
လနှင့်ချီကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတပ်များက ဧပြီ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့တောင်ဘက် ၅၇ မိုင်ခန့်အကွာ အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ကျင်ဒွေးမြို့ကို သိမ်းပိုက်ရန်အတွက် ၂၀၂၃ ဒီဇင်ဘာ ခရစ္စမတ်အကြိုကာလတည်းက စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိစွာဖြင့် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကာ ချင်းပြည်နယ်တွင် ၄ မြို့မြောက်အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်း ဆောမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နယ်နိမိတ်ထိစပ်နေပြီး စစ်ရေးအရ အချက်အချာကျသည့် ထိုမြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအပါအဝင် အင်အား ၂၀၀ နီးပါးသည် မုန်းချောင်းဘေးမှ ရဲစခန်း၊ ကပ်လျက်ရှိသော စာသင်ကျောင်းတို့တွင် တပ်စွဲကာ မြို့မကျစေရေး ခုခံခဲ့ကြသည်။
ကျင်ဒွေးမြို့သည် စစ်တပ်ထောက်ခံသူအားကောင်းသည့် ပျူစောထီးများ အားကောင်းသလို မြို့တွင်း အခိုင်အမာပြင်ဆင်ထားသဖြင့် လနှင့်ချီ တိုက်ယူခဲ့ရသည်ဟု မြေပြင်တပ်မှူးတစ်ဦးက ပြောသည်။
“ဗုံးခိုကျင်းမရှိတဲ့ အိမ်မရှိဘူး။ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းကို စီမံချက်နဲ့ လုပ်ထားတာ။ ခံပစ်ဖို့အတွက်ပါ အိမ်တွေထဲမှာ တော်တော်လေးကို ခံစစ်ပြင်ထားတာ တွေ့ရတယ်”
ဒေသတွင်း CDF တပ်ရင်းတချို့၊ မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတချို့၊ နယ်မြေခံ ချင်းကာကွယ်ရေးအဖွဲ့-ကန်ပက်လက် (CDF (Kanpetlet) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်အင်အား မပြည့်စုံသဖြင့် တိုက်ပွဲကာလကြာမြင့်ခဲ့ရသည်ဟု ထိုအဖွဲ့များက ဆိုသည်။
“ကျည်အင်အား၊ လက်နက်အင်အားနဲ့ ဗျူဟာမြောက်လက်နက်တွေ မတပ်ဆင်နိုင်တဲ့အခါ ထင်သလောက် ခရီးမပေါက်ခဲ့ဘူး” ဟု CDF-Kanpetlet ၏ တပ်မဟာမှူး ဆလိုင်းထွန်းလိုင်းထန်းက ပြောသည်။

ထို့ကြောင့် ကျင်ဒွေးမြို့ရရှိရေးအတွက် အထက်ပါ တော်လှန်ရေးအင်အားစုများအပြင် ချင်းညီနောင်အဖြစ် စုဖွဲ့ထားသည့် ချင်းတော်လှန်ရေးအင်အားစုများ၊ အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်အဖွဲ့များက မတ် ၇ ရက်မှစတင်ကာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF (Kanpetlet)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၁ တို့ဖြင့် စုဖွဲ့ထားသည့် “ချင်းညီနောင်” က AA အကူညီဖြင့် မြို့သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
AA သည် ချင်းပြည်နယ်အတွင်းမှ ပလက်ဝမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်းဒေသတိုက်ပွဲများအကြောင်း တစ်စုံတစ်ရာထုတ်ပြန်ခြင်းလည်း မရှိပေ။
မကွေးတိုင်းမှ ဂန့်ဂေါခရိုင်၊ မင်းဘူးခရိုင် PDF တပ်ရင်းများ၊ AA ၏ မဟာမိတ်များဖြစ်သော ယောသကာကွယ်ရေးတပ် (YDF) စစ်ကိုင်းတိုင်းမှ Generation Z Army အဖွဲ့တို့လည်း မြို့သိမ်းနိုင်ရေး ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
မကွေး-ရခိုင်-ချင်း သုံးခုဆုံရာ ဗျူဟာကျသည့် ကျင်ဒွေး
ကမ္ဘာကျော် ဝိတိုရိယတောင်ရှိရာ ကန်ပက်လက်မြို့နှင့် မိုင် ၅၀ ကျော်ကွာဝေးသည့် ကျင်ဒွေးမြို့သည် ယခင်က ကျေးရွာအဆင့်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ဒီဇင်ဘာတွင် မြို့အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ရပ်ကွက် ၄ ခုဖြင့် ဖွဲ့စည်းထားသည့် ကျင်ဒွေးမြို့မှာ အိမ်ခြေ ၂၀၈ လုံးရှိပြီး လူဦးရေ တစ်ထောင်ဝန်းကျင် နေထိုင်သည်။
နယ်မြေအနေအထားအရ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ၂ ရုံရှိရာ မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ထိစပ်နေပြီး AA ထိန်းချုပ်ထားသော ရခိုင်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် မြောက်ဦး၊ ကျောက်တော်တို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် အချက်အချာကျသည့် မြို့ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“မိုင် ၃၀၊ ၄၀ ဝန်းကျင်မှာ ကပစ စက်ရုံတွေရှိတာ။ အရေးကြီးတဲ့ ကပစစက်ရုံတွေ နေမှာ။ အဲ့ဒီစက်ရုံတွေ အန္တရာယ်ရှိလာမယ်ထင်လို့ အဲ့ဒီလမ်းကြောင်းကို မပေးချင်တာ။ အဓိကတော့ ရခိုင်နဲ့ ချင်းရဲ့ ဆက်သွယ်ရေးပိုပြီး မြန်ဆန်လာရင် သူတို့အတွက် တအားအန္တရာယ်ရှိလာမှာပေါ့” ဟု အထက်ပါ မြေပြင်တပ်မှူးတစ်ဦးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီသည် မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းမှ အင်အားဖြည့်တင်းခြင်း၊ တိုက်ခိုက်ရေးလေယာဉ်များသာမက သယ်ယူပို့ဆောင်ရေး Y 12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကာ အပြင်းအထန်ခုခံခဲ့သည်။
“တစ်ခါလာရင် ဂျက်သုံးစီးနဲ့လာတယ်။ Y 12 တွေနဲ့ အတွဲလိုက်ဗုံးသီးတွေနဲ့ ကြဲတာ။ တစ်ခါကြဲရင် ၅၀ လောက် ရှိတယ်။ သူတို့ဧရိယာလည်း မရှောင်ဘူး။ ကျချင်တဲ့နေရာကျဆိုပြီး ကြဲတာ။ ဗုံးသီးတွေ ဖြုတ်ဖြုတ်ချ အဲ့လိုမျိုး။ တစ်နေ့ကို လေယာဉ်က ၄ ခေါက်၊ ၅ ခေါက် နောက်ပိုင်းတွေမှာကျ လေယာဉ်က တအားနဲ့စိပ်လာတယ်။ တစ်နေကုန် လေယာဉ်ကို ဝေဟင်မှာ လေယာဉ်ပြတ်တဲ့အချိန်ကို မရှိတော့ဘူး” ဟု ထိုသူက ဆက်ပြောသည်။
AA, PDF, CDF, YDF အပါအဝင် တော်လှန်ရေးအင်အားစုများ၏ အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် မြို့ကို လက်လွှတ် ရလုနီးပါး ဖြစ်လာသော စစ်ကောင်စီက လေတပ်ကို သုံးကာ အကြိမ်ရေ ရာနှင့်ချီ ဗုံးကြဲခဲ့၍ တစ်မြို့လုံးနီးပါး ပျက်စီးခဲ့သည်။
“မြို့ကတော့ ရစရာမရှိတော့ဘူး။ သူတို့ရဲ့နင်းမိုင်းတွေ အကုန်ပြန်ရှင်းရမှာ။ မိုင်းကတော့ ရက်စက်တယ်။ လေယာဉ်ဒဏ်မိထားတဲ့ တစ်မြို့လုံးက အိမ်တွေက အကောင်းမရှိတော့ဘူး။ အကုန်လုံး လေယာဉ်ဒဏ်မိတာ။ လေယာဉ်ကနေ စိစိညက်ညက်ကြေအောင် ကြဲပစ်တာ”
လေယာဉ်ဖြင့် စစ်အင်အား ၅၀၀ နီးပါးကို ၃ ကြိမ်ခွဲကာ စစ်ကူပို့ခဲ့ပြီး တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀၀ နီးပါးခန့်သာ မြို့တွင်းဝင်ရောက်နိုင်ခဲ့ကာ သေဆုံးသူများရှိသလို တချို့လည်း ဆောမြို့နယ် ကပစစက်ရုံအတွင်း ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။
၄ လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်ခွာဆုတ်ပြေးသွားပြီးနောက် ဧပြီ ၂၉ ရက် နံနက်တွင် တော်လှန်ရေးအင်အားစုများက မြို့ကို အပြည့်အဝ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
စခန်းစွန့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းအဖွဲ့က လိုက်လံ တိုက်ခိုက်နေကြောင်း၊ စစ်တပ်က ဖမ်းဆီးရမိသူများ ရှိကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ သေဆုံးခဲ့ကြောင်း သိရသော်လည်း အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။
တိက်ပွဲများနှင့် မိုင်းဒဏ်တို့ကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်ထိခိုက်မှု များပြားကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ မြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာချီခဲ့ပြီး ပေါင် ၅၀၀ ဗုံးများ၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပါဝင်သည်ဟု သိရသည်။
ကျင်ဒွေးတိုက်ပွဲပြင်းထန်နေချိန် ဧပြီလကုန်ပိုင်းတွင် စစ်တပ်က ကျင်ဒွေးအနီးအနားရှိ ဆေးရုံ၊ ဆေးပေးခန်းများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ကန်ပက်လက်မြို့နယ်မှ လုံဒွဲရွာဆေးခန်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို ၁ ဦးသေဆုံးခဲ့ပြီး မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦး သေဆုံးခဲ့သည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများမှသည် လက်နက်ကိုင်ခုခံမှုများအထိ အားကောင်းခဲ့သည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက ရိခေါရ်ဒါ၊ လိုင်လင်းပီနှင့် ရေဇွာတို့ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်းများ စွန့်ခွာသွားသည့် နှာရိန်၊ ဝေဘူလ၊ မကွီအိမ်နူးတို့တွင်လည်း တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်ထားပြီး စစ်တပ်က ပြည်နယ်မြို့တော် ဟားခါး၊ မင်းတပ် အပါအဝင် မြို့ပေါ်တွင်သာ နယ်ထိန်းချုပ်ထားသည်။
