သတင်း

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဘာတွေဆွေးနွေးနေကြလဲ 

မြန်မာနိုင်ငံ၏ အခြေအနေများသည် အင်ဒို-ပစိဖိတ်ဒေသအပါအဝင် နိုင်ငံတကာလုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေပြီး ကုလလုံခြုံရေးကောင်စီအနေဖြင့် တုံ့ပြန်ဆောင်ရွက်ရန် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်က တိုက်တွန်းပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို တံခါးပိတ်အစည်းအဝေးများဖြင့် ကျင်းပခဲ့ရာ မနေ့က ဧပြီလ ၄ ရက်နေ့တွင်မူ ပထမဆုံးအကြိမ်အဖြစ် တံခါးဖွင့်အစည်းအဝေး ပြန်ကျင်းပခဲ့သည်။ 

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေသော လူသားချင်းစာနာမှု အကျပ်အတည်း၊ စစ်ဘေးဒုက္ခသည်အရေး နှင့်  စားနပ်ရိက္ခာ ပြတ်လပ်လာပြီး ငတ်မွတ်ခေါင်းပါးမှု တိုးပွားနေခြင်း အပြင် မြန်မာ့အရေးသည် အင်ဒို-ပစိဖိတ်ဒေသအပါအဝင် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်လာနေကြောင်း အစရှိသည်များကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးအဆင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် တစ်စ ထက်တစ်စ ပိုဆိုးရွားလာနေပြီး တစ်နိုင်ငံလုံးကို ဆိုးဆိုးဝါးဝါးထိခိုက်စေသည့်အပြင် အိမ်နီးချင်း နိုင်ငံများ ကိုပါ သက်ရောက်လာစေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး UNOCHA  ညွှန်ကြားရေးမှူး မစ္စ လီဆာ ဒေါက်ခ်တန် (Lisa Doughten) က အဆိုပါ အစည်းအဝေးတွင် ပြောသည်။ 

“ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ စိုးရိမ်စရာကောင်းပါတယ်။ သိပ်မကြာခင်က စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက်ပိုင်းမှာ မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရား နဲ့ နေထိုင်နေရပါတယ်။” 

ယခုနှစ်အတွက် မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူပေါင်း ၁၈ ဒသမ ၆ သန်းကျော်ရှိနေပြီး ၂ ဒသမ ၈ သန်းဟာ စစ်ဘေးရှောင်ဒုက္ခသည်များဖြစ်သည်။  

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ နှင့် အကာအကွယ်ပေးမှုများ အရေးပေါ်လိုအပ်နေပြီး မြန်မာ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းနီးပါးဖြစ်သည့် ပြည်သူ ၁၂ ဒသမ ၉ သန်းသည် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရကြောင်း UNOCHA က ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန် က ဆိုသည်။ 

မြန်မာနိုင်ငံ၏ အခြေအနေများသည် အင်ဒို-ပစိဖိတ်ဒေသအပါအဝင် နိုင်ငံတကာလုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေပြီး ကုလလုံခြုံရေးကောင်စီအနေဖြင့် တုံ့ပြန်ဆောင်ရွက်ရန် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်က တိုက်တွန်းပြောသည်။ 

သူက ဆက်လက်၍ “မြန်မာစစ်တပ်ဟာ ကုလဆုံးဖြတ်ချက်နဲ့ အာဆီယံနဲ့သဘောတူထားတဲ့ ဘုံသဘော တူညီချက်တွေကို ချိုးဖောက်နေသလို မြန်မာပြည်သူတွေအပေါ်လည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်တိုးလာ စေခဲ့ပါတယ်။ဒီလို ချိုးဖောက်မှုကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ လုံခြုံရေး၊ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုး တက်ရေးရှိဖို့ လုံခြုံရေးကောင်စီအနေနဲ့ ဒီထက်မက ထပ်တိုးပြီး ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်” ပြောသည်။ 

ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကလည်း မြန်မာ့အရေးအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နုတ်ဆိတ်နေမှုကို စိတ်ပျက်ရကြောင်း ပြောသည်။  

ထို့အပြင် မြန်မာစစ်တပ်သည် လက်ရှိဖြစ်ပေါ်နေသော ပြဿနာကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် မဖြေရှင်းဘဲ စစ်အုပ်ချုပ်ရေးကို ထပ်တလဲလဲ သက်တမ်းတိုးပြီး လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြစ်မဲ့ ပြည်သူတွေကို သေကြေဒဏ်ရာရအောင် လုပ်ဆောင်နေသည့် လုပ်ရပ်များကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ဂျပန်နိုင်ငံဘက်က ပြောဆိုသည်။ 

ဂျပန်သံအမတ်က “မြန်မာပြည်သူတွေ လူမဆန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခံနေရတဲ့အပေါ် လုံခြုံရေး ကောင်စီရဲ့ ရပ်တည် ချက်ကို ဖော်ပြခွင့်မရတာ စိတ်ပျက် နောင်တရစရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်ရဖို့ မြန်မာပြည်သူတွေရဲ့ လိုလားချက်ဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုဖို့ လိုပါတယ်” ပြောသည်။  

ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ် ကြား ပြင်းထန်ကျယ်ပြန့်လာသော စစ်ပွဲများကြောင့်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် စိုးရိမ်ကြောင်း နှင့် နဂိုရှိနေပြီးသား အားနည်းချက်များကို ပိုဆိုးရွားလာကြောင်းလည်း ဆွေးနွေး ခဲ့ကြသည်။ 

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့ကမူ လုံခြုံရေးကောင်စီက မြန်မာ့အရေးဆွေးနွေးမှုကို တံခါးဖွင့် အစည်းအဝေးအဖြစ် ပြန်ကျင်းပခြင်း၊ မြန်မာ့အရေးကို နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အဖြစ် ပုံဖော်ပြောဆိုခြင်း၊ စစ်ကောင်စီကို ဖိအားပေးကာ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုချက်အားလုံးကို မထောက်ခံသလို ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။ 

နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်စိုးမှု၊ လွတ်လပ်မှု နှင့် စည်လုံးညီညွှတ်မှုများကို လေးစားရန် နှင့် ရခိုင်ပြည်နယ် ပြဿနာသည် မြန်မာ့ပြည်တွင်းရေးကိစ္စရပ်သာ ဖြစ်ကြောင်း တရုတ်နိုင်ငံ သံအမတ်က ပြောသည်။ 

“ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီကပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့အဖွဲ့ဝင်နိုင်ငံအချို့က တောင်းဆိုတာတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံက ဒီလို နည်းလမ်းတွေကို ဆန့်ကျင်ပါတယ်။ ဒီလိုလုပ်တာဟာ ရန်လိုမုန်းတီးမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။”  

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက် နေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့် နိုင်ရန်အတွက် စစ်ကောင်စီကို ဂျက်လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာလည်း အဖွဲ့ဝင် ၄၇ နိုင်ငံက တညီတညွှတ်တည်း ဆုံးဖြတ်လိုက် ကြောင်း ကြေညာချက် ဧပြီလ ၄ ရက်နေ့တွင်ထုတ်ပြန်သည်။ 

ပြည်တွင်းပဋိပက္ခများ ကျယ်ပြန့်လာမှုအတွင်း မြန်မာ့ကလေးငယ် နှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် အာဟာရပြတ်လပ်မှု တိုးလာနေသလို ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း ယိုယွင်းပျက်စီးပြီး ပညာရေးကဏ္ဍတွင်လည်း လူ ၁၂ သန်းလောက်ဟာ ပညာသင်ကြားခွင့် အပြည့်အဝမရဘဲ ကလေး အားလုံး၏ ၃ ပုံ ၁ ပုံက ကျောင်းဆက်တက်နိုင်ခြင်းမရှိကြောင်း UNOCHA က ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုသည် လူပေါင်း ၁၀၅၁ ဦးရှိခဲ့ကာ ယခင်နှစ်ကထက် ၃ ဆ နီးပါး မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဧပြီလ ၃ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။ 

UNOCHA ညွှန်ကြားရေးမှူး မစ္စ လီဆာ ဒေါက်ခ်တန် က “ သူတို့ (မြန်မာပြည်သူ)တွေဟာ ငါတို့ကို မေ့ဖို့ မတတ်နိုင်သလို မစောင့်နေနိုင်တော့ပါဘူး။ အခုလို အကြောက်တရားနဲ့ မရေရာနေတဲ့ အချိန်ကာလမှာ သူတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝိုင်းက အခုပဲ အထောက်အပံ့ အကူအညီ တွေပေးဖို့ လိုအပ်နေပါပြီ” ဟု ပြောသည်။

Show More

Related Articles

Back to top button