ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက်ချပြီးနောက် မြန်မာစစ်တပ်ထံ လေယာဉ်ဆီနှင့် စစ်လက်နက်များမရောက်အောင် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန် ဗြိတိန် လေဘာပါတီမှ လွှတ်တော်အမတ် မစ္စ ရူရှာနာ အလီ (Rushanara Ali) က ဗြိတိန်အစိုးရကို တိုက်တွန်းလိုက်သည်။ ရခိုင်ပြည်နယ်၏ ဒေသအများစုကို သိမ်းပိုက်ထားပြီးဖြစ်သော အာရက္ခတပ်တော် (AA) ကိုလည်း ပိတ်ဆို့အရေးယူရန် ၎င်းက တောင်းဆိုခဲ့သည်။
နိုဝင်ဘာလ ၂၅ ရက် ဗြိတိန်ပါလီမန် ဆွေးနွေးပွဲတွင် မစ္စအလီက စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ပုံမှန်ပြန်လည်ချမှတ်ရန်နှင့် လေယာဉ်ဆီဆိုင်ရာ ပိတ်ဆို့မှုများပြုလုပ်ရာတွင် ဆီပို့ဆောင်ရေးဝန်ဆောင်မှုများ၊ ဆီသယ်သင်္ဘောများနှင့် မြန်မာနိုင်ငံအတွင်းရှိ လေယာဉ်ဆီဆိုင်ရာ အခြေခံအဆောက်အအုံများကိုပါ ထည့်သွင်းရန် တောင်းဆိုခဲ့သည်။ စစ်တပ်၏ တိုက်လေယာဥ်များအတွက် လေယာဉ်ဆီ ထုတ်လုပ်ပေးနေသည်ဟု ၎င်းကဆိုသည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် သန်လျင်ရေနံချက်စက်ရုံကုမ္ပဏီတို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူရေးကဏ္ဍကိုပါ ပိတ်ဆို့ရန် အဆိုပြုခဲ့သည်။
စစ်တပ်၏ လက်နက်ဝယ်ယူမှုကို ကူညီပေးနေသည်ဟု မစ္စအလီက ပြောသည့် နိုင်ငံပိုင်ဘဏ် လေးခုကိုလည်း ပိတ်ဆို့ရန် တောင်းဆိုခဲ့သည်။ ၎င်းတို့မှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့ဖြစ်သည်။ ဆွေးနွေးပွဲတွင် အခြားအမတ်များကလည်း စစ်တပ်အသုံးပြုနေသည့် ဆက်သွယ်ရေးကွန်ရက်များအထိ ပိတ်ဆို့မှု တိုးချဲ့ရန် တိုက်တွန်းခဲ့ကြသည်။
ဗြိတိန်လွှတ်အမတ်ပြောသော ဘဏ်လေးခုအနက် MFTB နှင့် MICB ကို အမေရိကန်၊ ဩစတြေးလျနှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူထားပြီး မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ကနေဒါက ၎င်း၏ အရေးယူစာရင်းတွင် ထည့်သွင်းထားသည်။ အမေရိကန်က ဘဏ်နှစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အရေးယူခဲ့ပြီး ဩစတြေးလျက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အရေးယူခဲ့သည်။
အာရက္ခတပ်တော် AA သည်လည်း ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေသည်ဟု အလီက စွပ်စွဲပြီး ပိတ်ဆို့အရေးယူမှုအပါအဝင် လူသိရှင်ကြားရော သီးသန့်ပါ ဖိအားပေးရန် တောင်းဆိုခဲ့သည်။ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး ကာစတီ မက်နီးလ်က AA အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံး၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗြိတိန်အစိုးရက အလေးအနက် စိုးရိမ်ကြောင်းနှင့် သက်သေအထောက်အထား ခိုင်လုံပါက ထပ်မံအရေးယူနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော် AA ၏ တုံ့ပြန်ချက်ရရှိနိုင်ရန် Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ခြင်းနှင့် ထောက်ပံ့ခြင်းကို တားမြစ်မည့် ဥပဒေကို လာမည့်လများအတွင်း တင်သွင်းမည်ဟု မက်နီးလ်က ပြောသည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းကြီးများ၊ အထူးသဖြင့် စစ်အာဏာပိုင်များနှင့် ဆက်နွှယ်သည့် လုပ်ငန်းများကိုလည်း စိစစ်သွားမည်ဟု ဆိုသည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြန်လည်ရည်ညွှန်းခဲ့သည့် ပိတ်ဆို့အရေးယူမှုမှာ နိုဝင်ဘာလ ၂၃ ရက်က ကြေညာခဲ့သော စစ်တပ်ဗိုလ်ချုပ် ၅ ဦးအပေါ် ချမှတ်သည့် အရေးယူမှုဖြစ်သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီး မက်နီးလ်က နိုဝင်ဘာလ ၂၅ ရက် နယူးယောက်မြို့၌ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် ဗြိတိန်က မြန်မာအရေးကို ဆွေးနွေးရန် တင်သွင်းခဲ့ကြောင်း ပြောပြီး ဒီဇင်ဘာလ ၇ ရက်တွင် နောက်ထပ် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက် အားလုံးကို လိုက်နာမည်မဟုတ်ဘဲ တချို့တဝက်ကိုသာ လိုက်နာမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်မှ သမ္မတရာထူးယူထားသူ ဦးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၅ ရက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်စဉ် ထည့်သွင်းပြောဆိုခဲ့သည်။
“…ICJ ၏ မဲခွဲဆုံးဖြတ်မှုများနှင့်ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်နိုင်ငံအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်’ ဟု ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ICJ ၏ စီရင်ချက်ကို ‘တစ်ဖက်သတ်စွပ်စွဲချက်’ဟုလည်း ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု ကာလအတွင်း မြန်မာစစ်တပ်၏ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဦးမင်းအောင်လှိုင်က ဝေဖန်ခဲ့သည်။
သို့သော် တရားရုံး၏ ဆုံးဖြတ်ချက်များအနက် မည်သည့်အချက်ကိုလိုက်နာမည့်၊ မည်သည့် အချက်ကို လိုက်နာရန်ငြင်းဆန်မည် ဆိုသည်ကိုတော့ ဦးမင်းအောင်လှိုင်က တိတိကျကျ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။



