သတင်း

မတ္တရာမြို့အရှေ့ခြမ်းမှ အိမ်ခြေ ၆၀ ကျော်ကို စစ်ကောင်စီမီးရှို့

လင်ကိုသတ်၊ မယားကို လမ်းပြအဖြစ် ခေါ်လာသော စစ်ကောင်စီတပ်က မတ္တရာမြို့ရွာတချို့တွင် အိမ်မီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီကမူ တော်လှန်ရေးအဖွဲ့များက ရှို့သည်ဟု ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ မှော်နီကုန်းနှင့် အင်းတံခါး ရွာများမှ နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

လက်နက်ကိုင်အင်အား ၅၀ ခန့် ပါဝင်သည့် ထိုတပ်သည် ရေနံသာကျေးရွာရဲစခန်းတွင် တပ်စွဲထားသည့်တပ် ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“မှော်နီကုန်းကျေးရွာက ရွာလုံးကျွတ်နီးပါးပဲ။ မီးရှို့ခံရတယ်။ ၆၇ အိမ် ရှိတာမှာ အိမ် ၃ လုံးပဲ ကျန်တယ်။

အင်းတံခါးကျေးရွာမှာလည်း နေအိမ်၂ လုံး မီးရှို့ခံရတာရှိတယ်ဗျ” ဟု ဒေသခံအမျိုးသားက ပြောသည်။

မတ္တရာရှိ ရွာများကို မီးရှို့မှုနှင့် ပတ်သက်ပြီး သတင်းဌာနတချို့က သတင်းရေးသား ဖော်ပြရာ စစ်ကောင်စီက ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း၊ တော်လှန်ရေးသမားများက ရှို့ခြင်း ဖြစ်ကြောင်း  ဇန်နဝါရီ ၂၃ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ အခြားဒေသရှိ အလားတူဖြစ်စဉ် အများအပြားကိုလည်း အာဏာသိမ်းစစ်ကောင်စီက ထိုနည်းအတိုင်း ငြင်းဆိုလေ့ရှိသည်။

နိုင်ငံအနှံ့အပြားမှ နတ်ကိုးကွယ်သူ အများအပြား သွားရောက် စုဝေးသည့် တောင်ပြုန်းပွဲကြောင့် လူသိများသော ဤမြို့နယ်သည် မန္တလေးနှင့် ၁ နာရီခရီးသာ ကွာဝေးသည်။

မတ္တရာ၏အရှေ့နှင့် အရှေ့မြောက်ဘက်ရှိ မိုးကုတ်၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များအတွင်းမှ စစ်ကောင်စီတပ်များသည် တအာင်းတပ် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တို့၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည်။

မတ္တရာမြို့နယ် ဆင်ရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် လင်မယားနှစ်ဦးကို ပြီးခဲ့သည့်တနင်္လာနေ့က ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံတိုးဂိတ်တွင် ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က မတ္တရာအရှေ့ခြမ်းရွာများဆီသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၃ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက မတ္တရာမြို့နယ်အရှေ့မြောက်ပိုင်းရှိ မှော်နီကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှိကားကို စစ်ကောင်စီက ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

ထိုလင်မယားနှစ်ဦး၏ ဖုန်းထဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကို စစ်တပ်ကရှာတွေ့ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က ခင်ပွန်းသည်ကို သတ်ဖြတ်လိုက်ပြီး ဇနီးသည်ကို လမ်းပြဓားစာခံလုပ်ကာ မတ္တရာအရှေ့ခြမ်းသို့ ဝင်ရောက်လာခဲ့သည်ဟု ယူဆရကြောင်း ဒေသခံများက ဆိုသည်။

“သူတို့က မတ္တရာက တောထဲမှာ အလုပ်လုပ်တာ။ အမျိုးသမီးက နေရပ်ပြန်ချင်တယ်ဆိုတော့ လိုက်ပို့တာ။ PDF လည်း မဟုတ်ဘူး။ တောထဲဆိုတော့ သူတို့နား မနီးမဝေး တော်လှန်ရေးအဖွဲ့တွေနဲ့ ခင်လို့ ဓာတ်ပုံတွဲရိုက်တာတို့ ဖုန်းထဲမှာ ရှိထားတာ။ အဲဒါနဲ့ တွေ့တော့ ပစ်သတ်ပစ်လိုက်တာ။ အမျိုးသမီးကိုကျတော့ ဖမ်းသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် စစ်ကြောင်းဝင်လာတော့ ဓားစာခံအဖြစ် အဲဒီအမျိုးသမီးပါတယ်။ တစ်နေကုန် ရွာတွေကို ပတ်စီးတယ်။ စစ်ကြောင်းထိုးတယ်။ အခုညပိုင်းမှာတော့ စစ်ကြောင်းက အားလုံး ရေနံသာရဲစခန်းကို ပြန်ဝင်သွားကြပြီ”

စစ်ကောင်စီတပ်၏ ရန်ကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံရာနှင့်ချီကာ ထွက်ပြေးနေကြရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“မနက်ပိုင်း ရုတ်တရက်ကြီးဝင်လာတော့ တချို့ဆို ဘာမှမယူကြရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကိုယ်လွတ်ရုန်း ပြေးကြရတယ်။ မီးလည်းရှို့၊ လက်နက်ကြီးတွေလည်း တရစပ်ပစ်တယ်” ဟု ယင်းအမျိုးသမီးက ဆိုသည်။

ရှမ်းတောင်တန်းများနှင့် ထိစပ်နေသည့် မတ္တရာအရှေ့ခြမ်းကျေးရွာများတွင် ရောက်နေသော စစ်ကောင်စီက ရွာလယ်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် နေရာယူထားကာ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်(ပကဖ)၊ ပြင်ဦးလွင်(ပကဖ)၊ Generation Z Power(GZP) စသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည့် မတ္တရာအနောက်ခြမ်းတွင်လည်း စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုးနေပြီး အိမ်များ မီးရှို့နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button