စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေ မတရားသတ်ဖြတ်ခံရတာကို လက်မခံနိုင်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့သူကတော့ အသက် ၃၀ ကျော်အရွယ် ကိုကမ္ဘာကျော် ဖြစ်ပါတယ်။
အာဏာမသိမ်းခင်က သာမန်လူငယ်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ခဲ့တဲ့ ကိုကမ္ဘာကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့ထဲဝင်ပြီး စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က မိသားစုနဲ့ နှစ်ရှည်လများ အဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်။
မိသားစုနဲ့ အဆက်အသွယ်ပြန်ရချိန်မှာတော့ သူ့ရဲ့ ညီနှစ်ယောက်စလုံး အိမ်မှာမရှိတော့ပါဘူး။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ညီနှစ်ယောက်ထဲက တစ်ယောက်ကိုတော့ စစ်တပ်ထဲက ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် တော်လှန်ရေးနယ်မြေမှာ ညီအစ်ကိုနှစ်ယောက် ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျန်တဲ့ ညီတစ်ယောက်ကတော့ ချင်းပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေရင်း အခုချိန်အထိ အဆက်အသွယ်ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
ကိုကမ္ဘာကျော် ကိုယ်တိုင်လည်း ဖာပွန်နဲ့ တော်ကျွဲအင်းတိုက်ပွဲတွေအပါအဝင် ရှေ့တန်းတိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး လက်ရှိချိန်ထိ ညီအစ်ကိုနှစ်ယောက်လုံး လက်နက်ကိုင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေပါတယ်။
စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ ကိုကမ္ဘာကျော်ရဲ့ ဦးလေးတွေကလည်း စစ်သားတွေပဲ ဖြစ်ပါတယ်။ သူ့အတွက်တော့ ရှေ့တန်းစစ်မြေပြင်မှာ ရင်ဆိုင်ရမယ့်သူဟာ မိသားစုဝင်ဖြစ်နေခဲ့ရင်တောင် တော်လှန်ရေးနဲ့ မိသားစုကြား ရွေးချယ်ရမယ့် အခြေအနေကို ရင်ဆိုင်နေရတာပါ။
ဒီအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောင်ဝင်ဒေါင်းတပ်ရင်းက ကိုကမ္ဘာကျော် ပြောပြထားပါတယ်။
မေးမြန်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး



