သတင်း

ကျူးကျော် ပြည်ခိုင်ဖြိုးပါတီရုံးကို ကျပ် ၄၃၆ သိန်းပေး၍ အစိုးရဝယ်ယူ

နိုင်ငံပိုင်မြေတွင် ကျူးအဆောက်အအုံအဖြစ် ရှိနေသော ရန်ကုန် လမ်းမတော်မြို့နယ် (ယခင်ဆိပ်ကမ်းမြို့နယ်ဟောင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးကို အစိုးရက ကျပ်သိန်း ၄၀၀ ကျော်ပေး၍ ဝယ်ယူရန် အစိုးရနှင့် ပါတီတာဝန်ရှိသူများ နှစ်ဖက်သဘောတူလိုက်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေနေရာဖြစ်သော မော်တင်ရပ်ကွက်ရှိ ထိုနေရာတွင် ယခင်ပြည်ခိုင်ဖြိုးသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆိပ်ကမ်းမြို့နယ်ရုံးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးနောက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ခိုင်ဖြိုးရုံးကို ထိုနေရာမှ ဖယ်ရှားပေးရန် ပါတီတာဝန်ရှိသူများကို စာအကြိမ်ကြိမ်ပို့ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

နောက်ဆုံးတွင် ဝန်ကြီးဌာနပိုင်မြေဖြစ်သော်လည်း အဆောက်အအုံသည် ပြည်ခိုင်ဖြိုးပါတီပိုင်ငွေဖြင့် ဆောက်လုပ်ထားသဖြင့် အဆောက်အအုံကို ကာလတန်ကြေးပေး ဝယ်ယူရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် ဝယ်ယူခြင်းဖြစ်ပြီး ထိုအဆောက်အအုံကို ရန်ကုန်တိုင်း ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနရုံးအဖြစ် အသုံးပြုသွားမည်ဟု ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူက Myanmar Now ကို ယနေ့ပြောသည်။

“အပြီးသတ်စာချုပ်ချုပ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးနဲ့ ကျွန်တော်တို့ရဲ့ တိုင်းဦးစီးမှူးနဲ့ စာချုပ်ကို ရှေ့နေချုပ်ရုံးကို ပို့ထားပါတယ်။ ရှေ့နေချုပ်ရုံးကနေ စာချုပ်ကို အတည်ပြုချက်ရလို့ရှိရင် အဲ့ဒီအတိုင်း ချုပ်ဆိုသွားပါမယ်။ ချုပ်ပြီးရင် ငွေပေးချေမှုအပိုင်း ဆက်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ထိုအဆောက်အအုံကို ဝယ်ယူခွင့်ရရှိရန် ၂၀၁၉ ကတည်းက နိုင်ငံတော်သမ္မတရုံးအပါအဝင် အစိုးရအဖွဲ့ထံ အဆင့်ဆင့်တင်ပြခဲ့ပြီး ယခုတွင် ခွင့်ပြုချက်ရသဖြင့် ဈေးသင့်ဝယ်ယူခြင်းဖြစ်သည်ဟုလည်း ဦးသင့်မြတ်သူက ပြောသည်။ 

ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနသည် နယ်စပ်ဖြတ်ကျော် လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခြင်း၊ ပြည်တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်‌ရေး လုပ်ငန်းလိုင်စင်ချထားပေးခြင်းများအပြင် ဝန်ကြီးဌာနနှင့် ပတ်သက်သည့် စီမံကိန်းလုပ်ငန်းများလုပ်ဆောင်ရန် ၂၀၂၀ ဩဂုတ် ၁ တွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါဝန်ကြီးဌာန၏ ၁၉ ခုမြောက်ဌာနဖြစ်သည်။

စီမံကိန်းလုပ်ငန်းလိုင်စင်များ လုပ်ဆောင်သူ တစ်ရက်လျှင် ၇၀၀ ခန့်ရှိနေသဖြင့် မူလရှိထားသည့် ရုံးသည် လူဦးရေ ၉၀ ခန့်သာ ဆန့်သဖြင့် ယင်းရုံးနှင့် ကပ်လျက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီရုံးကို ဝယ်ယူခြင်းဖြစ်သည်ဟု ဦးသင့်မြတ်သူက ပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ တင်ပြထားသည့် စာချုပ်အခြေအနေနှင့် ပတ်သက်၍ ယခုလကုန်အတွင်း အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ဖက် အပြီးသတ်စာချုပ်ချုပ်နိုင်လိမ့်မည်ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။ 

“ငွေက သင့်ပြီးပါပြီ။ ရန်ကုန်တိုင်းဒေသကြီး တန်ဖိုးသင့်အဖွဲ့နဲ့ ဒီအဆောက်အအုံ ဘယ်တုန်းက ဆောက်ခဲ့တယ်၊ ငွေတန်ဖိုး လက်ရှိဘယ်လောက်ဆိုတာ အဲ့ဒီအဖြေအတိုင်းပဲ ကျွန်တော်တို့က ဘတ်ဂျက်ကို တင်ရတာပါ။ ဘတ်ဂျက်ကလည်း ခွင့်ပြုတယ်။ နောက်ဆုံး အပြီးသတ်စာချုပ်ချုပ်ဖို့ ကျန်တယ်”ဟု ဦသင့်မြတ်သူက ပြောသည်။

အလျား ပေ ၅၀ နှင့် အနံ ၁၈ ပေခန့်ရှိ နှစ်ထပ်အဆောက်အအုံကိုသာ ဈေးသင့်ဝယ်ယူခြင်းဖြစ်ပြီး မြေနေရာသည် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် မြန်မာ့မီးရထားဌာနကပိုင်သော နိုင်ငံတော်ပိုင်မြေဖြစ်သည်။

ထို့ကြောင့် နိုင်ငံပိုင်မြေတွင် နိုင်ငံရေးပါတီတစ်ခုက အသုံးပြုနေခြင်းကို ယခုအစိုးရလက်ထက်တွင် မြေငှားသက်တမ်းတိုးခွင့်ရပ်ဆိုင်းခဲ့ပြီး ပါတီပိုင်အဆောက်အအုံကို ကာလတန်ကြေးဖြင့် ဈေးသင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးမြေကို စွန့်လွှတ်လိုက်ရသော်လည်း ၎င်းကိုယ်စားပြုသည့် မဲဆန္ဒနယ်သည် ဖျက်သိမ်းခံလိုက်ရသဖြင့် မြို့နယ်ပါတီရုံးအသစ်ဆောက်ရန်နေရာ ထပ်မရှာတော့ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဆိပ်ကမ်းမြို့နယ်ဟောင်း၏ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က မြို့နယ်ပျက်သွားတော့ ဖွဲ့စည်းပုံက ပျက်ပြီလေ။ ဖွဲ့စည်းပုံပျက်သွားတော့ တခြားပါတီဝင်တွေကတော့ သက်ဆိုင်ရာ မြို့နယ်တွေမှာပဲ ပါတီတာဝန်တွေ ဆက်ယူတာပေါ့”ဟု ၎င်းက ပြောသည်။

အစိုးရက ငွေတန်ဖိုးသင့်၍ ပေးချေပြီးပါက ပါတီရုံးအဆောက်အအုံကို အပြီးတိုင် လွှဲပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ဦးစံကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုဝင်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ် ဒေါ်ရွှေမိုဃ်းညွန့်ကို ဆန္ဒမဲ ငါးထောင်ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီက ခေတ်အဆက်ဆက်ရယူထားသည့် နိုင်ငံပိုင်မြေပေါ်ရှိ ပါတီပိုင်အဆောက်အအုံအချို့နှင့် ကျပ်ဘီလျံချီ တန်ကြေးရှိနေသည့် ပါတီဝင်ငွေရ မြေနေရာအချို့ကိုလည်း ယခုအစိုးရသက်တမ်းအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

စစ်ဗိုလ်ချုပ်များဦးစီးကာ ၁၉၉၃ တွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်းကို ၂၀၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့သည်။

တရားဝင်စည်းကမ်းချက်များအရ နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံပိုင်ပစ္စည်းများကို သုံးစွဲခွင့်မရှိပေ။ သို့သော် ပြည်ခိုင်ဖြိုးအသင်းလက်ထက်တွင် ရယူပိုင်ဆိုင်ခဲ့သော နိုင်ငံတော်ပိုင်မြေများ၊ အဆောက်အအုံများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဆက်လက်ပိုင်ဆိုင်ခွင့်ရှိမရှိကိုမူ မေးခွန်းထုတ်စရာများ ရှိနေသည်။ 

Show More

Related Articles

Back to top button