သတင်း

မတ္တရာတွင် လက်နက်ကြီးကျည်ကျ၊ ၄ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းကျေးရွာ နေအိမ်ပေါ်သို့ စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ယမန်နေ့ (ဧပြီ ၁၀ ရက်) မနက်ပိုင်းက ကျရောက်ပေါက်ကွဲသဖြင့် ဆယ်ကျော်သက် ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးသွားသည်ဟု သိရသည်။

မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် မတ္တရာမြို့နယ်အနောက်ခြမ်း ရွှေချောင်းကျေးရွာတွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်က တပ်ထိုင်ထားသည်။ ထိုစခန်းမှ ၈၁ မမ (အကွာအဝေး ၄ မိုင်အထိ ပစ်ခတ်နိုင်သော မြေစိုက်အမြောက်) ဖြင့် ပစ်ခတ်မှုကြောင့် တစ်မိုင်ကျော်အကွာရှိ အောက်တောင်ကိုင်းကျေးရွာ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲကာ ဒေသခံများ သေဆုံးသွားခြင်းဖြစ်သည်။

“အကြောင်းမဲ့ ခြောက်လှန့်တဲ့သဘောထုတာ အိမ်အပေါ် တည့်တည့်ကျပြီး အိမ်ထဲ တန်းလျားထိုင်ခုံမှာ ထိုင်စကားပြောနေကြရင်းက ထိမှန်ပြီး သေဆုံးသွားတာ” ဟု ဒေသခံအမျိုးသားက Myanmar Now ကို ပြောသည်။

အသက် ၁၄ နှစ်အရွယ် မောင်ရဲမင်းခန့်၊ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးသင်္ကြန် ဦးညွန့်ခင် ၆၆ နှစ်၊ ဒေါ်ဝင်းဆန်း ၄၉ နှစ်တို့ဖြစ်သည်။ အသက် ၁၄ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားသည်။

“ခြေထောက်၊ ဦးခေါင်း၊ ရင်ဘတ်တို့ကို ထိမှန်သေတာ။ အားလုံး နေ့ချင်းသင်္ဂြိုဟ်ပြီးစီးပါပြီ။ ဒဏ်ရာရတဲ့ကလေးလည်း ဆေးကုသမှုကြောင့် အသက်မစိုးရိမ်ရတော့ပါဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဧပြီလ ၉ ရက်နေ့ ညပိုင်းကလည်း မတ္တရာအနောက်ပိုင်းရှိ မရိုးကုန်းကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ဗုံးခိုကျင်းများတူးထားကြရန် မတ္တရာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်ရာ နေရာဖြစ်သည့် စစ်ကောင်စီက တပ်စွဲထားသော ရွှေချောင်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည်။

ထိုရွာမှ ဒေသခံများလည်း တိမ်းရှောင်နေကြရသည်။ ထိုရွာတွင် စစ်ကောင်စီထောက်ခံသူ ပျူစောထီးများလည်း ရောထွေးနေထိုင်ကြသည်ဟု မတ္တရာမြို့စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီ) ဘက်ကပဲ ရွာတွေဝင်၊ မီးတွေရှို့၊ လက်နက်ကြီးတွေ ခြောက်လှန့်ထုတာတွေ လုပ်နေတယ်။ မတ္တရာမှာ စစ်ရှောင်ရသူတွေလည်း အချိန်နဲ့အမျှ တိုးလာတယ်။ ကူညီမှုတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

ယမန်နေ့ (ဧပြီ ၁၀ ရက်) မနက်ပိုင်းတွင်ပင် မတ္တရာမြို့နယ် အရှေ့ခြမ်းကျေးရွာဖြစ်သည့် ဟင်္သာရွာသစ်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့၍ နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့သည်၊ မီးလောင်သည့် အိမ်ခြေအလုံးရေ အတိအကျမသိရသေး၊ ဒေသခံများလည်း တိမ်းရှောင်နေရသည်ဟု စစ်ရှောင်အရေးကူညီနေသူ ယင်းအမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းကလည်း မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ မှော်နီကုန်းနှင့် အင်းတံခါးရွာများမှ နေအိမ် ၆၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

လက်ရှိတွင် စစ်ကောင်စီက မတ္တရာမြို့နယ်အရှေ့ခြမ်း‌ကျေးရွာများနှင့် ဧရာဝတီမြစ်ကမ်းအနီး အနောက်ခြမ်းကျေးရွာများကို လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုကြသည်။

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးအဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ တစ်စထက်တစ်စ ပိုဆိုးရွားလာနေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ညွှန်ကြားရေးမှူး မစ္စလီဆာဒေါက်ခ်တန် (Lisa Doughten) က ပြီးခဲ့သည့် ဧပြီလ ၄ ရက်က ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောခဲ့သည်။

ယခုနှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူပေါင်း ၁၈ ဒသမ ၆ သန်းကျော်ရှိနေပြီး ၂ ဒသမ ၈ သန်းသည် စစ်ဘေးရှောင်ဒုက္ခသည်များဖြစ်သည်ဟု UN က ဆိုသည်။

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အကာအကွယ်ပေးမှုများ အရေးပေါ်လိုအပ်နေပြီး မြန်မာ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းနီးပါးဖြစ်သည့် ပြည်သူ ၁၂ ဒသမ ၉ သန်းသည် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု လီဆာဒေါက်ခ်တန်က ဆိုသည်။

Show More

Related Articles

Back to top button