သတင်း

စစ်တပ်အတွက် တပ်သားသစ်စုပေးသည့် ကျောက်ပန်းတောင်းမှ အုပ်ချုပ်ရေးမှူးသားအဖ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ခပေါင်းကုန်းကြီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးနှင့် သားတို့သည် ယမန်နေ့ (ဧပြီ ၈) တွင် ပစ်သတ်ခံခဲ့ရသည်။

PDF ကို စိန်ခေါ်သည့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့ကို ယမန်နေ့ (ဧပြီ ၈) တွင် ပစ်သတ်ခဲ့သည်ဟု မကွေးတိုင်းအခြေစိုက် မြို့ပြပြောက်ကျားနှစ်ဖွဲ့က ပြောသည်။

ခပေါင်းကုန်းကြီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး အသက် ၆၀ ကျော်အရွယ် ဦးဖိုးထော် (ခ) ဦးသိန်းမြင့်နှင့် သားဖြစ်သူ အသက် ၄၀ အရွယ် ဦးဝင်းမင်းသန့်တို့ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် တံခွန်တိုင်ကျေးရွာရှိ နေအိမ်အနီး ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် PDF များ ကြိုက်ရာအချိန်လာခဲ့ဟု စိန်ခေါ်ထားသူဖြစ်ပြီး မတ်လအတွင်းက ပျူစောထီး ၁၃ ဦးကို ဦးဆောင်သင်တန်းပေးခြင်း၊ စစ်သားစုဆောင်းခြင်းများလည်း လုပ်ဆောင်နေကြောင်း၊ သားဖြစ်သူမှာလည်း ပျူစောထီးသင်တန်းဆင်းတစ်ဦးဖြစ်ကြောင်း ပစ်ခတ်ခဲ့သော မကွေးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူက တံခွန်တိုင်အုပ်စုမှာ အုပ်စုဥက္ကဋ္ဌဆိုတော့ သူကိုယ်တိုင်တော့ (သင်တန်း) ပေးတာမဟုတ်ဘူး။ သူက ညွှန်ကြားပြီး ပေးခိုင်းတာ။ တိကျခိုင်မာတဲ့ သတင်းအရ တိတိကျကျ ပြောနိုင်တာ” ဟု ၎င်းက ဆိုသည်။

စစ်သားစုဆောင်းရာတွင် ဦးဆောင်သူ အုပ်ချုပ်ရေးမှူးနှင့် ခုခံသော သားဖြစ်သူတို့ကို ပစ်သတ်ရာတွင် မကွေးပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းစစ်သည်ပြောက်ကျားတပ် (နတ်မောက်) တို့ ပါဝင်သည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူး ဦးဖိုးထော်သည် ခပေါင်းကုန်းကြီးကျေးရွာအုပ်စုမှ လူငယ် ၇ ဦးကို စစ်သားအဖြစ် စုဆောင်းထားကြောင်း ဒေသခံများကို ကိုးကားပြီး အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

“စစ်မှုထမ်းဥပဒေနဲ့က ထပ်ပြီးတော့ သူတို့ ၇ ယောက် ထပ်စုထားသေးတယ်။ သင်တန်းပေးဖို့ပေါ့။ ခပေါင်းကုန်းကြီးအုပ်စုမှာ။… (စစ်မှုထမ်းဖို့ စုဆောင်းရာမှာလည်း) ပါတယ်။ အုပ်စုဥက္ကဋ္ဌဆိုတော့ မကွေး၊ မြို့သစ်၊ နတ်မောက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်လုပ်တာကိုး။ သူတို့က သေချာပေါက်ပါတယ်။ အုပ်စုဥက္ကဋ္ဌ ဖြစ်နေတော့ သေချာပေါက်ပါတယ်”

PDF များ၏ စွပ်စွဲချက်များအတွက် အုပ်ချုပ်ရေးမှူး၏ရုံးနှင့် မိသားစုကို မေးမြန်းနိုင်ရန် Myanmar Now က ကြိုးစားနေသည်။

စစ်ကောင်စီလက်အောက်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် နိုင်ငံအနှံ့တွင် စစ်သားသစ် စုဆောင်းပေးနေကြရသည်။

လာရောက်ပစ်ခတ်ရာတွင် ခုခံရန် ကြိုးပမ်းသော သားဖြစ်သူကို နေအိမ်အတွင်း ပစ်သတ်ခဲ့ပြီး ထွက်ပြေးသွားသည့် အုပ်ချုပ်ရေးမှူးကို နေအိမ်အနီးဝန်းကျင်တွင် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

“သားဖြစ်သူက ဝါးရင်းတုတ်ကိုင်ပြီး ခုခံမယ် လုပ်တယ်။ သားဖြစ်သူကိုတော့ နေအိမ်ထဲမှာ ရှင်းနိုင်ခဲ့တယ်။ ဖခင်ဖြစ်သူကတော့ ပြေးတော့ နှစ်အိမ်ကျော်လောက်က လမ်းကြားလေးမှာပဲ အပြီးရှင်းနိုင်ခဲ့တယ်။ ဖခင်ဖြစ်သူက ပြေးတော့ပြေးသေးတယ်”

သတ်ဖြတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးသားအဖ။ (ဓာတ်ပုံ-ပေးပို့)

ထိုသားအဖနှစ်ဦး၏ ရုပ်အလောင်းများကို တောင်ဘက် ကပ်လျက်မြို့နယ်ဖြစ်သော နတ်မောက်မြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ယူဆောင်သွားပြီး တံခွန်တိုင်ကျေးရွာသုဿန်တွင် ပြန်လာပို့သွားကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် အုပ်ချုပ်ရေးမှူးနှင့် သားတို့ကို ဆိုင်ကယ် ၃ စီးဖြင့် လူ ၆ ဦးက လာရောက် ပစ်ခတ်ခဲ့၍ အုပ်ချုပ်ရေးမှူးမှာ နားထင်၊ လက်ဖျံ ကျည်နှစ်ချက်၊ သား​ဖြစ်သူမှာ နဖူး၊ ရင်အုံတို့တွင် ကျည်နှစ်ချက် ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

အရွယ်ရောက်သူတိုင်း ၅ နှစ်ကြာ စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်တပ်က အသက်သွင်းလိုက်ပြီးနောက် တစ်လကျော်အကြာတွင် ရပ်ကွက်များ၌ အမည်စာရင်းကောက်ယူခြင်း၊ မဲနှိုက်ခြင်း စသည့် လုပ်ငန်းများ စတင်လုပ်ဆောင်လာရာ ထိုလုပ်ငန်းအတွက် အခရာကျသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထား သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်သည့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ 

စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ၃၀ ကျော် သတ်ဖြတ်ခံထားရသည်။

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ် အမျိုးသမီးများ ပါဝင်ပြီး တစ်နိုင်ငံလုံးတွင် စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူဦးရေ ၁၄ သန်း ရှိသည်။ သင်္ကြန်အပြီးတွင် ပထမဆုံးအသုတ်ကို စတင်ခေါ်ယူမည်ဟု စစ်ကောင်စီက ကနဦးပြောထားသော်လည်း စစ်မှုထမ်းဥပဒေအောက်မှ ဆင့်ခေါ်ထားသည့် ပထမဆုံးသင်တန်းကို ဧပြီ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Show More

Related Articles

Back to top button