ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်အားလုံးကို လိုက်နာမည် မဟုတ်ဘဲ အချို့ကိုသာ လိုက်နာဆောင်ရွက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် အဖြစ်မှသမ္မတရာထူးယူထားသူ ဦးမင်းအောင်လှိုင်က ယမန်နေ့တွင် ပြောဆိုလိုက်သည်။
“…ICJ ၏ မဲခွဲဆုံးဖြတ်မှုများနှင့် ပတ်သက်၍လည်း တာဝန်သိနိုင်ငံတစ်နိုင်ငံအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ လိုက်နာရန်မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်…’ ဟု ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု စစ်တပ်ထိန်းချုပ်သတင်းဌာနများက ထုတ်လွှင့်ခဲ့သည်။
ICJ ၏ စီရင်ချက်ကို ‘တစ်ဖက်သတ်စွပ်စွဲချက်’ဟုလည်း ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု ကာလအတွင်း မြန်မာစစ်တပ်၏ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဦးမင်းအောင်လှိုင်က ဝေဖန်ခဲ့သည်။
သို့သော် တရားရုံး၏ ဆုံးဖြတ်ချက်များအနက် မည်သည့်အချက်ကိုလိုက်နာမည်၊ မည်သည့်အချက်ကို လိုက်နာရန်ငြင်းဆန်မည် ဆိုသည်ကိုမူ ဦးမင်းအောင်လှိုင်က တိတိကျကျပြောဆိုခဲ့ခြင်းမရှိပါ။
နိုင်ငံတကာတရားရုံး၏ တရားစီရင်ချက် (၁၃) ချက် အပြည့်အစုံဖတ်ရန်
ဦးမင်းအောင်လှိုင်၏ အဆိုပါတုံ့ပြန်ချက်သည် ICJ စီရင်ချက်အပြီး နေပြည်တော်၏ တတိယမြောက် တုံ့ပြန်ချက်ဖြစ်သည်။
ယင်းမတိုင်မီတွင် ဦးမင်းအောင်လှိုင်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ICJ ၏ သမိုင်းဝင်စီရင်ချက်ကို မျှတမှုမရှိသည့် ဆုံးဖြတ်ချက်ဟု နိုဝင်ဘာလ ၂၀ ရက်က ဝေဖန်ခဲ့သည်။ ယင်းနေ့တွင်ပင် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မရေရာမသေချာသည့် ရိုဟင်ဂျာပြန်လည်လက်ခံရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြန်လည်လက်ခံရေးအစီအစဉ်
ICJ တရားရုံး၏ ဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာများဟု ရည်ညွှန်းသော်လည်း ထိုသူများကို ‘ဘင်္ဂါလီများ’ ဟုသာ ရည်ညွှန်းခဲ့သည့် ပြန်လည်လက်ခံရေးအစီအစဉ်ကို စစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက် တွင် ကြေညာခဲ့သည်။
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က ကျူးလွန်သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပြောဆိုထားသည့် ထိုထုတ်ပြန်ချက်သည် မရေရာမသေချာသည့်အခြေအနေများဖြင့် ရိုဟင်ဂျာပြန်လည်လက်ခံရေး အစီအစဉ်ကို ထည့်သွင်းထားသည်။
ထိုကြေညာချက်တွင် ပြန်လည်နေရာချထားရေးအတွက် အပိုင်းနှစ်ပိုင်းပါဝင်ပြီး ပထမအပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များဆောင်ရွက်မည်ဟုဆိုသည်။ သို့သော် ယင်းသို့ဆောင်ရွက်ရာတွင် ပြည်တွင်းဥပဒေ၊ နိုင်ငံတကာကျင့်သုံး ဆောင်ရွက်မှုများ၊ တည်ဆဲနှစ်နိုင်ငံ သဘောတူစာချုပ်များ၊ ဆောင်ရွက်ဆဲ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်မည်ဟုဆိုသည်။
ဒုတိယပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအစီအစဉ်ပါရှိသည်။ ထိုအပိုင်းတွင် နိုင်ငံ၏နယ်နိမိတ်အတွင်း အမှန်တကယ်နေထိုင်ခဲ့သူများကို အခြေအနေပေးသည်နှင့်အမျှ ပြန်လည်လက်ခံရေးနှင့် နေရာချထားပေးရေးတို့ကို လုပ်မည်ဟုဆိုသည်။ သို့သော်ယင်းလုပ်ငန်းကိုမြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ့အချုပ်အခြာအာဏာကို မထိခိုက်စေပဲ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။

ICJ ဆုံးဖြတ်ချက် အကောင်အထည်ဖော်ရန်ခက်
နေပြည်တော်မှ စစ်ခေါင်းဆောင်များသည် ရိုဟင်ဂျာပြန်လည်လက်ခံရေးအတွက် အကန့်အသတ်ဖြင့်သာ လုပ်နိုင်စွမ်းရှိသည်ဟု စစ်အုပ်စု၏အကြံပေး ဦးကိုကိုကြီးက ထောက်ပြထားသည်။
နိုင်ငံတကာတရားရုံး (ICJ) ဆုံးဖြတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားရသူများအပါအဝင် ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အာရက္ခတပ်တော် (AA) ၏အခန်းကဏ္ဍသည် နေပြည်တော်မှစစ်အုပ်စုထက်အရေးကြီးကြောင်း ဦးမင်းအောင်လှိုင်အစိုးရ၏ အကြံပေး ဦးကိုကိုကြီးက ပြီးခဲ့သည့်သီတင်းပတ်အတွင်းက THN Public Media ကိုပြောကြားခဲ့သည်။
‘လက်ရှိရခိုင်ဒေသ လက်နက်ကိုင်ပဋိပက္ခ မဖြေရှင်းဘဲနဲ့ လက်ရှိကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီ(ICJ)ကိစ္စတွေကို ဘာတခုမှကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့မလွယ်ဘူး’
‘ဘူးသီးတောင်၊ မောင်တောလို နေရာမျိုးတွေမှာ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ မြို့နယ်တော်တော်များများ ရှိနေတဲ့ အခါကျတော့ ဒီဟာ(ထွက်ပြေးရသူတွေကိုပြန်လက်ခံဖို့ကိစ္စ) တွေကိုအကောင်အထည်ဖော်ဖို့၊လက်တွေ့ဆောင်ရွက်ဖို့ ကိစ္စတွေမှာကိုယ်၌က အကန့်အသတ်တွေ အများကြီးရှိတယ်’ ဟု ဦးကိုကိုကြီးက THN Public Media ကိုပြောကြားခဲ့သည်။
အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့မှလွဲပြီး ကျန်၁၄ မြို့နယ်ကို စစ်တပ်လက်ထဲမှ သိမ်းပိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးစနစ်ထူထောင်ထား သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးသည် အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ်မှ သမ္မတရာထူးရယူထားသည့် ဦးမင်းအောင်လှိုင်၏ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် အဖွဲ့ဝင်ဖြစ်သည်။ ICJ တရားရုံးတွင် မြန်မာကိုယ်စားလှယ်အဖြစ် သွားရောက်သည့် စစ်ဗိုလ်ဟောင်း ဦးကိုကိုလှိုင်သည်လည်း ဦးကိုကိုကြီးကဲ့သို့ပင် ထိုကောင်စီ၏အဖွဲ့ဝင် ဖြစ်သည်။



