အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်၏ ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်ကို တော်လှန်ရေးတပ်များခုခံနေ

ချင်းပြည်နယ်တောင်ပိုင်းသို့ ဦးတည် စစ်ဆင်သည့် မြန်မာစစ်တပ်၏ ထိုးစစ်ကို ချင်းပြည်သူ့ တပ်မတော် (CPU/CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက ကန်ပက်လက်၊ မင်းတပ်၊ ကျင်ဒွေးနှင့် ရွှေအောင်သာစသည့် နေရာလေးခုတွင် ခုခံနေကြောင်း ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်စစ်ဆင်သည့် မြန်မာစစ်တပ်၏ ထိုးစစ်ကို ချင်းပြည်သူ့ တပ်မတော် (CPU/CPA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက ကန်ပက်လက်၊ မင်းတပ်၊ ကျင်ဒွေးနှင့် ရွှေအောင်သာစသည့်  နေရာလေးခုတွင် ခုခံနေကြောင်း ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောသည်။

ရွှေအောင်သာဆိုသည်မှာ ချင်းပြည်နယ် နယ်နိမိတ်နှင့် မဝေးသည့် မကွေးတိုင်း ထီးလင်းမြို့နယ် ထဲက ရွာတစ်ရွာဖြစ်သည်။ ကန်ပက်လက်၊ မင်းတပ်နှင့် ကျင်ဒွေးမြို့တို့သည် ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသော ချင်းပြည်နယ်တောင်ပိုင်းထဲက မြို့များဖြစ်သည်။

စစ်တပ်၏ ထိုးစစ်သည် ၂၀၂၆ ခုနှစ် မေလ ၁၆ ရက်တွင် စတင်လာခြင်းဖြစ်ပြီး မကွေးတိုင်း ယောဒေသကို ဖြတ်သန်း၍ အနောက်ဘက်ရှိ ချင်းပြည်နယ်တောင်ပိုင်းသို့ ဦးတည် စစ်ဆင်နေခြင်းဖြစ်ကြောင်း ဆလိုင်းယောမန်က အောက်တိုဘာ၂၂ ရက်တွင် ၎င်း၏ Facebook ၌ ရေးသားသည်။

ချင်းပြည်နယ်တောင်ပိုင်းစစ်ပွဲအခြေအနေပြပုံ။ 

တိုက်ပွဲအခြေအနေ ပိုမိုသိနိုင်ရန် ဆလိုင်းယောမန်ကို Myanmar Now က အောက်တိုဘာလ ၂၂ ရက်က ဆက်သွယ်မေးမြန်းသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်မဖြေပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကန်ပက်လက်မြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် ချင်းကာကွယ်ရေးတပ် CDF (ကန်ပက်လက်) ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေကလည်း CPU ဥက္ကဋ္ဌထံ ခွင့်ပြုချက်တောင်းခံပြီးပါက ဥက္ကဋ္ဌခွင့်ပြုလျှင် အခြေအနေပြန်ပြောပေးမည် ဟုဆိုသည်။

စစ်တပ်သည် မကွေးတိုင်း ယောဒေသ လောင်းရှည်မြို့၊ ဆောမြို့နှင့် ကျောက်ထုမြို့တို့တွင် အင်အားဖြည့်တင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ကျင်ဒွေးမြို့တို့ကို သိမ်းယူနိုင်ရန် ဦးတည်နေခြင်းဖြစ်ကြောင်း ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်၏ ရေးသားချက်အရသိရသည်။

စစ်တပ်၏ ပထမစစ်ကြောင်းသည် မကွေးတိုင်း လောင်းရှည်မြို့မှတဆင့် မြောက်ဘက်ရှိ ဆောမြို့သို့ အင်အားဖြည့်တင်းရန် ကြိုးပမ်းစဉ် မကွေးတိုင်းအခြေစိုက် PDF များ၏ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲ လောင်းရှည်မြို့သို့သာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဆိုသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်နယ်စပ်အနီးရှိ ထီးလင်းမြို့နယ် ရွှေအောင်သာရွာသို့ ဦးတည်ချီတက်လာသည့် စစ်တပ်၏ ဒုတိယစစ်ကြောင်းကို ရွှေအောင်သာရွာနှင့် ကြည်းရွာကြား၌ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်တပ်တို့က တိုက်ခိုက်သည်။

အဆိုပါ စစ်ကြောင်းသည် လက်ရှိအချိန်အထိ ရှေ့မတိုးနိုင်ဘဲ ကြည်းရွာတွင်သာ ရှိနေကြောင်း ဆလိုင်းယောမန်က ဆိုသည်။

စစ်တပ်၏ အခြားစစ်ကြောင်းတစ်ကြောင်းမှာ မကွေးတိုင်း လောင်းရှည်မြို့မှတဆင့် လောင်းရှည်မြို့၏ အနောက်ဘက် ၁၉ မိုင်အကွာရှိ ကျင်ဒွေးမြို့သို့ ဦးတည်ထိုးစစ်ဆင်နေသည်။ အဆိုပါ စစ်ကြောင်းသည် ချင်းတော်လှန်ရေးတပ်များနှင့် စက်တင်ဘာ ၂၆ မှစ၍ ထိတွေ့တိုက်ပွဲဖြစ်နေကြောင်း ဆလိုင်းယောမန်က ရေးသားသည်။

ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ဝန်းကျင်ရှိ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍မူ ရှင်းရှင်းလင်းလင်းမသိရပေ။ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို စစ်တပ်က ထိုးစစ်ဆင် ခဲ့သော်လည်း မြို့ကို မကျရန် ကာကွယ်ထားနိုင်ဆဲဖြစ်ကြောင်း ဆလိုင်းယောမန်၏ ရေးသားချက်အရသိရသည်။

မေလ ၁၆ ရက်မှ စတင်ပါက အောက်တိုဘာလအထိ ငါးလတာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်များသည် စစ်တပ်ကို အထိနာသည်အထိ တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောသည်။

“လက်ရှိအချိန်ထိ ချင်းပြည်နှင့် ချင်းပြည်သူလူထုကို အကောင်းဆုံး ကာကွယ်ခုခံနေပါတယ်” ဟု ၎င်းက ဆိုသည်။

 အောက်တိုဘာလ ၂၂ ရက်ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် ကန်ပက်လက် ၊ မင်းတပ်နှင့် ထီးလင်းမြို့နယ်ထဲက တိုက်ပွဲအခြေအနေများကို မဖော်ပြဘဲ ကျင်ဒွေးမြို့သို့ ဦးတည်စစ်ဆင်နေ သည့် စစ်တပ်စစ်ကြောင်း ရှေ့တိုးလာနိုင်သည်ဟုသာ စစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။

လောင်းရှည်မှလာသော စစ်တပ်စစ်ကြောင်းသည် ကျင်ဒွေးမြို့ အရှေ့ဘက် ရှစ်မိုင်အကွာရှိ လှိုင်ဒုတ်ရွာကို စစ်ကြောင်း နှစ်ကြောင်းဖြင့် အောက်တိုဘာလ ၂၁ ရက်တွင် သိမ်းယူထားပြီး လောင်းရှည်- လှိုင်ဒုတ်- ကျင်ဒွေး ကားလမ်းပွင့်ရန် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာတွင် ရေးထားသည်။

တိုက်ပွဲတွင် CDF များဘက်က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေကြောင်း စစ်တပ်ဘက်က ဆိုသည်။ အဆိုပါအခြေအနေသိနိုင်ရန် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

မကွေးတိုင်း အခြေစိုက်တော်လှန်ရေးတပ်၏ ခေါင်းဆောင် အမျိုးသားတစ်ဦးကလည်း ကန်ပက်လက်၊ မင်းတပ်နှင့် ထီးလင်းမြို့နယ်တို့ရှိ စစ်တပ်၏ ထိုးစစ်ကို တော်လှန်ရေးတပ်များ ရှေ့မတိုးနိုင်ရန် တိုက်ခိုက်နိုင်သည့် အခြေအနေရှိကြောင်း ဆိုသည်။

“ကျင်ဒွေးမှာတော့ စစ်တပ်က မြို့နဲ့နီးနေပြီ” ဟု ၎င်းကပြောသည်။ ချင်းပြည်နယ်တောင်ပိုင်းကို စစ်တပ်က ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) ကို သုံးကာ အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မကွေးတိုင်း အခြေစိုက်တော်လှန်ရေးတပ်၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်ရေးသုံးသပ်သည့် ဆောင်းပါးများရေးသားပြီး လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဗိုလ်မှူး စွယ်တော် ကလည်း ကျင်ဒွေးမြို့သည် ချင်းပြည်နယ်အပါအဝင် မကွေးတိုင်းသို့ ရခိုင်ပြည်နယ်မှ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ ဝင်လာနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်းဆိုသည်။

“အာဏာမသိမ်းခင်ကတည်းက AA အဖွဲ့ ချင်းပြည်ကို စိမ့်ဝင်မလာအောင် အဲ့ဒီမှာ စစ်တပ် ဘက်က ပိတ်ဆို့ရေး တစ်ဖွဲ့ထားဖူးတယ်။ ကျင်ဒွေးကိုအခြေပြုပြီး ကန်ပက်လက်နဲ့  မင်းတပ်ကို ထိုးစစ်ဆင်တဲ့စစ်ကြောင်းတွေကို အထောက်အကူလည်းပြုနိုင်ပါတယ်။ လက်တလောအခြေအနေအရ ကျင်ဒွေးအထိ စစ်တပ်ထိုးစစ်က ရောက်သွားနိုင်မယ့် အခြေအနေရှိနေတယ်” ဟု CDM ဗိုလ်မှူးစွယ်တော်က ပြောသည်။

စစ်တပ်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ ချင်းပြည်နယ်တွင် ရိခေါရ်ဒါ၊ ပလက်ဝ စသည့်မြို့တို့ကို လက်လွှတ်ဆုံးရှံးခဲ့ရပြီး ပြည်နယ်မြို့တော်ဖြစ်သည့် ဟားခါးနှင့် တီးတိန်မြို့တို့ကိုသာ လုံးဝမဆုံးရှုံးရန် ထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော် စစ်တပ်သည် ထိုးစစ်များပြန်လည်ဆင်နွှဲပြီး ဆုံးရှုံးသွားသည့်မြို့များကို ပြန်လည်သိမ်းပိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်တွင် ထန်တလန်မြို့၊ ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်တွင် ဖလမ်းမြို့၊ ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်တွင် ကျီခါးမြို့၊ ၂၀၂၆ ခုနှစ် မေလ ၂၀ ရက်တွင် တွန်းဇံမြို့တို့ကို သိမ်းပိုက်ခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများစုကို ပြန်ရပြီးနောက် စစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းရှိ ချင်းတော်လှန်ရေးတပ်ထိန်းချုပ်သော ကန်ပက်လက်နှင့် မင်းတပ်မြို့များသို့ ဦးတည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles