အတွေးအမြင်

အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်က မင်းအောင်လှိုင်ကို ကိုင်တွယ်နိုင်ပါ့မလား

၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ စတင်ထမ်းဆောင်နေသည်မှာ ၂ လနီးပါး ရှိလာပြီဖြစ်သော်လည်း မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ရန် လက်တွေ့ကျသော ခြေလှမ်းကို တိတိပပ မတွေ့ရှိသေးပါ။

အင်ဒိုနီးရှားသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် နယ်မြေအကျယ်အဝန်း၊ လူဦးရေ၊ စီးပွားရေး၊ စစ်ရေးအရ အင်အားအကြီးဆုံးနိုင်ငံဖြစ်သလို အာဆီယံအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သော နိုင်ငံများထဲတွင် အဓိကကျသော နိုင်ငံဖြစ်သည်။ အာဆီယံ၏ အရေးကြီးသော ကာလများတွင် အင်ဒိုနီးရှား၏ ဦးဆောင်မှုကို အထင်အရှား တွေ့ရတတ်သည်။

ထို့ကြောင့် အင်ဒိုနီးရှားကို အာဆီယံဒေသတွင်း ဦးဆောင်နိုင်ငံအဖြစ် ရှုမြင်ထားကြပြီး၊ သမ္မတ ဂျိုကိုဝီ (Jokowi) သည် အလှည့်ကျဥက္ကဋ္ဌဩဇာသုံးပြီး၊ အဖွဲ့ဝင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် မင်းအောင်လှိုင်၏ ကိုယ့်ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် လုပ်နိုင်မလားဟု မျှော်လင့်ချက်ထားကြသည်။

မြန်မာနိုင်ငံတွင် မအောင်မြင်သော စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သမ္မတ ဂျိုကိုဝီက အင်ဒိုနီးရှားထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။ 

သမ္မတ ဂျိုကိုဝီ၏ စိတ်ကူးက အင်ဒိုနီးရှားတွင် အတိတ်က ဗိုလ်ချုပ်ကြီးဆူဟာတို၏ စစ်အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းနိုင်ခဲ့မှု၊ အင်ဒိုနီးရှားစစ်တပ်ကို အရပ်သားအုပ်ချုပ်ရေးအောက် အောင်မြင်စွာ ထားရှိနိုင်မှု အတွေ့အကြုံကို မင်းအောင်လှိုင်အား မျှဝေနားချရန် နည်းလမ်းတစ်ခုအဖြစ် ကြိုးစားကြည့်မည့် သဘောဖြစ်သည်။

သမ္မတ ဂျိုကိုဝီ၏ စိတ်ကူးက လူကြီးလူကောင်းဆန်လှပေသည်။ ၎င်းကဲ့သို့ မင်းအောင်လှိုင်သည် နိုင်ငံအကြီးအကဲတစ်ဦး၏ ဂုဏ်သိက္ခာ၊ အမြော်အမြင်၊ ဆင်ခြင်တုံတရားနှင့် ဥပဒေကို လေးစားလိုက်နာသောသူ ဖြစ်ခဲ့ပါလျှင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုပင် ဖြစ်လာစရာ အကြောင်းမရှိပါ။

လူမိုက်ဆန်ပြီး ဆင်ခြင်တုံတရားကင်းမဲ့နေသော မင်းအောင်လှိုင်ထံမှ လူကြီးလူကောင်းဆန်သော၊ အမြော်အမြင်ရှိသော တုံ့ပြန်မှုမျိုး သမ္မတ ဂျိုကိုဝီ မျှော်လင့်နေမည်ဆိုလျှင် အမှားကြီးမှားပါလိမ့်မည်။ 

မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် အင်ဒိုနီးရှားစစ်ဗိုလ်ချုပ်ကြီးများအကြား ကွာခြားချက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းမှသည် မင်းအောင်လှိုင်အထိ ကမ္ဘာကြီးက အသိအမှတ်ပြု လေးစားချီးကျူးလောက်သော ခေါင်းဆောင်မှုမျိုး မှတ်တမ်းတင် ကျန်ရစ်ခဲ့ခြင်း မရှိခြင်းပင် ဖြစ်သည်။ 

ပြုပြင်ပြောင်းလဲရေးသမား၊ ပျော့ပျောင်းသောစိတ်ထားရှိသူ၊ တိုးတက်သောအမြင်ရှိသူအဖြစ် ဝိုင်းဝန်းမြှောက်ပင့်ချီးကျူးခဲ့ကြသော ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်သည်ပင်လျှင် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စနစ်တကျ အကွက်ချစီစဉ်ခဲ့သော စစ်ယူနီဖောင်းချွတ်ပြီး စစ်တပ်က နိုင်ငံအာဏာကို အကန့်အသတ်မရှိချုပ်ကိုင်ရေး မဟာစီမံကိန်းကြီးထဲက ဇာတ်ကောင်တစ်ကောင်မျှသာဖြစ်သည်ကို ယခုအခါ သုံးသပ်ဆင်ခြင်နိုင်ခဲ့ကြပြီ ဖြစ်သည်။ 

အမှန်စင်စစ် စစ်ခေါင်းဆောင်အကြီးအကဲ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားပါစေ၊ နိုင်ငံတော်အာဏာကို စစ်တပ်လက်ထဲတွင်သာ ချုပ်ကိုင်ထားရမည်ဆိုသည့် အချက်သည် မြန်မာစစ်တပ်၏ မျိုးဗီဇ (DNA) ဖြစ်သည်။ ထိုအချက်ကို သမ္မတ ဂျိုကိုဝီ အလေးဂရုပြုရန် လိုအပ်သည်။ သို့မှသာ မင်းအောင်လှိုင်ကို ရင်ဆိုင်မည့် နည်းလမ်းမှန်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နေအိမ်တချို့ ၂၀၂၁ စက်တင်ဘာ ၁၈ တွင် မီးလောင်ကျွမ်းနေစဉ်။ မြို့လုံးကျွတ် စစ်ရှောင်သွားပြီးနောက်ပိုင်း စစ်တပ် တပ်စွဲထားစဉ် ရှေးအကျဆုံး ဘုရားကျောင်းများအပါအဝင် မြို့ထက်ဝက်ကျော် ပြာကျပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ-ထန်တလန်တိုင်းမ်)

မလေးရှားဝန်ကြီးချုပ် အကြံပြုချက်ကို သမ္မတ ဂျိုကိုဝီ လက်ခံသင့်

မလေးရှားဝန်ကြီးချုပ် အင်န်ဝါ အီဘရာဟင်သည် မကြာသေးခင်က ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Thai PBS World နှင့် တွေ့ဆုံမေးမြန်းခန်းအတွင်း မြန်မာ့အရေးနှင့် ပတ်သက်ပြီး ၎င်း၏ အရေးပါလှသော သုံးသပ်ချက်တချို့ကို ပြောကြားသွားခဲ့သည်။

ဝန်ကြီးချုပ် အင်န်ဝါက သူ့လုပ်ဖော်ကိုင်ဖက် (ထိုင်းဝန်ကြီးချုပ်) ကို ပြောခဲ့ပါတယ်လို့ အစချီပြီး အောက်ပါအတိုင်း ပြောခဲ့သည်။ 

“ကျွန်တော်တို့မှာလည်း ပြဿနာရှိတာပါပဲ၊ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းက မလေးရှားမှာပါ။ ကျွန်တော်တို့ လက်မခံနိုင်တော့ပါဘူး။ အဖြေက သူတို့ကို နေစရာအိမ်ကောင်းကောင်းပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်ပေးဖို့ မဟုတ်ဘူး။ အဖြေက မြန်မာမှာပါ၊ စစ်အစိုးရကိစ္စ ဖြေရှင်းရမှာပါ။ အာဆီယံတစ်ဖွဲ့လုံးက ဩဇာမရှိဘူး ဒါမှမဟုတ် မပြောနိုင်ဘူးလို့တော့ ကျွန်တော် မမြင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုသာ ကျွန်တော်တို့ အချက်ပြမိရင် ဥရောပသားတွေ၊ အမေရိကန်တွေနဲ့ တရုတ်တွေက သူတို့အခွင့်အရေးတွေ တောင်းကြတော့မယ်…”

“ကျွန်တော်တို့ အခုပြောနေတာ ဆယ်စုနှစ် ၄ ခု ကြာနေပြီဖြစ်တဲ့ ပြဿနာပါ။ အာဆီယံဟာ သူ့ရဲ့ မဟာဗျူဟာကို မပြောင်းလဲဘူးဆိုရင် မြင်နိုင်တဲ့ ရှေ့အနာဂတ်မှာတောင် ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ အာဆီယံနည်းကျ တွေ့ဆုံဆွေးနွေးတာတို့ ညှိနှိုင်းတာတို့မှာ ခွန်အားရှိပါတယ်၊ ဒါပေမဲ့ မြန်မာနဲ့ ပတ်သက်လာရင် အာဆီယံဟာ သူရဲ့နည်းလမ်းကို ပြင်ရပါမယ်။ ဘယ်လို့လဲဆိုတော့ အာဆီယံရဲ့ အပြုသဘောထိတွေ့ဆက်ဆံမှုဟာ အလုပ်မဖြစ်လို့ပါပဲ။”  

“အခြေအနေတွေက ပိုပြီး ဆိုးရွားလာနေတယ်။ မြန်မာ့အရေးက ပြည်တွင်းရေးပြဿနာသက်သက်လို့ ပြောလို့ မရနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး ခံစားနေရလို့ပါပဲ။ ထိုင်းက နယ်စပ်ချင်းထိနေတော့ ဆိုးဆိုးရွားရွား ခံစားနေရတယ်။ ဒုက္ခသည်အခြေအနေက မလေးရှားမှာ ပိုဆိုးရွားလာနေပြီ။ အင်ဒိုနီးရှားလည်း ဒုက္ခသည်တွေ လက်ခံထားနေရပြီ။”

ဝန်ကြီးချုပ် အင်န်ဝါသည် အာဆီယံခေါင်းဆောင်တစ်ဦးဖြစ်လာသည်မှာ အချိန်ကာလအားဖြင့် မကြာသေးသော်လည်း၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် စိမ်းသူတစ်ဦး မဟုတ်ပေ။ သူ ဒုဝန်ကြီးချုပ်ဘဝ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိထင်ရှား ထောက်ခံခဲ့ပြီး၊ ထိုစဉ်က စစ်အစိုးရကို ဝေဖန်ခဲ့ဖူးသည်။ 

မြန်မာကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့သူ ထိုစဉ်က ၎င်း၏ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နှင့် ယှဉ်လျှင် ကွဲပြားသော ရပ်တည်ချက်ရှိသူဖြစ်ပြီး ထိုစဉ်ကတည်းက ဒီမိုကရေစီစံနှုန်းများကို မြှင့်တင်လိုသူတစ်ဦး ဖြစ်ပါသည်။

အင်ဒိုနီးရှား ရွှေ့သင့်သော မင်းအောင်လှိုင် အကြောက်ဆုံး ရွှေ့ကွက်

အင်ဒိုနီးရှားက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင် မင်းအောင်လှိုင်၏ စစ်တပ်က ပြည်သူများကို အကြမ်းဖက်မှုများ ၂ နှစ်ကြာ ကျူးလွန်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ရပ်” ကို မင်းအောင်လှိုင်က လုံးဝဂရုမစိုက်ခဲ့ခြင်းကြောင့် အကောင်အထည်မဖော်ဆောင်နိုင်ခဲ့သည်မှာ လုံလောက်သောသက်သေပင် ဖြစ်သည်။

၂ နှစ်ဆိုသည့် ကာလသည် သံတမန်ရေးကြိုးပမ်းမှုများအတွက် လုံလောက်သော ကာလဖြစ်ပြီး၊ အင်ဒိုနီးရှားအလှည့်တွင် မြန်မာ့အရေးကို နည်းလမ်းသစ်ဖြင့် ဖြေရှင်းဆောင်ရွက်ရန် အချိန်ကိုက်ပင်ဖြစ်သည်။

မြန်မာက အာဆီယံကို ဓားစာခံလုပ်ထားခြင်းမျိုး လုံးဝလက်မခံဘူးဟု သမ္မတ ဂျိုကိုဝီ အကြိမ်ကြိမ် ထုတ်ဖော်ပြောခဲ့ခြင်းကို ထောက်ရှုလျှင်၊ မင်းအောင်လှိုင်သည် အာဆီယံမှ နုတ်ထွက်ရန် မည်သည့်အခါမျှ စဉ်းစားလိမ့်မည် မဟုတ်ဟု အင်ဒိုနီးရှားအနေဖြင့် နားလည်နိုင်ပါသည်။ အာဆီယံကို ဓားစာခံသဘော အသုံးချရန်ကိုသာ ဆက်လက်ကြိုးပမ်းနေပါလိမ့်မည်။

အမှန်စင်စစ် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို လှုပ်ခါသွားနိုင်သော၊ ၎င်းတို့ အကြောက်ဆုံးဖြစ်သော ရွှေ့ကွက်မျိုး အင်ဒိုနီးရှားခေါင်းဆောင်တို့၏ လက်ထဲတွင် ရှိနေသည်။ ယင်းမှာ မြန်မာ့အရေးဖြေရှင်းရာတွင် မဖြစ်မနေ တရားဝင်တွေ့ဆုံဆွေးနွေးရမည်ဖြစ်သော၊ မြန်မာပြည်သူများကို ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တွေ့ဆုံခြင်းပင် ဖြစ်သည်။ 

ထိုသို့ တွေ့ဆုံခြင်းသည် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ သမ္မတ ဂျိုကိုဝီနှင့် ၎င်း၏နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ လှမ်းရမည့် ပထမခြေလှမ်း ဖြစ်သင့်သည်။ 

ယခင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက NUG ကို အသိအမှတ်ပြု တွေ့ဆုံခဲ့သည့် တစ်ဦးတည်းသော အာဆီယံအဖွဲ့ဝင် ဖြစ်သည်။ သို့သော် မလေးရှားနှင့် လွန်စွာကွာခြားသည့်အချက်မှာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် တာဝန်နှင့် အခွင့်အာဏာကို အာဆီယံထိပ်သီးအစည်းအဝေးက သမ္မတ ဂျိုကိုဝီလက်ထဲ ပေးအပ်ထားသည့်အချက် ဖြစ်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က အမြောက်တပ်၊ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

အင်ဒိုနီးရှား ခြေလှမ်းနှေးကွေးနေခြင်းက စိတ်ပျက်စရာပင်

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူကြရသော နိုင်ငံတိုင်း လုပ်ဆောင်လေ့ရှိသော ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကောင်စီ (ASEAN Coordinating Council – ACC) အစည်းအဝေးများကို နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၃ – ၄ ရက်နေ့တို့တွင် ဂျကာတာမြို့၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

အစည်းအဝေးအပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင်နိုင်ငံများအကြား စုစည်းညီညွတ်စွာ ချဉ်းကပ်ဆောင်ရွက်ရေး (‌A united approach) ကို အတည်ပြုခဲ့ကြသည်ဟု သတင်းစကားမှလွဲ၍ အခြားမည်သည့်အချက်မျှ မပါဝင်ခဲ့ပါ။

ACC ကို တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရေးအစီအစဉ် (Implementation Plan) ရေးဆွဲရန် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက တာဝန်ပေးထားခဲ့သည်။ ထို့ကြောင့် ACC အစည်းအဝေးအပြီး အကောင်အထည်ဖော်ရေးအစီအစဉ် အသေးစိတ် ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း ၃၂ ကြိမ်မြောက် ACC အစည်းအဝေး ထုတ်ပြန်ချက်တွင် ထိုအစီအစဉ်ကို ဆွေးနွေးခဲ့ခြင်း ရှိမရှိ တိတိပပ ဖော်ပြမထားပေ။  

အစည်းအဝေးတက်ရောက်ခဲ့သော ယခင် အာဆီယံအထူးကိုယ်စားလှယ်ဟောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၏ ထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တူညီဆန္ဒ ၅ ရပ် “အကောင်အထည်ဖော်ရေးအစီအစ​ဉ်မူကြမ်း” (Draft Implementation Plan) ကို ကြိုဆိုခဲ့ကြသည်ဟု ဖော်ပြထားသည်။ 

အင်ဒိုနီးရှားသည် အလှည့်ကျဥက္ကဋ္ဌဖြစ်ပါလျက် ထိုအချက်ကို အဘယ်ကြောင့် ရေငုံနှုတ်ပိတ်နေခဲ့သနည်း။ ထိုမူကြမ်းသည် အကောင်အထည်ဖော်ရန် အဆင်သင့်မဖြစ်သေးသဖြင့် ဝန်ကြီး ရက်နို နှုတ်ပိတ်နေခြင်းလည်း ဖြစ်နိုင်ပါသည်။   

သို့သော် မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အင်ဒိုနီးရှားအပေါ် မျှော်လင့်ချက်ကြီးမားနေချိန် ၎င်း၏ ဦးဆောင်မှု ၂ လ ကြာလာပြီဖြစ်သော်လည်း မည့်သည့်ဆောင်ရွက်ချက်မျှ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးဘဲ ခြေလှမ်းနှေးကွေးလျက်ရှိသည်။

အာဆီယံသည် စစ်ကောင်စီကို နားချရန် ၂ နှစ် အချိန်ယူခဲ့ပြီးပြီ။ ယခုတစ်ဖန် အကောင်အထည်ဖော်ရေးအစီအစဉ်ကို ရေးဆွဲရန် ၃ လခန့် အချိန်ယူ ရေးဆွဲခဲ့သော်လည်း “မူကြမ်း” အဆင့်သာ ရှိသေးသည်။ 

အာဆီယံသည် စစ်ကောင်စီကို ထိတွေ့ဆက်ဆံရန် အမျိုးမျိုးကြိုးစားသည်။ စစ်ကောင်စီခန့် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများကို အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ပေးထားသည်။ 

သို့သော် အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက် ရှိထားပါလျက် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသည် မြန်မာပြည်သူများက ရှင်းလင်းစွာ ထောက်ခံထားသော ပြည်သူ့ကိုယ်စားပြု NUG ကို တရားဝင်တွေ့ဆုံရန် တွန့်ဆုတ်နေခြင်းသည် မြန်မာပြည်သူများအပေါ် အလေးမထားခြင်းပေတည်း။

မြန်မာပြည်သူတို့၏ နေ့စဉ်နှင့်အမျှ မင်းအောင်လှိုင်၏ သတ်ဖြတ်ခြင်း ခံစားနေရမှုကို မသိကျိုးကျွန်ပြုနေသော အာဆီယံ၏ လုပ်ရပ်သည် အဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် ဗဟိုအချက်အချာကျမှု (ASEAN Centrality) အပေါ် မေးခွန်းထုတ်ရပေတော့မည်။ 

အာဆီယံသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်သော စွမ်းအားမရှိလျှင် အချိန်ဆက်မဖြုန်းသင့်ပါ။    

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button