စစ်ကိုင်းတိုင်းအတွင်း ပညာရေး ကူညီထောက်ပံ့မှုများလုပ်ဆောင်နေသည့် အရုဏ်ဦး ကျေးလက် လူမှုဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင် ၁၉ ဦးကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းထံက သိရသည်။
ထိုအဖွဲ့သည် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကျေးလက်ဒေသတွင် ပညာရေးဆိုင်ရာကိစ္စရပ်များ၌ ကူညီထောက်ပံ့မှုများပေးနေသည့် အဖွဲ့လည်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက မုံရွာမြို့မှ မန္တလေးသို့ သွားသည့် လမ်းခရီးတွင် အဖွဲ့ဝင် ၁၅ ဦး ဖမ်းဆီးခံလိုက်ရပြီး၊ နောက်တစ်ရက် ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်ရုံးချုပ်မှ လေးဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ရှစ်ဦး၊ အမျိုးသား ၁၁ ဦးပါဝင်သည်။
“ (စစ်တပ်) ပတ်ကင်းလာတဲ့အချိန်မှာ (တစ်ယောက်က) ဖုန်းပြောနေတာ။ ပတ်ကင်းမှန်း သိလို့ ဖုန်းသိမ်းလိုက်တဲ့အချိန်မှာ ပတ်ကင်းက သူတွေကသိသွားပြီး မသင်္ကာပြီးစစ်ရာက မိတယ်လို့ ကြားတယ်”ဟု ဖြစ်စဉ်သိရှိထားသူ အမျိုးသားတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် အရုဏ်ဦးအဖွဲ့ဝင်များ ဖမ်းဆီးခံထားရသည်ဟု ကြားသိရပြီး မည်သည့်ပုဒ်မဖြင့် အရးယူထားသည် မသိရသေးကြောင်း ထိုအခြေအနေများကို သိရှိထားသည့် အထက်ပါလူက ဆိုသည်။
“ပုဒ်မတွေ တပ်ထားခြင်း၊ မထားခြင်းကတော့ ရုံးမထုတ်သေးတော့ အကုန်တိတိကျကျမသိရသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။
၂၀၀၈ နာဂစ်အပြီး စတင်တည်ထောင်ခဲ့သည့် အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်းသည် ရန်ကုန်မြို့တွင် အခြေစိုက်ပြီး လူသားချင်းစာနာမှု အကူညီပေးရေး၊ ပညာရေးစသည့်တို့ကို ကူညီထောက်ပံ့ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထိုအဖွဲ့သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့်လက်တွဲလုပ်ဆောင်နေသောအဖွဲ့တစ်ခု ဖြစ်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ ယင်းမာပင်ခရိုင် မြို့နယ်များတွင် ပညာရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး တကိုယ်ရေသုံးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များအပါအဝင် အသုံးအဆောင်များ ကူညီထောက်ပံ့ခြင်း၊ ဆရာ၊ ဆရာမ အရည်အသွေးမြှင့်သင်တန်းများပေးခြင်း၊ စိတ်ဒဏ်ရာရနေသည့် ကျောင်းသားများနှင့် ဆရာများအတွက် စိတ်ခွန်အားပေးသည့်သင်တန်းများပေးခြင်း စသည့် ကူညီ ထောက်ပံ့မှုများပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် ယင်းမာပင်ခရိုင်ရှိ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ မင်းကင်း စသည့်မြို့နယ်များတွင် စစ်တပ်က မြို့ပေါ်တွင်သာ ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည့် အခြေအနေ ဖြစ်သည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်တပ်က လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးသလို စစ်တပ်၏ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
အရုဏ်ဦးအဖွဲ့ဝင်များ ဖမ်းဆီးခံထားရသည့်အခြေအနေနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် အသေးစိတ် သိရှိနိုင်ရန် UNICEF Myanmar ကိုဆက်သွယ်မေးမြန်းခဲ့ရာ ထိုကိစ္စရပ်ကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံး (UN Resident Coordinator’s Office) မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ထပ်မေးမြန်းလိုသည်များကို ထိုရုံးသို့သာ ဆက်သွယ်မေးမြန်း ရန် တုံ့ပြန်ထားသည်။
ကုသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးကို Myanmar Now က Email ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ မွန်းလွဲ၂ နာရီခွဲအထိ အကြောင်းပြန်ကြားခြင်းမရှိသေးပါ။
UNICEF သည် ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးပေါ်အကူအညီများကို ကမ္ဘာတဝန်းတွင် လုပ်ဆောင်ပေးနေသော အဖွဲ့တစ်ခုဖြစ်သည်။
တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးရာ ကျေးလက်ဒေသများတွင် စာသင်ကျောင်းများကို ပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက ပညာရေးအတွက် ကူညီသည့် အဖွဲ့အစည်းများကိုပါ ဖမ်းဆီးပြီး ဖိနှိပ်မှုများလုပ်ဆောင်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနမှထုတ်ပြန်သည့်အချက်အလက်များအရ ငါးနှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အအုံ ပေါင်း ၅၀၂ ခု ပျက်စီးခဲ့သည်။
လေကြောင်းသာမက မြေပြင်စစ်ကြောင်းကလည်း အရပ်သားများ၊ ဒေသကာကွယ်ရေးအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့ဝင်များကိုပါ ဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိနေသည်။
မကြာသေးခင် ဇူလိုင်လ တတိယပတ်ကလည်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် စစ်ကြောင်း ထိုးလာသည့် စစ်တပ်က စစ်ရှောင်အရေးကူညီသည့် အရပ်ဘက်အဖွဲ့ဝင် LGBT လူငယ်သုံးဦးနှင့် ၎င်းတို့ မိတ်ဆွေ ဒေသခံတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။



