အာဏာသိမ်းစစ်ကောင်စီသည် အရပ်သားဒီမိုကရေစီအစိုးရအသွင် အရေခွံလဲရန် ပြင်ဆင်နေသည့် အသွင်ကူးပြောင်းရေးကာလအတွင်း ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားတို့ နေထိုင်ရာ ရပ်ကွက်များကို “ကျူးကျော်” ဟု အမည်တပ်၍ အင်အားသုံး ဖယ်ရှားနေသည်ကို တွေ့ရသည်။
ယခင် NLD အရပ်သားအစိုးရလက်ထက်က လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေယာပြဿနာများကို ဖြေရှင်းရာတွင် လူထုအခြေပြုအစိုးရပီပီ ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် သတိပေးနို့တစ်စာများ အကြိမ်ကြိမ်ပေးခြင်း၊ စမတ်ကတ်များ ထုတ်ပေးခြင်းနှင့် ပြန်လည်နေရာချထားရေး အိမ်ရာစီမံကိန်းများ ဖော်ဆောင်ခြင်းစသည့် အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများဖြင့် ကိုင်တွယ်ခဲ့သည့် သာဓကများ ရှိခဲ့သည်။ မြေယာပြဿနာများအတွင်း အမှန်တကယ် လိုအပ်ချက်ကြောင့် နေထိုင်သူများအပြင်၊ အခွင့်အရေးယူ ရောင်းစားသူများရှိသည့်တိုင်အောင် ဒီမိုကရေစီအစိုးရသည် လက်လွတ်စပယ် ပြုမူခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းများဖြင့်သာ ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခု စစ်ကောင်စီလက်ထက်တွင်မူ ၎င်းတို့၏ ဟန်ပြအစိုးရအပြောင်းအလဲ မလုပ်ဆောင်မီ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း ပြည်သူ့မျက်နှာကို မငဲ့ကွက်ဘဲ အင်အားသုံး ဖယ်ရှားရှင်းလင်းမှုများကို အရှိန်မြှင့် လုပ်ဆောင်လာသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် အလုံမြို့နယ်၊ မိုးကောင်းသစ်ဆိပ်ဝင်းအတွင်းရှိ နေအိမ် ၂၆၀ ကျော်နှင့် မတ်လ ၂၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိ နေအိမ် ၁၀၀ ကျော်တို့ကို စက်ယန္တရားများနှင့် လူအင်အားအလုံးအရင်းသုံးပြီး အတင်းအဓမ္မ ဖျက်ဆီးခဲ့ခြင်းသည် လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်များဖြစ်သည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်များသည် စီးပွားရေးအရ အချက်အချာကျသော မြေနေရာများကို ရယူလိုသည့် ရည်ရွယ်ချက်နှင့်အတူ ပြည်သူလူထု၏ ဘဝလုံခြုံမှုကို လျစ်လျူရှုကာ စစ်အစိုးရတို့ ထုံးစံအတိုင်း အာဏာရှင်ဆန်ဆန် ဖိနှိပ်အုပ်ချုပ်နေကြောင်း ပေါ်လွင်စေသည်။
ဥပဒေအမြင်အားဖြင့် လေ့လာကြည့်ခြင်း
ပထမဖြစ်စဉ်မှာ မိုးကောင်းသစ်ဆိပ်ဝင်း ဖြစ်သည်။ အလုံ မိုးကောင်သစ်ဆိပ်ဝင်း၏ ရာဇဝင်သည် ပါလီမန်ခေတ် အစပိုင်းတွင် သစ်လုပ်ငန်း ခေတ်ကောင်းခဲ့စဉ်က ကြည့်မြင့်တိုင်မြို့နယ် သရက်တော(တောင်) ရပ်ကွက်တွင် အမှတ် (၁) သစ်စက်ရှိသည်။ အလုံမြို့နယ်၊ မိုးကောင်းသစ်ဆိပ်ဝင်းထဲတွင် အမှတ်(၂) သစ်စက်ရှိသည်။
၁၉၅၄- ၅၅ ခုနှစ်တွင် သစ်တောဝန်ကြီးဌာန ပင်စင်စားဝန်ထမ်းများ နေစရာအခက်အခဲကြောင့် ဒီရေတောမြေတွင် အိမ်ဆောက်လုပ် နေထိုင်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနကလည်း မူလတန်းကျောင်း ဖွင့်လှစ်ပေးကြောင်း မတ်လ ၁၈ ရက်နေ့တွင် ဖော်ပြသော DVB TV News သတင်းအရ သိရသည်။
အုပ်ချုပ်ရေးအပိုင်းတွင် တာဝန်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ အလုံမြို့နယ်အုပ်ချုပ်ရေးမှူးက အဆိုပါ မိုးကောင်းသစ်ဆိပ်ဝင်းအတွင်းရှိ နေထိုင်သော နေအိမ်အဆောက်အအုံများကို စောရန်ပိုင် အနောက်ရပ်ကွက်အတွင်း တည်ရှိသည်ဟု သတ်မှတ်ထည့်သွင်းခဲ့သည်။
ထို့နောက် ၁၉၈၈ ခုနှစ် အာဏာသိမ်းဖြစ်စဉ် အပြီးတွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေအဖြစ် သိမ်းယူခဲ့သည်။
အဆိုပါ မိုးကောင်းသစ်ဆိပ်ဝင်း ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ မြေယာအရေးကိစ္စ ကျွမ်းကျင်သူ တရားလွှတ်တော် ရှေ့နေ တစ်ဦးက “၁၉၅၄ ခုနှစ်က စတင်ကာ တဆက်တည်း နှစ် ၇၀ ကျော်နေထိုင်လာကြခြင်းဖြစ်သည်၊ ထိုခေတ် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးကလည်း ရပ်ကွက်ဧရိယာတစ်ခုအဖြစ် အသိမှတ်ပြု သတ်မှတ်ပေးထားသည့်အတွက် သာမန်ကျူးကျော်နေထိုင်သူ မဟုတ်၊ ရှုပ်ထွေးသည့်အမှုဖြစ်သည်” ဟု ပြောဆိုခဲ့သည်။
“ဥပဒေကြောင်းအရလည်း လက်ရှိ စစ်အစိုးရဘက်မှ အစိုးရမြေအဆောက်အအုံတွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်သူကို ဖယ်ရှားရာတွင် အသုံးပြုသည့် ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို အသုံးပြု၍နှင်ထုတ်ထားသည်။ သို့သော်လည်း ၁၉၀၉ ခုနှစ်၊ ကာလစည်းကမ်းသတ် ဥပဒေအရ အစိုးရမြေပေါ်တွင် ဝင်ရောက်နေထိုင်သူများသည် တဆက်တည်း နှစ်ပေါင်း (၆၀) ကျော် နေထိုင်ပါက ဖယ်ရှားရန် အခက်အခဲရှိသည်၊ လက်ရှိကိစ္စတွင် ဥပဒေလုပ်ထုံးလုပ်နည်းအရပြောဆိုပါက ပထမအချက်အနေဖြင့် စစ်အစိုးရဘက်က အဆိုပါ ကာလစည်းကမ်းသတ်ဥပဒေအရ အချိန်ကျော်လွန်သွားပြီးဖြစ်ပြီး နှစ် (၇၀) ကျော် တဆက်တည်းနေထိုင်ထားသည့်အတွက် နေထိုင်သူများဘက်ကလည်း ဥပဒေရ ပြန်လည် ချေပနိုင်သည့် အခွင့်အရေးများရှိသည်” ဟု သူက ဆက်ပြောသည်။
သစ်တောဝန်ကြီးဌာနပိုင် အဆိုပါ မိုးကောင်းသစ်ဆိပ်ဝင်းကို စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားပြီးဖြစ်သော်လည်း လက်တွေ့ မြေပြင်တွင် ပညာရေးဝန်ကြီးဌာန၏ မူလတန်းကျောင်းရှိခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တရားဝင် ရပ်ကွက်ဧရိယာအဖြစ် နှစ် ၇၀ ကျော် သတ်မှတ်ပေးခြင်း၊ လက်ရှိအဆောက်အအုံများသည် ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာရေးဥပဒေအရ ရန်ကုန်တိုင်း စည်ပင် နယ်နိမိတ်အတွင်းရှိနေသောကြောင့် စစ်တပ်၏ MEC ကော်ပိုရေးရှင်းအနေဖြင့် အဆိုပါနေထိုင်သူများကို ကျူးကျော်ဟု သတ်မှတ် နှင်ထုတ်လိုပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
၁၉၀၉ ခုနှစ်၊ ကာလစည်းကမ်းသတ် ဥပဒေ (Limitation Act) အရ အစိုးရမြေပေါ်တွင် နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင်ဘက်ပြု၍ အဆက်မပြတ် နေထိုင်လာသူများသည် အဆိုပါမြေပေါ်တွင် အခြေချပိုင်ခွင့် (Adverse Possession) သဘောတရားအရ ဥပဒေကြောင်းအရ ခုခံပိုင်ခွင့် ရှိသည်ဖြစ်သည်။ ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူနေရပ်ကွက်အဖြစ် အသိအမှတ်ပြုထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ကျောင်းဆောက်ပေးထားခြင်းတို့သည် နေထိုင်သူများအား “ကျူးကျော်” ဟု သတ်မှတ်ရန် ခက်ခဲစေသည့် ယခင် အစိုးရ၏ အသိအမှတ်ပြုမှု သာဓကများ ဖြစ်နေသည်။
သို့သော် ဥပဒေအရ အဆင့်ဆင့်ဆောင်ရွက်ခြင်း၊ ကျူးကျော်ဟု စွပ်စွဲခံရသည့် နစ်နာသူများကို ပြန်လည် ချေပခွင့်ပေးခြင်း၊ ပြန်လည်နေရာချထားပေးခြင်းတို့ကို ပြည်သူလူထုယုံကြည်မှုရရှိစေရန် ဆောင်ရွက်ရမည့် အစား အာဏာရှင်တို့ထုံးစံအတိုင်း လူထုမျက်ရည်ကို ခေတ်အဆက်ဆက် မြေခစေခဲ့သည့် လုပ်ရပ်မျိုးဖြင့်သာ အင်အားသုံးဖြေရှင်းခဲ့သည်။
အလုံမိုးကောင်းဝင်းသည် ပထဝီဝင်အနေအထားအရ အချက်အချာကျသော ဆိပ်ကမ်းနယ်မြေတွင် တည်ရှိသည်။ နဝတနှင့် နအဖစစ်အစိုးရလက်ထက်များတွင် ဘိန်းဘုရင် လော်စစ်ဟန်သည် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပူးပေါင်း၍ အစိုးရပိုင်ဆိပ်ကမ်းမြေများကို သိမ်းပိုက်ပြီး ၎င်းပိုင်ဆိုင်သည့် အေရှားဝေါ (Asia World) ကုမ္ပဏီက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ဖွင့်လှစ်ခဲ့သည်။ ကြည့်မြင်တိုင်နှင့် အလုံဆိပ်ကမ်းတကြောတွင် ဤမိုးကောင်းဝင်းတစ်ခုတည်းသာလျှင် နောက်ဆုံးကျန်ရှိနေသည့် ဌာနဆိုင်ရာပိုင်မြေနေရာ ဖြစ်သည်။
ဒုတိယဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ သဇင်ရုံလမ်းအတွင်းရှိ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့်စည်ပင်က ၂၀၂၆ ခုနှစ် မတ်၂၁ ရက်နေ့တွင် စက်ယန္တရားများ သုံး၍ ဖျက်သိမ်းခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။ ထူးခြားမှုအဖြစ် ထိုသို့လာရောက် ဖျက်သိမ်းရာတွင် စစ်တပ်၊ စည်ပင်နှင့်အတူ သစ်တောဦးစီးဌာန ဝန်ထမ်းများပါ ပါရှိလာခြင်းဖြစ်သည်။
ထိုသို့ အတင်းအဓမ္မ ဖျက်သိမ်းသည့် ကိစ္စရပ်အကြောင်းကို စုံစမ်းမေးမြန်းကြည့်သောအခါ တရားလွှတ်တော်ရှေ့နေ ဆရာမ တစ်ဦးက ” အဆိုပါ ဖျက်သိမ်းခံရသည့် ၅ ရပ်ကွက်ရှိ မြေသည် နိုင်ငံတော်ပိုင် မြေအမျိုးအစားဟု သိရှိရသည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ထဲ ရှိခြင်းကြောင့် ၂၀၁၈ ရန်ကုန် စည်ပင်သာယာရေးဥပဒေအရဖြစ်စေ၊ သစ်တောဌာနမှ လူများပါရှိသောကြောင့် အဆိုပါမြေအမျိုးအစား သည် နိုင်ငံတော်ပိုင် မြေအမျိုးအစားဖြစ်နိုင်ပြီး ဥပဒေအရဆိုပါက ဌာနများပူးပေါင်း၍ တဆင့်ခြင်းဖြေရှင်းရမည့် ကိစ္စဖြစ်သည်”ဟု ပြောကြားခဲ့သည်။
ဆရာမက “ဥပဒေလုပ်ငန်းစဉ် ပုံစံအားဖြင့် ကျူးကျော်ဝင်ရောက်ပုံကို စစ်ဆေးခြင်း၊ မြေစာရင်းမှတ်တမ်းယူခြင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခြင်း၊ မည်သည့်ရက်တွင် ဖယ်ရှားမည်ဆိုသည်ကို တရားဝင်နို့တစ်စာထုတ်ပြီး အသိပေးခြင်း စသည့်နည်းလမ်းများသုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ကျူးကျော်ဝင်ရောက်သူများကို ဖယ်ထုတ်မည်ဆိုပါက ၁၈၉၉ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာများ အက်ဥပဒေအရလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း တရားဝင်အမိန့်စာ တစ်စုံတစ်ခု ထုတ်ပြန်ရမည်” ဟု ဆက်ပြောသည်။
မရမ်းကုန်းမြို့နယ်နေပြည်သူတစ်ဦးထံ စုံစမ်းကြည့်ရာ “အဆိုပါ (၅) ရပ်ကွက်အတွင်း တချို့နေရာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာများရှိခြင်းကြောင့် ဖျက်သိမ်းခံရသည့်အိမ်များသည် ဌာနဆိုင်ရာမြေများတွင် ဆောက်လုပ်ထားနိုင်ခြေရှိကြောင်း” သိရသည်။
သို့သော် အဆိုပါ မရမ်းကုန်း ဖြစ်စဉ်တွင် ရပ်ကွက်နေပြည်သူများမှာ ထိုနေရာတွင် နှစ် (၄၀) ကျော် နေထိုင်လာသည်ဟု သိရှိရပြီး အလုံမြို့နယ် မိုးကောင်းသစ်တောဝန်း ဖြစ်စဉ်ကဲ့သို့ တရားဝင် နို့တစ်အသိပေးစာ ထုတ်ပြန်မထားကြောင်း၊ နှစ်ပေါင်းများစွာနေထိုင်လာသော ကျူးကျော်များကို ပြန်လည်နေရာချထားရေး အစီအစဉ်များလည်း ပါဝင်မလာကြောင်း တွေ့ရသည်။
ထိုဖြစ်စဉ်တွင် အဆိုပါနေထိုင်သူများကို အဘယ်ကြောင့် နေထိုင်သည်ဖြစ်ကြောင်း ရှင်းလင်းခွင့်ပေးရမည်ဖြစ်ပြီး သတိပေးစာများလည်း ထပ်ခါထပ်ခါ ထုတ်ပြန်ပြီး ထိုသို့မလိုက်နာမှသာ ဥပဒေနှင့်အညီ ဖယ်ရှားရမည်ဖြစ်သည်။ ထို့ကြောင့် မရမ်းကုန်း (၅) ရပ်ကွက် ဖြစ်စဉ်တွင် ဥပဒေအရ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ခြင်းမပြုဘဲ မဖျက်သိမ်းခင် နှစ်ရက်မျှအလိုတွင် နှုတ်မိန့်ဖြင့် အသိပေး ဖျက်သိမ်းခြင်းသည် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ရှောင်ရှားပြီး ဥပဒေမဲ့ လုပ်ဆောင်ခြင်းသာဖြစ်သည်။
၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို အသုံးပြုရာတွင်ပင် အဆင့်ဆင့်သော နို့တစ်စာ (Notice) ပေးပို့ခြင်းနှင့် ထုချေလွှာ တင်သွင်းခွင့် ပေးရမည် ဖြစ်သော်လည်း ယခုဖြစ်စဉ်များသည် နှစ်ရက်ခန့်အလိုတွင် နှုတ်မိန့်ဖြင့် ဖယ်ရှားခြင်းသည် တရားစီရင်ရေး လုပ်ထုံးလုပ်နည်းကို လျစ်လျူရှုခြင်း ဖြစ်သည်။
အဆိုပါ မရမ်းကုန့်မြို့နယ်သည် ပထဝီအနေအထားအရ ပြည်လမ်း၊ ပါရမီလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်နှင့် မလှမ်းမကမ်းတွင် ရှိသောကြောင့် အချက်အချာကျသော မြေနေရာ ဖြစ်သည်။
ဆက်စပ်စဉ်းစားကြည့်လျှင် မရမ်းကုန်း (၅) ရပ်ကွက်ဖြစ်စဉ်သည် စစ်တပ်၊ စည်ပင်၊ သစ်တောဌာနတို့ပူးပေါင်းပြီး ကျူးကျော်ဆိုသူများကို ဖယ်ရှားမှုသည် အစိုးရဌာနဆိုင်ရာများက အဆိုပါမြေကို အခြားသောနည်းဖြင့် ပြန်လည်အသုံးပြုနိုင်ရန် ဖြစ်နိုင်သည်။
ပြည်သူများ နှစ်ရှည်နေထိုင်လာသော အလုံဆိပ်ကမ်းနယ်မြေနှင့် မရမ်းကုန်း (၅) ရပ်ကွက်တို့သည် မြို့ပြအချက်အချာကျပြီး ကူးသန်းရောင်းဝယ်ရေးအရ အလားအလာ အလွန်ကောင်းမွန်သည့် နေရာများဖြစ်သည်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် အရပ်သားအစိုးရအသွင် အရေခွံလဲရန် ပြင်ဆင်နေသည့် ကာလအတွင်း မြို့ပြရှိ ဌာနဆိုင်ရာ မြေကွက်များကို အင်အားသုံး ဖယ်ရှားရှင်းလင်းလာခြင်းမှာ စနစ်တကျ ပြုလုပ်ထားသော စီမံကိန်း တရပ် ဖြစ်နိုင်သည်။
ယင်းသို့ အလုအယက် ဖယ်ရှားနေခြင်းမှာ ၎င်းတို့၏ အတုအယောင် အသွင်ကူးပြောင်းရေး အစိုးရသစ် မပေါ်ပေါက်မီ စစ်တပ်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC)၊ ၎င်းတို့နှင့် နီးစပ်သော ခရိုနီလုပ်ငန်းရှင်တို့အတွက် မြေယာပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု ကင်းစင်သည့် “မြေလွတ်မြေလပ်” များအဖြစ် ကြိုတင်ဖန်တီးပေးနေခြင်း ဖြစ်သည်။ ဤလုပ်ရပ်သည် ဥပဒေကြောင်းအရ ပြည်သူ့အခွင့်အရေးကို လျစ်လျူရှုရုံသာမက၊ အာဏာကို အသုံးပြု၍ နိုင်ငံတော်ပိုင် အရင်းအမြစ်များကို ကိုယ်ကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ်ခြင်း (Crony Capitalism) ကို ပေါ်လွင်စေသည်။
ထို့ကြောင့် လက်ရှိ ကျူးကျော်ခေါင်းစဉ်တပ်၍ မြေယာရှင်းလင်းမှုများသည် သာမန်မြို့ပြဖွံ့ဖြိုးရေးထက် စစ်အာဏာရှင်ယန္တရားက ၎င်းတို့၏ စီးပွားရေးအင်ပါယာကို အခိုင်အမာ တည်ဆောက်ရန်၊ မကြာခင် ပေါ်ပေါက်လာမည့် စစ်ဗိုလ်ချုပ်များအစိုးရလက်ထက်တွင် အဆိုပါမြေကွက်များအပေါ် အပြည့်အဝ ထိန်းချုပ်ခွင့်ရရှိရန် ကြိုတင်ပြင်ဆင်မှုများသာ ဖြစ်ကြောင်းတွေ့နိုင်သည်။
လူမှုတရားမျှတမှု (Social Justice) ရှုထောင့်မှကြည့်ရှုခြင်း
စစ်တပ်က ထူထောင်ပေးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေနေရာပေါ်တွင် နှစ်ထပ်အဆောက်အအုံတစ်ခု ကျူးကျော်ဆောက်လုပ်အသုံးပြုခဲ့ဖူးသည်။ NLD အစိုးရက ပါတီကို ထိုနေရာမှဖယ်ရှားပေးရန် အကြိမ်ကြိမ် အကြောင်းကြားသော်လည်း ပါတီက လိုက်နာခဲ့ခြင်းမရှိပေ။ အာဏာသိမ်းမှုပေါက်ပေါက်ရန် ရက်အနည်းငယ်အလိုတွင် အစိုးရက ထိုအဆောက်အအုံကို ကျပ်သိန်း ၄၀၀ ကျော်ပေး၍ ဝယ်ယူရန် သဘောတူခဲ့သည်။
ကြံ့ခိုင်ရေးပါတီက ဦးသိန်းစိန်အစိုးရခေတ်တွင် ကျူးကျော်ဆောက်လုပ်ထားခြင်း ဖြစ်သော်လည်း NLD အစိုးရက နစ်နာကြေးပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော လက်ရှိအကျပ်အတည်းကာလတွင် မြေယာကိစ္စရပ်များသည် သာမန်အရပ်ဘက်ဆိုင်ရာ အငြင်းပွားမှုအဆင့်မှ ကျော်လွန်ပြီး၊ ပြဋ္ဌာန်းဥပဒေနှင့် လူမှုတရားမျှတမှု (Social Justice) အကြား အကြီးအကျယ် ပဋိပက္ခဖြစ်နေသည့် အရေးကိစ္စတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
လက်ရှိတွင် အာဏာသိမ်းမှုဒဏ်ကို ပြားပြားဝပ်ခံစားနေရသော ပြည်သူလူထုသည် ကုန်ဈေးနှုန်းကြီးမြင့်မှုသာမက သွားတိုက်ဆေး၊ ဆပ်ပြာ၊ စားအုန်းဆီနှင့် စက်သုံးဆီကဲ့သို့သော အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့်ပါ ရင်ဆိုင်နေရသည်။ ငွေကြေးတတ်နိုင်သူများပင်လျှင် ပြည်တွင်း၌ ဝယ်ယူရန် အကန့်အသတ်ဖြစ်လာသဖြင့် ပြည်ပနိုင်ငံများမှတဆင့် မှာယူအသုံးပြုနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
ဤသို့သော စားဝတ်နေရေး အဘက်ဘက်မှ ကျပ်တည်းနေချိန်တွင် နှစ်ရှည်လများ အခြေချနေထိုင်လာသူများကို “ကျူးကျော်” ဟူသော ခေါင်းစဉ်တပ်၍ ဖယ်ရှားခြင်းသည် လူမှုတရားမျှတမှု ရှုထောင့်မှကြည့်လျှင် မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် တရားဝင်ဥပဒေ လုပ်ထုံးလုပ်နည်းများသည် အာဏာပိုင်တို့၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံနေရပြီး၊ ပြည်သူတို့၏ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခွင့်ကို “ကျူးကျော်” တံဆိပ်ကပ်ပြီး အင်အားသုံး ဖယ်ရှားခြင်းသည် လူသားဂုဏ်သိက္ခာနှင့် အခြေခံအသက်မွေးဝမ်းကျောင်း အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းပင် ဖြစ်သည်။
ဤအခြေအနေတွင် ပြည်တွင်းရှိဥပဒေများသည် ပြည်သူလူထုကို ကာကွယ်ရမည့်အစား အာဏာရှင်တို့၏ စီးပွားရေးစီမံကိန်းများနှင့် ခရိုနီအကျိုးစီးပွားများအတွက် လမ်းခင်းပေးသည့် ယန္တရားများသာ ဖြစ်လာသည်။ တစ်ဖက်တွင်လည်း ဥပဒေကြောင်းအရ ခုခံချေပနိုင်မှုသည် အကန့်အသတ်ရှိနေသည်။ ထို့အပြင် လှိုင်သာယာကဲ့သို့သော နေရာသစ်များသို့ ပြန်လည်နေရာချထားရေး အစီအစဉ်များမှာ “နေရာပေးခြင်း” ဟု အမည်တပ်ထားသော်လည်း လက်တွေ့တွင်မူ အနှစ်သာရကင်းမဲ့နေသည်။ အဓိကအားဖြင့် စစ်အာဏာပိုင်များ အပေါ် ယုံကြည်မှု ကင်းမဲ့ခြင်း၊ ရင်းနှီးပြီးသား လူမှုအသိုက်အဝန်းမှ ခွဲထွက်ရခြင်းနှင့် လုပ်ငန်းခွင်သို့ သွားလာရန် ခက်ခဲခြင်းတို့ကြောင့် ပြည်သူများသည် အတိဒုက္ခပေါင်းစုံနှင့်သာ ရင်ဆိုင်ကြရမည် ဖြစ်သည်။
ထို့ကြောင့် ထိခိုက်နစ်နာရသူများသည် ကိုယ်ရေးအချက်အလက်များ၊ နေထိုင်ခဲ့သည့် သက်တမ်း၊ ဌာနဆိုင်ရာများ၏ အသိအမှတ်ပြုထားချက် (ဥပမာ- မီတာ၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်မှတ်တမ်း) များကို စနစ်တကျ မှတ်တမ်းတင်ထားခြင်းဖြင့် နောင်တစ်ချိန်တွင် တရားမျှတမှုပြန်လည်တောင်းဆိုရန် အထောက်အထားများ ပြုစုထားသင့်သည်။
လူမှုတရားမျှတမှု အရကြည့်မည်ဆိုလျှင် NLD အစိုးရလက်ထက် ကျူးကျော်များကို “စမတ်ကတ် (Smart Card)” ထုတ်ပေးခြင်းနှင့် နေရာချထားရေး အစီအစဉ်များသည် လူထုဗဟိုပြု အုပ်ချုပ်ရေး (People-centered Governance) ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယခု စစ်ကောင်စီ၏ လုပ်ရပ်မှာမူ အာဏာရှင်ဆန်သော အမိန့်ပေး အုပ်ချုပ်ရေး သက်သက်သာ ဖြစ်နေကြောင်း တွေ့မြင်နိုင်သည်။
နိဂုံးချုပ်ရလျှင် လက်ရှိ ရန်ကုန်မြို့ကြီးများ၌ ဖြစ်ပေါ်နေသော အင်အားသုံး မြေယာဖယ်ရှားမှုများသည် သာမန်မြို့ပြစီမံကိန်း ဖြေရှင်းမှုထက် ကျော်လွန်၍ “စနစ်တကျ ကြိုတင်ပြင်ဆင်ထားသော စစ်အာဏာရှင်တို့၏ ဗျူဟာတရပ်” ဖြစ်ကြောင်း ပေါ်လွင်နေသည်။ ဥပဒေကြောင်းအရ ကြည့်လျှင် အလုံနှင့် မရမ်းကုန်းရှိ နေထိုင်သူများသည် ဆယ်စုနှစ် လေးခုမှ ခုနစ်ခုအထိ အစဉ်အဆက် နေထိုင်ခဲ့မှု၊ မိုးကောင်းဝင်း ဖြစ်ရပ်တွင် ဌာနဆိုင်ရာများ၏ အသိအမှတ်ပြုမှုနှင့် ၁၉၀၉ ခုနှစ်၊ ကာလစည်းကမ်းသတ် အက်ဥပဒေအရ ခုခံပိုင်ခွင့်များ ရှိနေသော်လည်း စစ်ကောင်စီသည် အာဏာရှင်ပီပီ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုပြီး အင်အားသုံး ဖယ်ရှားခဲ့သည်။
ဤလုပ်ရပ်သည် ၎င်းတို့ ပြင်ဆင်နေသည့် ဟန်ပြအစိုးရသစ် မပေါ်ပေါက်မီအတွင်း MECနှင့် အပေါင်းအပါ ခရိုနီလုပ်ငန်းရှင်တို့အတွက် အချက်အချာကျသော မြေနေရာများကို အငြင်းပွားမှု ကင်းစင်သည့် “မြေလွတ်မြေလပ်ရိုင်း” များအဖြစ် အလုအယက် ဖန်တီးနေခြင်း ဖြစ်သည်။ ယခင် အရပ်သားအစိုးရလက်ထက်က ကျင့်သုံးခဲ့သော လူထုဗဟိုပြု (People-centered) ဖြေရှင်းနည်းများကို စွန့်ပယ်၊ အာဏာရှင်ဆန်ဆန် ဥပဒေမဲ့စွာ ဖြေရှင်းနည်းသည်လည်း ပြည်သူလူထု၏ လူသားဂုဏ်သိက္ခာနှင့် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကို ချိုးဖောက်ခြင်းမျိုးပင် ဖြစ်သည်။
နှစ်ရှည်နေထိုင်သူများကို ကျူးကျော်အမည်တပ်၍ မြေယာသိမ်းဆည်းမှုများသည် နိုင်ငံတော်ပိုင် အရင်းအမြစ် များကို အာဏာရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ်သည့်စနစ် (Crony Capitalism) ကို ပေါ်လွင်စေသည်၊ ထို့အပြင် အဘက်ဘက်မှ ကျပ်တည်းနေသော ပြည်သူတို့၏ မျက်ရည်ဖြင့် အာဏာရှင်တို့၏ စီးပွားရေးအင်ပါယာကို အခိုင်အမာ တည်ဆောက်နေခြင်း ဖြစ်ပေသည်။



