင် သတင်းဖော်ပြထားသည်။

တနင်္သာရီတိုင်း မြိတ်-ထားဝယ်ဒေသ မောထအမည်ရှိ စခန်းကို ပူးပေါင်းတပ်က ဧပြီလ ၂၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်၊ ထိုစခန်းရှိ “တပ်ဖွဲ့ဝင်များအားလုံး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်” ဟုလည်း KNU က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ တွင် အာဏာသိမ်းပြီး နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုများ ဆက်တိုက် ပေါ်ပေါက်လာပြီး စခန်းအများအပြား လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို အကြီးအကျယ် အားပြုနေရသည်။

Show More

Related Articles

Back to top button