ဆောင်းပါး

စစ်ကောင်စီ၏ အရက်စက်ဆုံး လေကြောင်းတိုက်ခိုက်မှုများ

အရပ်သား ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် တစ်နိုင်ငံလုံး ခုခံတော်လှန်မှုမြင့်နေချိန်တွင် စစ်ကောင်စီ လွန်စွာ ဘေးကျပ်နံကျပ်ဖြစ်နေသည်။

တော်လှန်ရေးသမားတို့၏ ပြောက်ကျားခုခံမှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်တပ်၏ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ စွမ်းရည်ပိုင်း လွန်စွာဆိုးရွား ကျဆင်းနေချိန်၊ ဘက်ပြောင်းခိုလှုံသူ၊ တပ်ကို စွန့်ခွာပြီးသူ သို့မဟုတ် စွန့်ခွာရန် တိတ်တဆိတ်စီစဉ်နေသူ များနေချိန်တွင် စစ်ကောင်စီက မြေပြင်ရင်ဆိုင်တိုက်ပွဲများထက် လေကြောင်းအားပြု၍ စစ်ဆင်သည့် ဗျူဟာကို သုံးလာသည်။

တော်လှန်ရေးသမားတို့ ခုခံရန် မစွမ်းသာသေးသည့် လေကြောင်းတိုက်ခိုက်မှုသည် နိုင်ငံအနှံ့ အလဲလဲအကွဲကွဲဖြစ်နေသည့် တပ်ပိုင်းဆိုင်ရာ အခြေအနေကို အကောင်းဆုံး ဖာထေးနေနိုင်သော်လည်း သာလွန်လက်နက်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်။

တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲရုံသာမက ဒုံးကျည်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မဆင်မခြင်ပစ်ခတ်နေသလို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ပေါ်မှ စစ်သားများဆင်းလာကာ ရုတ်တရက် ဝင်ရောက်စီးနင်းသည့် ပုံစံကို စစ်ကောင်စီက ကျင့်သုံးနေခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများသာမက စာသင်ကျောင်း၊ မြို့၊ ရွာ စသည့် အရပ်ဘက်ပစ်မှတ်များပါ ပစ်မှတ်ဖြစ်နေသဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို နိုင်ငံတကာကပင် အံ့ဩမှင်တက် ဖြစ်နေရသည်။

အရပ်သားတို့ အစုလိုက် အပြုံလိုက် သေဆုံး၊ ဒဏ်ရာရစေသည့် ဆိုးရွားသော ဖြစ်စဉ်များကို ဖော်ပြလိုက်ပါသည်။

အောက်တိုဘာ ၂၃ ရက်နေ့က ဗုံးကြဲခံရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဖြစ်စဉ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်း တည်နေရာ အခြေပြမြေပုံ။ ဓာတ်ပုံ-KIA ဗိုလ်ချုပ်ဂွန်မော်

အနမ့်ပါ ၊  ဖားကန့်မြို့နယ်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးမှု အများဆုံးစာရင်းတွင် ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်ရှိ အနမ့်ပါရွာဖြစ်စဉ်က ထိပ်ဆုံးမှ ရပ်တည်နေသည်။

အောက်တိုဘာလ ၂၃ ရက်နေ့က အနန့်ပါရွာတွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အားကစားပြိုင်ပွဲများပါ ပါဝင်သော၊ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော ထိုပွဲတော်သို့ ရွာနီးချုပ်စပ်မှ အရပ်သားအများအပြား ရောက်နေသည်။ ည ၉ နာရီဝန်းကျင်တွင် တိုက်လေယာဉ် သုံးစီးက ဗုံးသုံးလုံးထက်မနည်း ကြဲချရာ တစ်လုံးမှာ ဖျော်ဖြေရေးစင်နှင့် အထူးဧည့်သည်တော်များ ရှိနေသည့် ရှေ့ဆုံးတန်းသို့ တည့်တည့်ကျသည်၊ အခြားဗုံးများမှာ စားဖိုဆောင်နှင့် ပွဲခင်း၏ မနီးမဝေးသို့ ကျသည်ဟု ကိုယ်တွေ့ကြုံရသူအချို့ထံမှ သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အရာရှိ၊ အနုပညာရှင်၊ စီးပွားရေးသမားတို့ အပါအဝင် ၆၂ ဦး သေဆုံး၊ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း KIA က အတည်ပြုသည်။ ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေး မကောင်းသည့် အနန့်ပါတွင် ထိုဖြစ်စဉ်အပြီး ရက်သတ္တပတ်ကျော်သည်အထိ အသေးစိတ် စာရင်းအတည်ပြုရခက်နေဆဲဖြစ်သည်။

အောက်တိုဘာ ၂၃ရက်နေ့က ဗုံးကြဲခံရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဖြစ်စဉ်အတွင်း သေဆုံးသွားသူများ။ ဓာတ်ပုံ-ပေးပို့

စစ်ကောင်စီ၏ ရက်စက်မှုများ ထိုမျှဖြင့် မပြီးပါ။ ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်ရန် သွားရောက်သူများ၊ ဆေးဝါးပို့ဆောင်မှုများ အနန့်ပါသို့ မရောက်စေရန် လမ်း၌ တားမြစ်သည်။ သေဆုံးသူတို့၏ နာရေး လူသိရှင်ကြား ကျင်းပခွင့်ကို တားမြစ်သည်။

အနန့်ပါ၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည့် ဖားကန့်မြို့သို့ ဒဏ်ရာရသူများ သယ်ဆောင် ကုသခွင့်ကိုလည်း ပိတ်ဆို့ထားသည်၊ ကုသပေးသူကို မတရားအသင်းဆက်သွယ်သည့် ဥပဒေပုဒ်မဖြင့် အရေးယူမည်ဟုပင် စစ်ကောင်စီက သတိပေးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ထိုအခြေအနေများကြောင့် ဖြစ်စဉ်ပြီး ၁၀ ရက်ကျော်ကြာချိန်တွင် အချိန်မီကုသမှုမခံယူနိုင်သဖြင့် သေဆုံးရသူအရေအတွက် ပိုများလာနေကြောင်း၊ အလျဉ်းသင့်သလို တကွဲတပြား ကုသနေရ၍ စာရင်းအတိအကျကောက်ယူရန်ပင် ခက်ခဲနေကြောင်း၊ သေဆုံးသူဦးရေသည် KIA ပြောထားသည်ထက် များနိုင်ကြောင်း ကူညီကယ်ဆယ်ရေးသမားအချို့က ဆိုသည်။

“ခေါင်းတခြား၊ ကိုယ်တခြား။ တချို့ဆိုရင် ဘေးနားက သစ်ပင်တွေမှာ အသားစတွေ ကပ်နေတာ တွေရှိတယ်။ လက်ပြတ်၊ ခြေပြတ်တွေလည်း ကပ်နေတာ။ သေဆုံးသူက အတိအကျကို ထုတ်ပြန်လို့ မရသေးဘူး” ဟု အကူအညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောထားသည်။

ပဒတ္ထိုင်းရွာ၊  မြင်းမူမြို့နယ်

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာတွင် ပြုလုပ်ခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့ သင်တန်းဆင်းပွဲကို လေကြောင်းမှ ပစ်ခတ်သည့်အပြင် ရဟတ်ယာဉ်ပေါ်မှ စစ်သားများဆင်းလာပြီး စီးနင်းတိုက်ခိုက်ရာ ဒေသခံ အများအပြား သေဆုံးခဲ့ရသည်။

ထိုနေ့က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်မှ ထွက်လာသော စစ်ရဟတ်ယာဉ် ၅ စီးက ပဒတ္ထိုင်းကျေးရွာကို တိုက်ခိုက်ခြင်းဖြစ်သည်။ အိမ်ထောင်စုပေါင်း ၆၅၀ ကျော်၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်သည့် ပဒတ္ထိုင်းရွာသည် မုံရွာ၊  ချောင်းဦး၊ အရာတော်၊ မြင်းမူစသည့် မြို့လေးခု၏ အလယ်တွင်ရှိပြီး မြင်းမူမြို့မှ ၁၃ မိုင်ခန့် ကွာဝေးသည်။

သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ရဟတ်ယာဉ် ၂ စီး အနိမ့်ပျံသန်း ပစ်ခတ်ပြီးနောက် ကျန် စစ်ရဟတ်ယာဉ် ၃ စီးပေါ်မှ ဆင်းလာသည့် စစ်သားများက ပဒတ္ထိုင်းရွာနီးချုပ်စပ်ကို ဝင်ရောက်စီးနင်းသည်။ ပဒတ္ထိုင်းရွာတွင် သုံးရက်ခန့် တပ်စွဲပြီး စစ်ကောင်စီတပ် ပြန်ထွက်သွားချိန်တွင် မီးလောင်ထားသည့် ရုပ်အလောင်းများကို ဒေသခံတို့ တွေ့လိုက်ရသည်။

ထိုဖြစ်စဉ်အတွင်း အသတ်ခံရသည့် ရွာသား ၂၀ ကျော် ရှိသည်ဟု ဒေသခံများက ခန့်မှန်းထားသည်။

သေဆုံးသူများထဲတွင် ဦးထွန်းထွန်း (အသက် ၅၀)၊ ဦးမျိုးခိုင် (၄၀ ကျော်)၊ ဦးပေါက်စ (၅၇)၊ ဦးကျော်မျိုးဦး (၄၀)၊ ဦးမင်းနောင် ( ၃၀ ခန့်)၊ ဦးခင်မောင်စိုး (၅၀)၊ ဦးမျိုးချစ် (၆၀)၊ ဦးချစ်မျိုးမျိုး(၄၀ ကျော်)၊ ဒေါ်မိုးဆွေ ( ၅၀) ဂရုကျေးရွာမှ အမျိုးသားတစ်ဦး (၂၀ ခန့်)တို့ ပါဝင်သည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာကို ဇန်နဝါရီ ၃၁ရက်နေ့က စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၊ စစ်သားများဆင်းလာကာ ရုတ်တရက် စီးနင်း တိုက်ခိုက်ပြီးနောက် ကျန်ရစ်ခဲ့သည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရုပ်ကြွင်းများ။ (ဓာတ်ပုံ-ပေးပို့)

လက်ယက်ကုန်းရွာ ၊  ဒီပဲယင်းမြို့နယ်

အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို မီးမောင်းထိုးပြနေသည့် ဖြစ်ရပ်များတွင် ကလေးငယ်များ ထိခိုက်သေဆုံး၍ ဒဏ်ရာအကြီး အကျယ်ရစေခဲ့သည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ တိုက်ခိုက်မှုမှာ အော့နှလုံးနာဖွယ်ဖြစ်သည်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရုတ်တရက် ရောက်လာပြီး လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ထိုအဆောက်အအုံမှာ ဘုန်ကြီးကျောင်းဝင်းအတွင်း ဖွင့်ထားသည့် စာသင်ကျောင်းငယ်မျှသာဖြစ်သည်။

စက်တင်ဘာ ၁၆ တွင် လက်ယက်ကုန်းရွာ၏ ထိုစာသင်ကျောင်းလေးထဲ၌ ကလေးငယ်များ ရှိနေစဉ် ကမ္ဘာပျက်သည့်နှယ် ဖြစ်ရပ်ဆိုး ပေါ်ပေါက်လာသည်။ အေးအေးချမ်းချမ်း စာသင်နေသည့် ကလေးငယ်များမှာ ရဟတ်ယာဉ်သံ ရုတ်တရက်ကြားလိုက်ရပြီးနောက်တွင် ကျောင်းသို့ လာမှန်သည့် ကျည်ဆန်များအကြား ဒုက္ခရောက်ရတော့သည်။

စာသင်ကျောင်းနံရံတွင် သွေးစွန်းခဲ့ရသည့် ထိုဖြစ်စဉ်အတွင်း ကလေးငယ် ၇ ဦးနှင့် ကျေးရွာနေ ဒေသခံ အရပ်သား ၆ ဦး အနည်းဆုံး သေဆုံးခဲ့ရသည်။

စက်တင်ဘာ ၁၆ ရက်နေ့က စစ်ရဟတ်ယာဉ်များ သွားရောက် တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ)

ဒဏ်ရာရကလေးများ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် အရပ်သားအချို့အပါအဝင် စုစုပေါင်း ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုဖြစ်စဉ်အပြီး တစ်လကျော်ကြာသည်အထိ ၁၀ ဦးသာ ပြန်လွတ်မြောက်လာခဲ့ပြီး ကျန်ကလေးငယ် ၂ ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် ရန်ကုန်နှင့် မုံရွာဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။

အဆိုပါရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ပြန်လည်လွတ်မြောက်လာသည့် ကလေးငယ်များလည်း စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေရဆဲဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်နေ့က စစ်ရဟတ်ယာဉ်များ သွားရောက် တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ)

ရင်ပေါင်တိုင်ရွာ၊  ယင်းမာပင်မြို့နယ်

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားသည့် ဆိုးဝါးပြင်းထန်သော လေကြောင်းတိုက်ခိုက်မှု နောက်တစ်ခုမှာ ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ကျေးရွာ ဖြစ်စဉ်ဖြစ်သည်။။

ရင်ပေါင်တိုင်ရွာ၌ ငါးရက်တစ်ခါ ဖွင့်လှစ် ရောင်းချသော ဈေးနေ့ ဩဂုတ် ၁၁ ရက်၊ လူအများသွားလာ စည်ကားနေချိန်တွင် ရုတ်တရက် ရောက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကြောင့် ငရဲကျသလို ဖြစ်ခဲ့ရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့ဘက်မှ တက်လာသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးသည် ရင်ပေါင်တိုင်ရွာကို ရုတ်တရက်ရောက်ရှိလာပြီး တစ်နာရီနီးပါးကြာ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအများစု ရှောင်တိမ်းချိန် မရလိုက်ပေ။

စစ်တပ်က ရွာအတွင်း၌ သုံးရက်ကြာ တပ်စွဲခဲ့ပြီးနောက် ပြန်လည်ထွက်ခွာချိန်တွင် အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သားပြည်သူတို့၏ ရုပ်အလောင်း ၁၈ လောင်းကို တွေ့ရှိခဲ့ရသည်။

စစ်ကိုင်းနှင့် နယ်နိမိတ်ဆက်နေသည့် ချင်းပြည်နယ်မှ လူအင်အား ၈၀ နီးပါး ပါသည့် တော်လှန်ရေးအဖွဲ့တစ်ခု ရင်ပေါင်တိုင်၌ ခရီးတစ်ထောက် ဝင်နားနေချိန်တွင် ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတစ်ဝိုက် ဩဂုတ် ၁၁ရက်နေ့က စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်စီးနင်းပြီး တွေ့ရသည့် အပျက်အစီးများ။ (ဓာတ်ပုံ – ပေးပို့)

ရွာအတွင်းမှ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ လက်နက်ကြီး ထိမှန်ဒဏ်ရာများဖြင့် ကျန်နေခဲ့သည့် ဒေသခံအချို့ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး နှိပ်စက်ကြောင်း ရင်ပေါင်တိုင်ရွာ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“ပြည်သူကို နှိပ်စက်နေတဲ့ စစ်ကောင်စီကိုတော့ နာကြည်းချက်တွေနဲ့ ဆက်လက်တွန်းလှန်မယ်။ ဒီလိုဖြစ်ရပ်မျိုး သားစဉ်မြေးဆက်တွေအထိ မဖြစ်အောင်လို့ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်မယ်။ ဒီလိုဖြစ်ရပ်မျိုးကို ကျန်တဲ့ရွာတွေကိုလည်း မဖြစ်စေချင်ဘူး” ဟု သူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို ဩဂုတ် ၁၁ရက်နေ့က စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်စီးနင်းပြီး တွေ့ရသည့် အပျက်အစီးများ။ (ဓာတ်ပုံ – ပေးပို့)

မိုးဗြဲမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း

ခုခံတော်လှန်သူများကို နှိမ်နင်းရာတွင် အရပ်သား လူနေထိုင်ရာ မြိုရွာများပါမကျန် မြေလှန်သည့်စနစ် ကျင့်သုံးသည့် စစ်အာဏာရှင်၏ စရိုက်ဆိုးကို ရှမ်း-ကယားနယ်စပ်က မိုးဗြဲမြို့တွင်လည်း ကြုံရသည်။

စက်တင်ဘာလဆန်းပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ပေါ်သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အထိနာချိန်တွင် စစ်တပ်က မိုးဗြဲမြို့ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုးဗြဲမြို့တွင် ဈေးဆိုင်တန်းများ၊ လူနေအိမ်များမှာ သုသာန်တစပြင်အလား ပျက်စီးသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စက်တင်ဘာ ၁၆ က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ -ပေးပို့

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိုးဗြဲမြို့ မြို့မရပ်ကွက်၊ မွေတော်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်လေးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထိုသေဆုံးမှု ဖြစ်စဉ်အတွင်း အသက် ၁၀ နှစ်နှင့် ၇ နှစ်အရွယ် ညီအမနှစ်ဦး ပါဝင်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသောင်းနီးပါးရှိသည့် မိုးဗြဲတွင် မြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် အနီးအနားကျေးရွာများမှ စစ်ရှောင် တစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စက်တင်ဘာလဆန်းပိုင်းက စစ်တပ် ပစ်သည့် လက်နက်ကြီး ထိမှန်ခဲ့သည့် ပွဲကုန်း ၃ ရပ်ကွက်ရှိ လူငယ်စာကြည့်တိုက်။ ဓာတ်ပုံ – Myanmar Now

အိုးအိမ်ဆုံးရှုံးသူ၊  သေဆုံးသူ၊  ဒုက္ခသည်ဘဝရောက်သူ တိုးလာ

စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၁.၄ သန်းနီးပါး ရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည့် အောက်တိုဘာ ၂၄ ရက် စာရင်းတွင် တွေ့ရသည်။

ထိုကာလအတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂၅၀၀ နီးပါး ရှိကာ၊ လူပေါင်း ၁၀၀၀၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းအရ သိရသည်။

အရပ်ဘက် အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ ဩဂုတ်လစာရင်းအရ နိုင်ငံတစ်ဝန်း စစ်တပ်လက်ချက်ဖြင့် မီးလောင်သည့် နေအိမ် ၂၀၀၀၀ ကျော်ရှိပြီး အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း တွေ့ရသည်။

အာဏာသိမ်းပြီးနောက် ပြည်သူမဲပေးရွေးချယ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာထားသည့် စစ်တပ်က ၎င်းတို့၏ လုပ်ရပ်ကို ရပ်တန့်၊ နောက်ပြန်ဆုတ်မည့် အခြေအနေကို မတွေ့ရသေးပေ။ ဖမ်းဆီးထားသည့် ဒီမိုကရေစီခေါင်းဆောင်၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်၍ သွေးချောင်းစီးမှုများကို ရပ်တန့်ရန် နိုင်ငံတကာက ဖိအားပေးနေသော်လည်း စစ်ကောင်စီက ငြင်းဆိုလျက်သာရှိသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ကို သတ်ဖြတ်အပြီးတွင် နိုင်ငံအနှံ့ ခုခံတော်လှန်ရေးအဖွဲ့များစွာ ပေါ်ပေါက်လာရာ အများစုမှာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာ၊ စီးပွားရေး မျက်နှာစာများတွင် စစ်ကောင်စီကို အကျပ်တွေ့အောင် လုပ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်လုပ်ဆောင်နေသည်ဟု ယုံကြည်ဖွယ်ရှိသည်။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ထားနိုင်သည့် NUGက စစ်အာဏာရှင်အမြစ်ဖြုတ်ရေး ခုခံတော်လှန်စစ်ကို တစ်နှစ်စီမံကိန်းဖြင့် အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

စစ်မီးမှာ မြို့၊ ကျေးရွာမချန် တစ်စတစ်စ တောက်လောက်နေပြီး အသက်၊ အိုးအိမ် ဆုံးရှုံးမှုများ နေ့စဉ် ဖြစ်ပေါ်နေသလို သူခိုး၊ ဓားပြရန်မှာလည်း ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီးများ၌ပင် ကြောက်မက်ဖွယ်ရာ ဆိုးရွားနေပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button