သတင်း

ကျောက်ပန်းတောင်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လေတပ် လာရောက် ဗုံးကြဲသဖြင့် မိသားစုဝင် လေးဦးသေဆုံးရာ ထိုအထဲတွင် ကလေးတစ်ဦး ပါဝင်သည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ကို ယမန်နေ့ (စက်တင်ဘာ ၁) ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါဝင် ဒေသခံ လေးဦး သေဆုံးသွားသည်ဟု သိရသည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အချိန်တွင် ပုပ္ပားမီးငြိမ်းတောင်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ မြင်းခြံကုန်းကျေးရွာ ဗုံး ၆ လုံးကြဲချခံရသည်ဟု သိရကြောင်း ပြည်သူကာကွယ်ရေးတပ်မတော် PDF  မြင်းခြံခရိုင်အမှတ်(၂) တပ်ရင်း၏ တပ်ရင်းမှူးက  ပြောသည်။

“ကာကွယ်ရေးအဖွဲ့တွေ အရောက်အပေါက်မရှိဘူး။ Mission(စစ်ဆင်ရေး) လုပ်ရမယ့်ဒေသတွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့က စစ်သားတွေနဲ့ အနီးဆုံးနေရာမှာနေပြီးတော့မှ လှုပ်ရှားတယ်” ဟု PDF တပ်ရင်းမှူးက ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် ထိုရွာရှိ နေအိမ်တစ်အိမ်တွင် မိသားစုဝင် လေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာအပြင်းထန် ရရှိကြောင်းမြင်းခြံခရိုင်အမှတ်(၂) တပ်ရင်းနှင့် ဒေသအခြေစိုက် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကျောက်ပန်းတောင်း လူငယ်ကွန်ရက်က အတည်ပြုသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ၏ အမည်နှင့်အချက်လက်အသေးစိတ်ကို Myanmar Now က အတည်ပြုဖော်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

ယခုလေကြောင်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိပေ။

မြင်းခြံခရိုင်နှင့် နယ်နမိတ်ဆက်စပ်နေသည့် ကျောက်ပန်းတောင်းမြို့နယ်တွင် ဩဂုတ် ၃၁ က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ထိုနေ့က ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို  မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း လက်ပံပျားရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များက စီးနင်းတိုက်ခိုက်ရာ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှုး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့်တပ်ကြပ်မြတ်သူတို့ သေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၂) တပ်ရင်းမှူးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များသေဆုံးသည်ကို Myanmar Now ၏ ရဲသတင်းရင်းမြစ်များက အတည်ပြုသလို စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် အလားတူရေးသားဖော်ပြသည်။ 

တပ်တွင်းသတင်းပေးများကြောင့် ထိုကဲ့သို့စီးနင်းတိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး သေနတ် ငါးလက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ငွေသားတချို့သိမ်းဆည်းရရှိကြောင်း၊  ကျောက်ပန်းတောင်းမြို့နယ် ပကဖအဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်းနှင့် အခြားကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဇူလိုင်နှင့် ဩဂုတ်လက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့တို့တွင်   တိုက်ပွဲများပြင်းထန်ခဲ့ပြီး ထိုတိုက်ပွဲများတွင် ပျူစောထီးစခန်းများကို စီးနင်းတိုက်ခိုက်မှုတချို့လည်း ပါဝင်သည်။

ဩဂုတ် ၁၀ တွင်  နွားထိုးကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲသည့် နေရာများကို တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ကလေကြောင်းပစ်ကူရယူပြီး ပြင်းပြင်းထန်ထန်ခုခံခဲ့ရသည်။ 

တစ်ချိန်တည်းတွင် မန္တလေးမြို့အနီး စဉ့်ကူးနှင့် သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) ဦးဆောင်သော ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များတွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။

Show More

Related Articles

Back to top button