စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

အာဏာသိမ်းစစ်တပ်၏ လက်နက်ထုတ်လုပ်ရေး လျှို့ဝှက်စက်ရုံများ 

တော်လှန်ရေးအင်အားစုများအတွက် လက်နက်ခဲယမ်းက ရွှေထက်ရှားသော်လည်း အာဏာသိမ်းစစ်တပ်အတွက်မူ ၎င်းတို့စိတ်တိုင်းကျ ထုတ်လုပ်နိုင်သည့် စစ်လက်နက်ပစ္စည်းစက်ရုံများ ဖောဖောသီသီရှိနေသည်။ 

ပြည်သူများ၏ အခွန်အခဖြင့် လည်ပတ်နေသည့် စစ်လက်နက်ပစ္စည်းထုတ် စက်ရုံပေါင်း နှစ်ဒါဇင်ကျော်ရှိသည့်အနက် ထက်ဝက်ကျော်ကို မြန်မာပြည်အလယ်ပိုင်း တောတောင်လျှိုမြောင်များအကြားတွင် အခိုင်အမာ တည်ဆောက်ထားသည်။

‘ကပစ’ ဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံပေါင်း ၂၅ ခုရှိသည်။ ထိုစက်ရုံများသည် ခြေလျင်တပ်ဖွဲ့သုံး လက်နက်ငယ်များ၊ ကျည်ဆန်များမှစ၍ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများအထိ ထုတ်လုပ်နေခြင်းဖြစ်သည်။ ကပစစက်ရုံများသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူ ပြည်သူများကို သတ်ဖြတ်ရန် လက်နက်ခဲယမ်းများ ထုတ်လုပ်နေခြင်းဖြစ်သည်။

သိန်းနှင့်ချီသော မြေဧကများပေါ်တွင် အခိုင်အမာတည်ထားသည့် လူသတ်လက်နက်ထုတ်စက်ရုံများ အရှိန်မပျက် လည်ပတ်နေနိုင်ခြင်းက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သက်ဆိုးရှည်စေရန် အကြောင်းရင်းတစ်ခုဖြစ်နေသည်။ 

“ကပစ စက်ရုံတွေကြောင့် ပြည်ပဆန်ရှင်တွေကို ဂရုမစိုက်ဘဲ လက်နက်ခဲယမ်းတွေ လိုသလောက် ရနေတာ။ သေနတ်ရှိရင်တောင် ကျည်ဆန်မရှိတော့ရင် အဲ့သေနတ်တွေက တုတ်ပါပဲ။ အဓိက ကပစစက်ရုံတွေကို Delay လုပ်နိုင်ရင်ကို မင်းအောင်လှိုင် ပြိုဆင်းသွားပြီ” ဟု ကပစစက်ရုံများတွင် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသူ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အာဏာရှင်ကို ကာကွယ်ပေးသည့် လူသတ်လက်နက် ထုတ်လုပ်ပေးရာ ကပစစက်ရုံများ၏ တည်နေရာနှင့် ထုတ် လုပ်သည့် လက်နက်ခဲယမ်းများအကြောင်း Myanmar Now က လက်လှမ်းမီသလောက် ခြေရာခံထားသည်။ 

မဟာဗျူဟာမြောက် ကပစစက်ရုံများ

နိုင်ငံတဝန်းတွင် ကပစစက်ရုံပေါင်း ၂၅ ခုရှိသည့်အနက် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် မကွေးတိုင်း အတွင်း အများဆုံးအဖြစ် ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော်(တပ်ကုန်း)တွင်  ၂ ရုံနှင့် ရန်ကုန် (တိုက်ကြီး)တွင် ၁ ရုံ ရှိသည်။ 

စက်ရုံအားလုံးနီးပါးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဝေးရာ နိုင်ငံအလယ်ပိုင်းတွင် တည်ဆောက် ထားသည်။ ပထဝီအနေအထားအရ စစ်ဗိုလ်ချုပ်ကြီးများ၏ မဟာဗျူဟာမြောက် အကြံအစည်ပင်ဖြစ်သည်။ 

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် မကွေးတိုင်းရှိ ဒေသခံတောင်သူများထံမှ လယ် မြေများကို သိမ်းယူကာ ကပစစက်ရုံ အများအပြား တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှား မှု (CDM) ပါဝင်ထားသည့် စစ်တပ်အရာရှိအချို့ထံမှ သိရသည်။

မကွေးတိုင်းရှိ ကပစစက်ရုံအများစုကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် အခြေပြုတည်ဆောက်ထား သည်ကို တွေ့ရသည်။ အချို့စက်ရုံများသည် မြို့နှင့် ၄ မိုင်မှ မိုင်ပေါင်း ၃၀ အထိ ကွာဝေးပြီး တောခေါင်ခေါင် ဆက်သွယ်ရေးကွန်ရက် မရှိသည့်နေရာများတွင် ရှိသည်။ 

“ကပစစက်ရုံတွေကို သူတို့စိတ်ချတဲ့ အတွင်းပိုင်းမှာပဲထားတယ်။ နောက်တစ်ချက်ကတော့ သယ်ယူပို့ဆောင်ရေး အတွက်က ဧရာဝတီမြစ်ရှိနေတော့ အရမ်းအဆင်ပြေတယ်ပေါ့ဗျာ” ဟု တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) တွင် ၆ နှစ်တက်ရောက်ခဲ့သူ ဗိုလ်ကြီးဗစ်တာက ပြောသည်။ 

အဲ့ဒီစက်ရုံက ဦးသန်းရွှေလက်ထက်မှာလည်း သူကိုယ်တိုင်လာခဲ့တယ်။ ပြီးရင် မင်းအောင်လှိုင် လက်ထက်မှာ လည်း ကိုယ်တိုင်လာခဲ့တယ်။ လာတဲ့အခါမှာလည်း ကပစစက်ရုံတွေရဲ့ ထုံးစံအတိုင်း ရိုက်ကူးရေးအဖွဲ့တွေလည်း မပါဘူး။ သူတို့ချည်းပဲ လာတာ။ သူတို့တော်တော်လေး အလေးထားတဲ့ စက်ရုံ

စစ်မှုထမ်းသက် သုံးနှစ်ရှိ ဗိုလ်ကြီးဗစ်တာမှာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ အမှတ်(၁) တပ်မတော်အကြီးစား စက်ရုံတွင် နောက်ဆုံးတာဝန်ထမ်းခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီလဆန်းပိုင်းတွင် CDM ပြုလုပ်ခဲ့သူဖြစ်သည်။ လက်ရှိ တွင် အခြား CDM အရာရှိအချို့နှင့်ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများအတွက် စစ်လက်နက်များ တနိုင်တ ပိုင် ထုတ်လုပ်ပေးလျက်ရှိသည်။  

စစ်ဗိုလ်ချုပ်ကြီးများ မျက်စိကျသည့် ကပစ ၂၀ 

စစ်ကောင်စီ၏ ခြေလျင်တပ်ဖွဲ့အတွက် မရှိမဖြစ်လိုအပ်သည့် လက်နက်ခဲယမ်းများကို အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်သည်ဟု သိရသည်။ 

ခြေလျင်တပ်ဖွဲ့ဝင်များ အဓိကသုံးစွဲသည့် MA1, MA2, MA3, MA4 အမျိုးအစား ရိုင်ဖယ်သေနတ်များနှင့် ထို သေနတ်များအတွက် ကျည်ဆံများကို အထက်ပါစက်ရုံများတွင် ထုတ်လုပ်နေခြင်းဖြစ်သည်။ 

“စစ်တပ်ကပစ်တဲ့ ကျည်ခွံတွေရတယ်။ ကျွန်တော်ကြည့်တော့ စစ်ကောင်စီဘက်က သုံးတဲ့ ကျည်ခွံတွေဟာ ၂၀၂၁ ထုတ်တွေဗျ၊ အရမ်းကို ကပ်နေပြီ။ ဟိုးအရင်တုန်းက ထုတ်တဲ့ဟာတွေ မဟုတ်တော့ဘူး။ နောက်ဆုံးထွက်တဲ့ အသုတ်တွေကိုတောင်မှ ထုတ်သုံးနေရတယ်” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ PDF များနှင့် တော်လှန်ရေး အင်အားစုများအတွက် အဓိက လက်နက်ထုတ်လုပ်ပေးနေသည့် ဗိုလ်ကြီးဗစ်တာက ပြောသည်။ 

စစ်ဗိုလ်ချုပ်ကြီးများ အလေးထားသည့် နောက်ထပ်စက်ရုံတစ်ခုမှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထုတ်လုပ်သည့် ကပစ ၂၀ ဖြစ်သည်ဟု သိရသည်။ 

မင်းအောင်လှိုင် အားထားရသည့် စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ-၂၀ တည်ရှိသည့်နေရာကို ကောင်းကင်ဓာတ်ပုံမှတဆင့် မြင်တွေ့ရပုံ

မကွေးတိုင်း၊ စေတုတ္တရာမြို့ အနီးရှိ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံသည် Anti Aircraft Cannon 25/30mm အမျိုးအစား စက်အမြှောက် ထုတ်လုပ်သည့်စက်ရုံဖြစ်သည်။  

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွေနှင့် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့  ၂၀၁၀ နှင့် ၂၀၁၂ တွင် ထိုစက်ရုံ သို့ လျှို့ဝှက် လာရောက်ခဲ့ဖူးကြောင်း ကပစ ၂၀ တွင် ၇ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် ဗိုလ်ကြီးဇင်ယော်ထံမှ​ သိရသည်။

“အဲ့ဒီစက်ရုံက ဦးသန်းရွှေလက်ထက်မှာလည်း သူကိုယ်တိုင်လာခဲ့တယ်။ ပြီးရင် မင်းအောင်လှိုင် လက်ထက်မှာ လည်း ကိုယ်တိုင်လာခဲ့တယ်။ လာတဲ့အခါမှာလည်း ကပစစက်ရုံတွေရဲ့ ထုံးစံအတိုင်း ရိုက်ကူးရေးအဖွဲ့တွေလည်း မပါဘူး။ သူတို့ချည်းပဲ လာတာ။ သူတို့တော်တော်လေး အလေးထားတဲ့ စက်ရုံ” ဟု အာဏာသိမ်းပြီး နှစ်လအ ကြာတွင် CDM ဝင်လာသူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

ကပစ ၂၀ တည်ရှိရာ နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၇ မိနစ် ၅၃ စက္ကန့်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ် ၁၂ စက္ကန့်တွင် (20°27’53″N 94°13’12″E) ဖြစ်သည်။ 

ထူးခြားချက်အနေဖြင့် မြေဧက ငါးသောင်းကျော် ကျယ်ဝန်းသည့် ထိုစက်ရုံဝန်းအတွင်း ရဟတ်ယာဉ်ကွင်းနှစ်ခု ယှဉ်တွဲလျက် ပါဝင်သည်ကို ကောင်းကင်ဓာတ်ပုံများတွင် မြင်တွေ့ရသည်။ 

လေယာဉ်ဗုံးထုတ်လုပ်သည့် စက်ရုံများ

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ကရင်၊ ချင်း၊ ကယား(ကရင်နီ)၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသများ၌ တိုက်ပွဲ ဖြစ်ရာတွင် စစ်ကောင်စီက လေကြောင်းပစ်ကူကို အဆမတန် အသုံးပြုခဲ့သည်။ 

တော်လှန်ရေးအင်အားစုများ အထိနာစေသည့် လေတပ်သုံးဗုံးအချို့ကို ပဲခူးတိုင်းရှိ ကပစ ၃ နှင့် မကွေးတိုင်း အတွင်းရှိ ကပစ ၂၁ တွင် ထုတ်လုပ်သည်။ မကွေးတိုင်း၊ ဆိတ်ဖြူမြို့နှင့် မိုင် ၃၀ ခန့်ဝေးသော ကပစ ၂၁ သည် ဝန်ထမ်းအင်အား ၃၀၀၀ ခန့်ရှိသည်ဟု သိရသည်။ 

ကပစ  ၂၁ တွင် တရုတ်နိုင်ငံသားများနှင့် ပူးပေါင်းပြီး Cluster အမျိုးအစား လေယာဉ်ဗုံး ထုတ်လုပ်သည်ဟု ထိုစက်ရုံတွင် ၇ နှစ်ခန့် တာဝန်ထမ်းခဲ့သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။ 

“ဒီလိုအဆင့်မြင့်တဲ့ဗုံးတွေလုပ်ပြီဆိုရင် တရုတ်ကနေ Project နဲ့ ဝယ်တယ်။ ဒီ Project ထဲမှာ နည်းပညာပါ ဝယ် တာဖြစ်တဲ့အတွက် တရုတ်တွေက ကျွန်တော်တို့တပ်ကို လာတယ်။ တရုတ်တွေနဲ့အတူတူ လုပ်ရတယ်။ ကျွန် တော် CDM လုပ်တဲ့အချိန်မှာတော့ တရုတ်တွေက မရှိကြတော့ဘူး၊ ပြန်သွားပြီ။ တရုတ်တွေနဲ့ ငါးနှစ်လောက် တွဲလုပ်ခဲ့ရတယ်” ဟု အာဏာသိမ်းပြီး သုံးလကျော်တွင် CDM ဝင်လာသည့် စစ်အင်ဂျင်နီယာ (DSTA) ကျောင်း ဆင်းအရာရှိက ဆိုသည်။ 

စစ်တပ်တစ်တပ်လုံးက ပြည်တွင်းက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းကိုပဲ မှီခိုနေရတာဗျ။ ပြောရမယ်ဆို သူတို့ရဲ့ လက်နက်ခဲယမ်း ရိက္ခာအိုးကို ရိုက်ခွဲနိုင်ဖို့ကတော့ တော်တော်အရေးကြီးတယ်

အဆိုပါ အချက်အလက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ 

MA စီးရီး သေနတ်များထုတ်သည့် ကပစ ၁ နှင့် ၁၁ 

မြန်မာစစ်တပ် (Myanmar Army) ကို အတိုကောက် MA ဟုယူကာ အမည်ပေးထားသည့် ရိုင်ဖယ်ကို စီးရီး လိုက် ထုတ်လုပ်သည့်စက်ရုံများမှာ နေပြည်တော်၊ တပ်ကုန်းရှိ ကပစ ၁ နှင့် ရန်ကုန်တိုင်း တိုက်ကြီးရှိ ကပစ ၁၁ တို့ဖြစ်သည်။

တပ်ကုန်းမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် ကပစ ၁ တည်နေရာမှာ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၁၁မိနစ် ၂၁ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၂၁မိနစ် ၁၅စက္ကန့်တွင် (20°11’21″N 96°21’15″E) ဖြစ်သည်။ 

ထိုစက်ရုံများမှထုတ်လုပ်သည့် သေနတ်များအတွက် ကျည်ဆံထုတ်လုပ်ပေးသည့် ကပစ ၂  မှာ  မကွေးတိုင်း၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာအနီး တည်ရှိသည်။ 

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်သည့် လက်နက် များမှာလည်း ကပစစက်ရုံထုတ်များပင် ဖြစ်သည်။ 

စစ်တပ်အာဏာသိမ်းကာစ ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်၊ သပြေကုန်းအဝိုင်းအနီးတွင် ဆန္ဒပြရင်း စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင် အစောဆုံး သေဆုံးခဲ့ ရသည်။ 

ထိုပစ်ခတ်မှုတွင် အဓိက တာဝန်ရှိသူမှာ ရဲမှူးကြီး နန္ဒာဝင်းဆိုသူဖြစ်ပြီး ၎င်းကိုင်ဆောင်သည့် သေနတ်မှာ MA 13 နှင့် ပုံစံတူ ထုတ်လုပ်ထားသည့် BA 94 အမျိုးအစား ဖြစ်သည်။ အဆိုပါ သေနတ်ကို ကပစ ၁ နှင့် ကပစ ၁၁ တို့ ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်သည်ဟု CDM တပ်အရာရှိများထံမှ သိရသည်။ 

ကပစ စက်ရုံများအတွက် ကုန်ကြမ်းများ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးစွဲသည့် လက်နက်ခဲယမ်းအများစုကို ကပစစက်ရုံများတွင် ထုတ်လုပ်နေပြီး လိုအပ် သည့်  စက်ကိရိယာအချို့နှင့် အပိုပစ္စည်းများကို ရုရှားနှင့် တရုတ်နိုင်ငံတို့မှ အများဆုံး တင်သွင်းနေကြောင်း သိရသည်။ 

ကစပစက်ရုံများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး စက်ရုံအများစုအတွက် အဓိက ကုန်ကြမ်းထုတ်လုပ်ပေး ရသည့်စက်ရုံမှာ ကပစ ၆ ဖြစ်သည်။ 

ပဲခူးတိုင်း၊ ပြည်မြို့တစ်ဖက်ကမ်း ဥသျှစ်ပင်မြို့ အနောက်ဘက် ၃ မိုင်အကွာရှိ ကပစ ၆ သည် သံမဏိ ထုတ်လုပ် သည့် စက်ရုံဖြစ်သည်။ လက်နက်ခဲယမ်းလုပ်မည့် သံပစ္စည်းမှန်သမျှကို ထိုစက်ရုံမှ ကုန်ကြမ်း ထုတ်လုပ်ပေးနေ သဖြင့် အခြားသော ကပစစက်ရုံအားလုံးနှင့် ဆက်စပ်နေသည်။ 

အာဏာသိမ်းဖြစ်စဉ်မဖြစ်ခင်က တပ်ကို မကောင်းကြောင်းပြောကြတာ စစ်သားတွေပဲဗျ။ ကာချုပ်ဘယ် လောက်တောင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ လုပ်စားနေတယ်။ တပ်မတော်သားတွေဆီက ဘယ်လိုခေါင်းပုံ ဖြတ်နေလဲ အကုန်လုံးက သိတယ်

“စစ်တပ်တစ်တပ်လုံးက ပြည်တွင်းက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းကိုပဲ မှီခိုနေရတာဗျ။ ပြောရမယ်ဆို သူတို့ရဲ့ လက်နက်ခဲယမ်း ရိက္ခာအိုးကို ရိုက်ခွဲနိုင်ဖို့ကတော့ တော်တော်အရေးကြီးတယ်” ဟု DSA အပတ်စဉ် ၅၄ ဆင်း အသက် ၃၀ အရွယ် CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။ 

ကပစ စက်ရုံများ၏ လုံခြုံရေး

ကပစ စက်ရုံတစ်ရုံလျှင် ဝန်ထမ်းအင်အား ၄၀၀ မှ အများဆုံး ၄၀၀၀ ခန့်အထိ ရှိပြီး အောက်ခြေစစ်သည်များ၊ စစ်အင်ဂျင်နီယာ DSTA ကျောင်းဆင်း အရာရှိများနှင့် အချို့စက်ရုံများတွင် အရပ်သားဝန်ထမ်း အများအပြား ပါဝင်သည်။

စက်ရုံအများစုကို တိုက်ခိုက်ရေးတပ်များ ဝန်ရံထားပြီး အပြင်လူ လုံးဝဝင်ခွင့်မရှိသလို စက်ရုံဧရိယာအတွင်း ဝင်ရောက်ရသည့် ဝန်ထမ်းများကိုလည်း တယ်လီဖုန်း ယူဆောင်ခွင့် ကန့်သတ်ကာ လုံခြုံရေးအထူး တင်းကျပ် ထားကြောင်း သိရသည်။ 

“စစ်တပ်မှာ ပြောနေကျက တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား ဆိုပြီး ရှိတာပေါ့။ အခု စစ်တပ်မှာက စွမ်းဆောင်ရည် မရှိတော့ဘူး။ အဲ့ဒါကို ဘာနဲ့ပြန်ထိန်းထားလည်းဆိုတော့ တိုက်စွမ်းအားနဲ့ ပြန်ထိန်းထားတာ။ တိုက်စွမ်းအားဆို တာက ဗုံးတွေ၊ စိန်ပြောင်းတွေ၊ အမြောက်တွေပေါ့။ အဲ့ဒါမျိုး စွမ်းအားနဲ့ ထိန်းတာ။ အဲ့ဒါကို ထိပ်ပိုင်း ဗိုလ်ချုပ် တွေက သဘောပေါက်တယ်။ သဘောပေါက်တဲ့အတွက် ကပစစက်ရုံတွေကို နည်းပညာမြှင့်ဖို့ ကြိုးစားတယ်။ ဘတ်ဂျက်တွေ အများကြီး သုံးတယ်။ အဲ့ဒါပြီးရင် High Security ဖြစ်အောင် သေသေချာချာကို ပြင်ဆင်ထား တာ” ဟု တပ်မတော်အကြီးစားစက်ရုံ၊ စီမံရေးရာဌာနတွင် သုံးနှစ်ကျော် တာဝန်ထမ်းခဲ့သူ ဗိုလ်ကြီးဗစ်တာက ပြောသည်။ 

အမှန်တစ်ကယ်မှာ စစ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားရှာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို အရပ်သား များထက် စစ်သားများက အတွင်းကျကျ ပိုသိကြသည်။ ၎င်းတို့ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုမျိုးစုံ ကြုံတွေ့နေရ၍ ဖြစ်သည်။ 

“အာဏာသိမ်းဖြစ်စဉ်မဖြစ်ခင်က တပ်ကို မကောင်းကြောင်းပြောကြတာ စစ်သားတွေပဲဗျ။ ကာချုပ်ဘယ် လောက်တောင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ လုပ်စားနေတယ်။ တပ်မတော်သားတွေဆီက ဘယ်လိုခေါင်းပုံ ဖြတ်နေလဲ အကုန်လုံးက သိတယ်” ဟု ကပစ ၂၁ မှ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၃၀ အရွယ် CDM တပ်အရာရှိက ပြောသည်။ 

သို့သော် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရထံမှ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အာဏသိမ်းလိုက်ချိန်တွင် စစ်အုပ်ချုပ်ရေးကို အရသာတွေ့သည့် စစ်သားအချို့ က ‘ငါတို့ခေတ်ရောက်ပြီ’ ဟူ၍ အတွေးအခေါ် ပြောင်းလဲသွားသည်ဆိုသည်။ 

ကျွန်တော်တို့ ပြည်သူလူထုက ဒီတိုက်ပွဲကို ရင်ဆိုင်လာပြီ ဆိုမှတော့ ဒီအခက်အခဲတွေကိုလည်း ရအောင် ဖြတ်ကျော်မယ်။ တဖြည်းဖြည်း အဲ့ဒီစက်ရုံတွေကို သိမ်းပိုက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်

“အာဏာသိမ်းလိုက်ပြန်တော့လည်း ဘာဖြစ်လည်းဆိုတော့ ဟိုးအရင်တုန်းက ဒီမိုကရေစီကာလ ၂၀၁၀ မတိုင် ခင်မှာ စစ်သားဆိုတာ အရမ်းလုပ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ကျောင်းတုန်းက ခွင့်ပြန်လို့ ဗိုလ်လောင်း ကတ် လေးပြလိုက်ရုံနဲ့ ရဲဖမ်းလို့  မရဘူး၊ မော်တော်ပီကယ် ဖမ်းလို့မရဘူး။  စစ်အုပ်ချုပ်ရေးခေတ်ပေါ့။ ဒီခေတ်မှာ စစ်သားတွေက အရမ်းလုပ်ပိုင်ခွင့်ရှိတယ်၊ ရပိုင်ခွင့်ရှိတယ်။ အခု အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ဒီလိုဟာမျိုး ပြန်ရပြီဆိုပြီး စစ်သားတွေက တွေးသွားကြတာ။ ငါတို့ခေတ်ပြန်ရောက်ပြီဆိုပြီးတော့”  ဟု CDM အရာရှိ တစ်ဦးက ပြောသည်။​

PDF တို့၏ ပစ်မှတ် 

စစ်လက်နက်ပစ္စည်းများ အလျှံပယ်ထုတ်လုပ်နိုင်သော စစ်ကောင်စီ၏ ကစပ စက်ရုံများသည် တော်လှန်ရေး အင်အားစုများအတွက် ပစ်မှတ်တစ်ခု ဖြစ်သော်လည်း လက်ရှိတွင် ထိုစက်ရုံများကို တိုက်ခိုက်၊ သိမ်းပိုက်နိုင် သည့် အခြေအနေ မရှိသေးပေ။ 

ပြည်သူ့ဘဏ္ဍငွေ အသုံးစရိတ်များစွာ ရယူပြီး လည်ပတ်နေသည့် ထိုကပစစက်ရုံများမှာ တိုင်းပြည်ကိုကာကွယ် ရန်ထက် အနိုင်ကျင့်ဗိုလ်ကျရန် ဖန်တီးထားခြင်းသာဖြစ်ကြောင်း စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ခုခံတော် လှန်နေသည့် ဗိုလ်နဂါးက ပြောသည်။

“တိုင်းပြည်ကို အနိုင်ကျင့်ဗိုလ်ကျဖို့ ဖန်တီးလာကြတော့ ဒါတွေ တည်ရှိမှုအပေါ် ကျွန်တော်တို့အနေနဲ့ ဘယ်လိုလုပ် ဘဝင်ကျနိုင်မှာတုန်း။ စစ်ရေးအရ သူတို့ရဲ့ လက်နက်အင်အားက များနေတာကိုး” 

“ကျွန်တော်တို့ ပြည်သူလူထုက ဒီတိုက်ပွဲကို ရင်ဆိုင်လာပြီ ဆိုမှတော့ ဒီအခက်အခဲတွေကိုလည်း ရအောင် ဖြတ်ကျော်မယ်။ တဖြည်းဖြည်း အဲ့ဒီစက်ရုံတွေကို သိမ်းပိုက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်” ဟု မြန်မာ့တော် ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်သူ ဗိုလ်နဂါးက ဆိုသည်။  

လက်နက်ကိုင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းသည် စစ်ကောင်စီကို ခုခံတော်လှန်မှုများတွင် ထိပ်ဆုံးမှပါဝင်နေပြီး ပြီးခဲ့သည့် ဧပြီ ၆ ရက်ကပင် ကပစ လက်နက်ကုန် ကြမ်းယာဉ်တန်းကို PDF တို့က သိမ်းပိုက်နိုင်ခဲ့သည်။

သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ ပေါက်မြို့နယ် ကပစ-၂၄ သို့ ဗုံးသီး ကုန်ကြမ်းများပို့သည့်ယာဉ်တန်း တိုက်ခိုက်ခံရရာ ဗိုလ်ကြီးအဆင့်ရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်များပါ PDF က လက်ရဖမ်းဆီးရမိခဲ့သည်။

၂၀၂၁ နိုဝင်ဘာလဆန်းပိုင်းကလည်း PDF က ဖမ်းသွားသည့် ကျောမြို့အခြေစိုက် ကပစ (၂၃) မှ ဗိုလ်ကြီး သော်ဇင်နှင့် တပ်သား စိုးရာဇာအောင်တို့ အသက်သေဆုံးခဲ့ရဖူးသည်။

ကကထုတ်အရာရှိချုပ် 

စက်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများသည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ( ကကထုတ်) လက်အောက်တွင် ရှိသည်။ 

ကကထုတ်ရုံးတွင် ထုတ်လုပ်ရေးအရာရှိချုပ် (ထုတ်ချုပ်)အဖြစ် လက်ရှိတာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ် ကြီး ကံမြင့်သန်းဖြစ်ပြီး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးအမှတ် (၈)တွင် ရုံးတက်အခြေစိုက်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း၏ လက်အောက်တွင် ဒုတိယအရာရှိချုပ် (ဒုထုတ်ချုပ်) နှစ်ဦးရှိပြီး ၎င်းတို့မှာ ဗိုလ်ချုပ်ကိုကိုလွင်နှင့် ဗိုလ်ချုပ် မျိုးအောင်တို့ ဖြစ်ကြသည်။ 

ကကထုတ်လက်အောက်တွင် ကပစစက်ရုံများအပြင် ရန်ကုန် သီလဝါရှိ ကာကွယ်ရေးပစ္စည်း ထောက်ပံ့ပို့ ဆောင်ရေးတပ် (ကထပ)၊ မန္တလေးတိုင်း မိတ္ထီလာရှိ တပ်မတော်အကြီးစားစက်ရုံ(တကစ) အမှတ် ၁ နှင့် အမှတ် ၂၊ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ ကွင်းလှကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်း (ကထက) ရှိသည်။ 

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ၏ တည်နေရာနှင့် ထုတ်လုပ်သည့် လက်နက်ခဲယမ်းများမှာ အောက်ပါ အတိုင်း ဖြစ်သည်။ 

ကပစ ၁

နေပြည်တော်၊ တပ်ကုန်းမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် ကပစ ၁ စက်ရုံ တည်နေရာမှာ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၁ မိနစ် ၂၁ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ  ၂၁ မိနစ် ၁၅ စက္ကန့်တွင် (20°11’21″N 96°21’15″E) ဖြစ်သည်။ အဓိက ထုတ်လုပ်သည့် လက်နက်များမှာ MA1 ၊ MA2 ၊ MA3 ၊ MA4 အမျိုးအစား ရိုင်ဖယ် များဖြစ်သည်။

ကပစ ၂

မကွေးတိုင်း၊ မင်းလှ(အထက်)မြို့နယ်၊ မလွန်မြို့အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ကပစ ၂ စက်ရုံ တည်နေ ရာမှာ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၅ မိနစ် ၄၂.၉ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၀ မိနစ် ၃၁.၁ စက္ကန့် တွင် (19°55’42.9″N 95°00’31.1″E) ဖြစ်သည်။ အဓိက ထုတ်လုပ်သည့် ခဲယမ်းများမှာ မော်တာကျည်ဆန်၊ အမြောက်ကျည်ဆံ၊ ၅.၅ ကျည်ဆန်၊ ၅.၅၆ ကျည်ဆန်တို့ ဖြစ်သည်။ 

ကပစ ၃

ပဲခူးတိုင်း၊ ပြည်မြို့တစ်ဖက်ကမ်း ဆင်တဲကျေးရွာအနီးရှိ ကပစ ၃ စက်ရုံ၏ တည်နေရာမှာ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၆မိနစ် ၃၇ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၁မိနစ် ၂၄.၄၄စက္ကန့်တွင် (18°46’37.68″N 95°11’24.44″E) ဖြစ်သည်။ 

ကပစ ၃ တွင် ထုတ်လုပ်သည့် လက်နက်ခဲယမ်းများမှာ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးကျည်ဆန်များနှင့် 50KG, 100KG, 200KG, 250KG, 500KG လေယာဉ်ဗုံးများဖြစ်သည်။ ပန်ကာဒလတ်နှစ်ခါ လေတပ်သုံးဗုံးသီးမှာ အလေးချိန် 250KG ရှိပြီး ဒလတ်လေးခုပါ ဗုံးသီးမှာ 500KG ရှိသည်ဟု သိရသည်။ ကပစ ၃ ၏ ဝန်ထမ်းအင် အားမှာ ၂၀၀၀ နီးပါးရှိပြီး စက်ရုံမှူးမှာ ဒုတိယဗိုလ်မှူးကြီးမောင်စိုး ဖြစ်သည်။ 

ကပစ ၄

နေပြည်တော် တပ်ကုန်းမြို့ အရှေ့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိ ကပစ ၄ သည် မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၇မိနစ် ၃၈စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၂၂မိနစ် ၁၀စက္ကန့်တွင် (20°07’38″N 96°22’10″E) ဖြစ်သည်။ 

ကပစ အားလုံး၏အချုပ်ဟု ဆိုနိုင်သော ကပစ ၄ သည် စက်ပြုပြင်နှင့် ပုံစံထုတ် စက်ရုံ ဖြစ်ပြီး ကပစ ၁ နှင့် ကပ်လျက်တွင် ရှိသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က ထိုစက်ရုံသို့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာ  ရှိချုပ် ဗိုလ်ချုပ်ကြီးကံမြင့်သန်း လာရောက်ခဲ့သေးသည်ဟု တပ်တွင်း သတင်းပေးကို ကိုးကားပြီး ဗိုလ်ကြီး  လင်းထက်အောင်က ပြောသည်။ 

ကပစ ၅

ကပစ ၅ သည် ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ကမြိုင်ကျေးရွာအနီးတွင်ရှိပြီး အဓိကအားဖြင့် ယမ်းချက်သည့် စက်ရုံ ဖြစ်သည်ဟု သိရသည်။ စက်ရုံ တည်နေရာမှာ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၁မိနစ် ၄၃.၂စက္ကန့်နှင့် အရှေ့လောင် ဂျီတွဒ် ၉၅ဒီဂရီ ၀၀မိနစ် ၄၃.၉က္ကန့်တွင် (18°31’43.2″N 95°00’43.9″E) ဖြစ်သည်။  

ကပစ ၆ 

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ ကပစ ၆ သည် သံရည်ကျိုစက်ရုံ ဖြစ်ပြီး တည် နေရာမှာ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၂မိနစ် ၂၈.၀စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၅၈ မိနစ် ၅၁.၀ စက္ကန့်တွင် (18°42’28.0″N 94°58’51.0″E) ဖြစ်သည်။ 

ကပစ ၇ 

ပဲခူးတိုင်း၊ ပြည်မြို့အခြေစိုက် ကပစ ၇ သည် ကျော်စွာဓာတ်မြေဩဇာစက်ရုံအနီးတွင် ရှိပြီး လက်ပစ်ဗုံး၊ ရေမြှုပ်ဗုံး အဓိကထုတ်လုပ်သည်။ စစ်ရုံတည်နေရာ အတိအကျမှာ မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၃၉မိနစ် ၂၀.၉စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၅မိနစ် ၄၁.၄စက္ကန့်တွင် (19°39’20.8″N 95°15’41.4″E) ဖြစ်သည်။ 

ကပစ ၈ 

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့အခြေစိုက် ကပစ ၈သည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၃၉မိနစ် ၅၉.၁စက္ကန့်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၅မိနစ် ၄.၃စက္ကန့်တွင် (19°39’59.1″N 95°15’04.3″E) ဖြစ်သည်။ အမြောက်နှင့် လက် နက်ကြီး အစိတ်အပိုင်းများ ထုတ်လုပ်သည်ဟု သိရသည်။ 

ကပစ ၉ 

ကပစ ၉ စက်ရုံသည် ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူးကျေးရွာအနီးတွင်ရှိပြီး ထိုစက်ရုံတွင် .၅ ကျည်ဆန်၊ ၅.၅၆ ကျည်ဆန်နှင့် ၇.၆၂ ကျည်ဆန် အဓိက ထုတ်လုပ်သည်။  စက်ရုံ၏ တည်နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၆မိနစ် ၄၈.၉စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၅၉မိနစ် ၃၄.၁စက္ကန့်တွင် (18°36’48.9″N 94°59’34.1″E) ဖြစ်သည်။  

ကပစ ၁၀ 

မကွေးတိုင်း၊ မင်းလှ(အထက်)မြို့ ကုန်းကြီးကျေးရွာအနီးရှိ ကပစ ၁၀ သည် ၄၀မီလီမီတာ တာဝေးပစ် ယာဉ် တင်ဒုံး ထုတ်လုပ်သည်။ ကပစ ၁၀၏ တည်နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၄၇မိနစ် ၅၉.၂စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၅မိနစ် ၂၂.၆စက္ကန့်တွင် (19°47’59.2″N 95°05’22.6″E) ဖြစ်သည်။ 

ကပစ ၁၁ 

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အခြေစိုက် ကပစ ၁၁ စက်ရုံသည် တပ်ကုန်းမြို့ရှိ ကပစ ၁ နှင့်နည်းတူ MA1 ၊ MA2 ၊ MA3 ၊ MA4 ကဲ့သို့ MA စီးရီးအလိုက် သေနတ်များ ထုတ်လုပ်သည်။ တိုက်ကြီးမြို့နှင့် ၄မိုင်ကျော် ကွာဝေးသည့် ကပစ ၁၁၏ တည်နေရာမှာ မြောက်လတ္တီတွဒ် ၁၇ဒီဂရီ ၁၉မိနစ် ၂၀.၂စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၁မိနစ် ၂၉.၃စက္ကန့်တွင် (17°19’20.2″N 96°01’29.3″E) ဖြစ်သည်။ 

ကပစ ၁၂

မကွေးတိုင်း၊ သရက်မြို့ သံပရာကန်ကျေးရွာအနီးရှိ ကပစ ၁၂ စက်ရုံသည် 60mm ၊ 81mm နှင့် 120mm ဗုံးသီး များကို အဓိက ထုတ်လုပ်ပြီး စက်ရုံမှူးမှာ ဗိုလ်မှူးကြီး ဝင်းကြူ ဖြစ်သည်။ စက်ရုံ၏ တည်နေရာမှာ အတိအကျ အားဖြင့် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၂၀မိနစ် ၀၈စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၄ မိနစ် ၄၀စက္ကန့်တွင် (19°20’08 N 95°04’40 E) ဖြစ်သည်။ 

ကပစ ၁၃

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် လက်ပံကျေးရွာအနီးရှိ ကပစ ၁၃ သည် ရေမြှုပ်မိုင်းနှင့် လက်နက်ကြီး အစိတ် အပိုင်းများ အဓိက ထုပ်လုပ်သည်ဟု သိရသော်လည်း အသေးစိတ် မသိရှိရပေ။ စက်ရုံတည်နေရာသည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၅၇မိနစ် ၀၇စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၅၈မိနစ် ၄၇ စက္ကန့်တွင် (19°57’07″N 94°58’47″E) ဖြစ်သည်။ 

ကပစ ၁၄

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကပစ ၁၄ သည် ဂက်စ်ဖြည့်သည့် စက်ရုံတစ်ခုဖြစ်သည်ဟု သိရသည်။ စက်ရုံတည်နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၅၈မိနစ် ၁၂.၅စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၂၆မိနစ် ၅၆.၈စက္ကန့်တွင် (19°58’12.5″N 94°26’56.8″E ) ဖြစ်သည်။ 

ကပစ ၁၅

ကပစ ၁၅ စက်ရုံသည် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာအနီးရှိပြီး ၆၀မမ၊ ၈၁ မမ တာဝေး ပစ်ဗုံးများ ထုတ်လုပ်သည်။ စက်ရုံ၏ တည်နေရာမှာ အတိအကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၂၂မိနစ် ၃၀စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၅မိနစ် ၀၇စက္ကန့်တွင် (19°22’30″N 95°25’07″E) ဖြစ်သည်။  

ကပစ ၁၆ 

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ ၁၆ သည် ယမ်းချက်သည့် စက်ရုံဖြစ်ပြီး ကပစ ၅ စက်ရုံနှင့်လည်း ထိစပ်နေသည်။ စက်ရုံ၏ တည်နေရာမှာ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၂မိနစ် ၁၂.၁စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၅၄မိနစ် ၄၅စက္ကန့်တွင် (18°32’12.1″N 94°54’45.0″E) ဖြစ်သည်။ 

ကပစ ၁၇ 

ကပစ ၁၇ သည် မကွေးတိုင်း၊ အောင်လံမြို့ ရွှေပန်းတောရွာအနီးရှိပြီး ထိုစက်ရုံတွင် ၆၀မမ ဗုံးသီးထိပ်ဖူး (AZDM, Fuse) ထုတ်လုပ်သည်။ စက်ရုံတည်နေရာသည် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၄၈မိနစ် ၂၁.၈စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၄၄မိနစ် ၁၆.၉စက္ကန့်တွင် (19°48’21.8″N 95°44’16.9″E) ဖြစ်သည်။ 

ကပစ ၁၈ 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အရှေ့မြောက်ဘက် ၁၂မိုင်ခန့်အကွာရှိ ကစပ ၁၈ ၏ တည်နေရာမှာ အတိ အကျအားဖြင့် မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၅၃မိနစ် ၃၄.၆စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၈ မိနစ် ၃၂.၁စက္ကန့်တွင် (19°53’34.6″N 95°38’32.1″E) ဖြစ်သည်။ 

ထိုစက်ရုံတွင် စစ်ဘက်သုံး မှန်ဘီလူးအတွက် အချောထုတ်လုပ်သလို စက်ရုံလုပ်ငန်းသုံး ပုံစံခွက် DIE များ အဓိက ထုတ်လုပ်သည်။ 

ကပစ ၁၉ 

ပဲခူးတိုင်း ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့အနီးရှိ ကပစ ၁၉ သည် စက်ရုံသုံး Tool ၊ Drilling နှင့် တိုင်းတာရေး ဂိတ်များ စမ်းသပ်ထုတ်လုပ်နေသည်ဟု သိရသည်။ စက်ရုံတည်နေရာမှာ မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၀၄မိနစ် ၀၅.၄စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၇မိနစ် ၅၂.၃စက္ကန့်တွင် (19°04’05.4″N 95°37’52.3″E) ဖြစ်သည်။ ထိုစက်ရုံဧရိယာအတွင်း ရဟတ်ယာဉ်ကွင်း ပါဝင်သည်ကိုလည်း တွေ့ရသည်။ 

ကပစ ၂၀ 

မကွေးတိုင်း၊ စေတုတ္တရာမြို့ အနီးရှိ  အမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၀) သည် Anti Aircraft Cannon 25/30mm စက်အမြောက် ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ စက်ရုံတည်နေရာမှာ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၇မိနစ် ၅၃စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၁၃ မိနစ် ၁၂စက္ကန့်တွင် (20°27’53″N 94°13’12″E) ဖြစ်သည်။ 

ကပစ ၂၁ 

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နှင့် မိုင် ၃၀ခန့်ဝေးသည့် ကပစ ၂၁ သည် ပေါက်ခုံကျေးရွာနှင့် ငှက်ပြာကြီးကျေးရွာ အနီးတွင်ရှိပြီး လေယာဉ်ဗုံးများ  အဓိက ထုတ်လုပ်သည်။ စက်ရုံမှူးမှာ ဗိုလ်မှူးကြီးနိုင်အောင် ဖြစ်သည်။ 

စက်ရုံတည်နေရာမှာ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၄၇မိနစ် ၀၂စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ  ၂၀ မိနစ် ၀၂စက္ကန့်တွင် (20°57’02″N 94°20’02″E) ဖြစ်သည်။ 

ကပစ ၂၂ 

မကွေးတိုင်း ဆိတ်ဖြူမြို့နယ် ရွှေပို့ကျွန်းရွာအနီးရှိ ကပစ ၂၂၏ တည်နေရာမှာ မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၁၁မိနစ် ၃၅စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၃မိနစ် ၁၈စက္ကန့်တွင် (21°11’35″N 94°33’18″E) ဖြစ်သည်။ ထိုစက် ရုံသည် အထူးတပ်ဖွဲ့သုံး ရိုင်ဖယ်အမျိုးအစားဖြစ်သည့် MARK 1 ၊  Mark 2 ၊  Mark 3 ၊  Mark 4 လက်နက်ငယ် များ အဓိက ထုတ်လုပ်သည်။

ကပစ ၂၃ 

ခုခံတော်လှန်မှု အားကောင်းရာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကျောမြို့အခြေစိုက် ကပစ ၂၃ သည် မြောက်လတ္တီ တွဒ် ၂၂ဒီဂရီ ၁၂မိနစ် ၀၉စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၁၈မိနစ် ၂၈စက္ကန့်တွင် (22°12’09″N 94°18’28″E) ရှိသည်။ ထိုစက်ရုံထုတ် လက်နက်ခဲယမ်းအမျိုးအစားကို မသိရသေးပေ။ 

ကပစ ၂၄ 

မကွေးတိုင်း၊ ပေါက်မြို့ အနောက်တောင်ဘက် ၁၀မိုင်ခန့်အကွာရှိ ကပစ ၂၄သည် မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၃၀မိနစ် ၀၁စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၂၁မိနစ် ၅၀စက္ကန့်တွင် (21°30’01″N 94°21’50″E) ဖြစ်သည်။ လက်ရှိတွင် အရည်ကျိုစက်ရုံအဖြစ် လည်ပတ်နေပြီး အလူမီနီယံ အချောင်း(Raw)များ ထုတ်လုပ်ပြီး အဆိုပါ အလူမီနီယံ Raw များကို အခြား ကပစ တပ်များသို့ ဖြန့်ခွဲသုံးစွဲနေသည်ဟု CDM စစ်သားများထံမှ သိရသည်။ 

ကပစ ၂၄ အကြောင်း ၂၀၁၄ခုနှစ်က သတင်းရေးသား ဖော်ပြမှုကြောင့် ရန်ကုန်မှ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို စစ်တပ်က တရားစွဲသဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခံရဖူးသည်။ ကပစ ၂၄ သည် လျှို့ဝှက်ဓာတုလက်နက်စက်ရုံဖြစ်ကြောင်း ယူနတီဂျာနယ်က စုံစမ်းကာ သတင်းရေးသားခဲ့၍ ဖြစ်သည်။ 

ကပစ ၂၅

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည် အခြေစိုက် ကပစ ၂၅သည် မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၄မိနစ် ၃၆ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၀၉မိနစ် ၁၇စက္ကန့်တွင် (20°54’36″N 94°09’17″E) တွင် ဖြစ်သည်။ ၂၀၁၄တွင် စတင်တည်ဆောက်သည့် ထိုစက်ရုံသည် ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှုဖြစ်ပြီး ထုပ်လုပ်မှုလုပ်ငန်းများ မစနိုင်သေးပေ။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button