သတင်း

အဆုံးစီရင်သွားသည့် ကိုးကန့်ကြံ့ခိုင်ရေးအမတ် တရုတ်နိုင်ငံသားဖြစ်နေ

လောက်ကိုင်မြို့တွင် ယမန်နေ့က အဆုံးစီရင်သွားသည့် ကိုးကန့်ကြံ့ခိုင်ရေးအမတ်သည် တရုတ်နိုင်ငံသားဟု စစ်ကောင်စီကဝန်ခံလိုက်သည်။

တရုတ်အစိုးရက အလိုရှိနေသူများကို လောက်ကိုင်မြို့တွင် ဖမ်းမိပြီး တစ်ဖက်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၆) တွင် သတင်းထုတ်ပြန်ရာ အဓိကကျသူတစ်ဦးဖြစ်သည့် ကြံ့ခိုင်ရေးပါတီအမတ် ဦးမြီရှောက်ချန်းမှာ တရုတ်နိုင်ငံသား ဖြစ်နေသည်။

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ အုပ်စိုးခဲ့သည့် ၂၀၁၀ မှ ၂၀၁၅ အထိ ရှမ်းပြည်နယ်လွှတ်တော်တွင် ငါးနှစ်ကြာထိုင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ကိုးကန့်အမတ်သည် တရုတ်နိုင်ငံသားဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်ခြင်းဖြစ်သည်။​

အသက် ၆၉ နှစ်အရွယ် ဦးမြီရှောက်ချန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်အမတ်တစ်ဦးသာမက သမ္မတဦးသိန်းစိန်လက်ထက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့တွင် ဒုတိယအကြီးအကဲရာထူး ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

ကိုးကန့်လုပ်ငန်းရှင် ဦးမြီရှောက်ချန်းနှင့် မိသားစုဝင်သုံးဦးကို ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်၍ တရုတ်အစိုးရနှင့် စစ်ကောင်စီတို့က လွန်ခဲ့သည် ရက်ပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထိုသို့ ဝရမ်းထုတ်ပြီး ရက်ပိုင်းအကြာတွင် ဦးမြီရှောက်ချန်းနှင့် မိသားစုဝင်နှစ်ဦးကို ဖမ်းမိသည်ကို စစ်ကောင်စီက ထုတ်ပြန်သည်။

တရုတ်အစိုးရက ဆက်တိုက်ဖိအားပေးမှုနှင့်အတူ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေးဂယက် ကြီးထွားလာချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက ရုတ်တရက်စစ်ဆင်ရေးကြေညာကာ စစ်တပ်စခန်းများကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ စစ်ဆင်ရေး ရက်ပေါင်း ၂၀ ကျော် ရှိလာချိန်တွင် စစ်ကောင်စီဘက်မှ စစ်စခန်းနှင့် လက်နက်ခဲယမ်းမြောက်မြားစွာ လက်လွတ်ဆုံးရှုံးသည့်အပြင် တပ်ရင်းလိုက်လက်နက်ချ အညံ့ခံခြင်းများလည်း ရှိနေသည်။ 

ထိုသို့ စစ်ရေးအရ အထိနာနေချိန် စစ်ကောင်စီက တရုတ်ဘက်က အလိုရှိနေသူများကို ဖမ်းပြလာသည်။

သို့သော် လောက်ကိုင်မြို့တွင် နေထိုင်သည့် ကိုးကန့်လုပ်ငန်းရှင်မိသားစုကို သွားရောက်ဖမ်းဆီးစဉ် ဦးမြီရှောက်ချန်းသည် ပစ္စတိုသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

သားနှင့် မြေးကို နယ်စပ်မှတစ်ဆင့် တရုတ်အစိုးရထံ လွှဲပေးခဲ့သော်လည်း ဦးမြီရှောက်ချန်း၏ ရုပ်အလောင်းသည် လောက်ကိုင်တွင် ကျန်နေခဲ့သည်၊ ဦးမြီရှောက်ချန်းနှင့် မိသားစုသည် တရုတ်နိုင်ငံသားများဖြစ်ကြသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ကြံ့ခိုင်ရေးအမတ်က တရုတ်နိုင်ငံသားဟု စစ်ကောင်စီထုတ်ပြန်

အာဏာသိမ်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို စစ်ကောင်စီထိန်းချုပ် သတင်းစာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဆိုက်စာမျက်နှာတို့၌ ပြန်လည်ဖော်ပြရာ၌ ကွဲလွဲချက်များရှိနေပြန်သည်။

ဦးမြီရှောက်ချန်းသည် သူ့ကိုယ်သူ ပွိုင့် ၂၂ သေနတ်ဖြင့်ပစ်သတ်သည်၊ ပစ္စတိုသေနတ်ဖြင့် ပစ်သတ်သည်ဟူ၍ ကွဲလွဲဖော်ပြသည်သာမက ရုပ်အလောင်းကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်သည်၊ တရုတ်ဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲဟူ၍လည်း ကွဲလွဲနေသည်။

စစ်ကောင်စီထုတ်ပြန်ချက်တွင် အထူးအလေးပေးဖော်ပြခဲ့သည်မှာ ဦးမြီရှောက်ချန်းနှင့် မိသားစုဝင်များသည် တရုတ်နိုင်ငံသားများဖြစ်သည်ဟူ၍ပင်။

ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ကိုးကန့်သူဌေးကြီး၏ ဘဝအဆုံးသတ်ချိန်တွင် သူနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်များသာမက စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်နေသည့် ကြံ့ခိုင်ရေးပါတီအတွက် မေးခွန်းများရှိလာသည်။

တရုတ်နိုင်ငံသားတစ်ယောက်ကို ပါတီဝင်အဖြစ် သွတ်သွင်းပြီး လွှတ်တော်ထဲသို့ ဝင်ခွင့်ပြုခဲ့သည့် ကြံ့ခိုင်ရေးပါတီ၊ နယ်စပ်မှ မြန်မာနိုင်ငံသားတို့ကို ငါးနှစ်ကြာ အုပ်ချုပ်ခွင့်ပေးခဲ့သည့် သမ္မတဟောင်းဦးသိန်းစိန်၊ ရွေးကောက်ပွဲ ဝင်ခွင့်ပြုခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အရာရှိများ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည့် စစ်အစိုးရခေတ် လူဝင်မှုကြီးကြပ်ရေးအရာရှိများအနေဖြင့် ထိုမေးခွန်းများကို မဖြစ်မနေ ဖြေရှင်းရတော့မည်ဖြစ်သည်။

ဦးမြီရှောက်ချန်း ကြံ့ခိုင်ရေးအမတ်ဖြစ်လာခြင်း

စစ်ကောင်စီက တရုတ်နိုင်ငံသားဟု ကြေညာခဲ့သည့် ဦးမြီရှောက်ချန်းတွင် မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိပြီး ကတ်ပြားအမှတ်မှာ ၁၃/ကလတ(နိုင်)၀၂၂၆၉၇ ဖြစ်သည်။

ဦးမြီရှောက်ချန်းတွင် ‘မြင်ရှော်ချန်း’ ‘မြင်ရွှေချမ်း’ ဆိုသည့် အမည်များလည်း ရှိသည်။ သူ၏အမည်ကို အင်္ဂလိပ်( Ming Xuechang) တရုတ် (明学昌) ဖြင့် စာလုံးပေါင်းသည်။

လွှတ်တော်အမတ် မဖြစ်မီကာလ ၂၀၁၀ အရှေ့ပိုင်းအချိန်များက ဦးမြီရှောက်ချန်း၏ ဘဝအကြောင်းကို Myanmar Now အနေဖြင့် များများစားစားခြေရာမခံနိုင်သေးပေ။

ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦး၏ အဆိုအရ လွှတ်တော်အမတ်မဖြစ်မီက ဦးမြီရှောက်ချန်းသည် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၏ တပ်ခွဲငယ်တစ်ခု ခေါင်းဆောင်ဖြစ်သည်။ မြန်မာစစ်တပ်ကို မှီခိုသည့် ကိုးကန့်ခေါင်းဆောင် ဦးပယ်ဆောက်ချိန်၏ အားအကိုးရဆုံးသော လက်ရုံးတပ်မှူးများထဲမှ တစ်ဦးဟု ဆိုသည်။ ၂၀၀၉ တွင် ဦးမြီရှောက်ချန်း၏ လက်ကိုင်တပ်သည် စစ်အစိုးရလက်အောက် ဝင်ရောက်ခဲ့ပြီး မြန်မာစစ်တပ်၏ အမှတ် (၁၀၀၆) နယ်မြေခံ နယ်ခြားစောင့်တပ်ဖြစ်လာသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်တွင် ဦးမြီရှောက်ချန်းသည် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအမတ်အဖြစ် စာရင်းသွင်းကာ ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်အမတ်ဖြစ်လာသည်။

ဦးမြီရှောက်ချန်းကို လွှတ်တော်အမတ်အဖြစ် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က အတည်ပြုခဲ့သည်။

စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ကြံ့ခိုင်ရေးအမတ်များ ကြီးစိုးသည့် ရှမ်းပြည်နယ်လွှတ်တော်သည် ၂၀၁၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဦးမြီရှောက်ချန်းကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တင်မြှောက်ခဲ့သည်။

ထိုနေ့မှစပြီး နောက်ငါးနှစ်ကြာသည်အထိ မြန်မာ-တရုတ်နယ်စပ်မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဦးမြီရှောက်ချန်း အုပ်ချုပ်ခွင့်ရခဲ့ပြီး အစိုးရအရာရှိအဆောင်အယောင်များရခဲ့သည်။

ဦးမြီရှောက်ချန်းသည် တစ်လလျှင်လစာ ကျပ် ၁၀ သိန်း၊ အစိုးရစားရိတ်ဖြင့် ခရီးသွားလာခွင့်၊ အိမ်ဌားခ စသည့် ကုန်ကျစရိတ်များကို တိုင်းပြည်ဘဏ္ဍာငွေများထဲမှ ခံစားခွင့်ရခဲ့သည်။ ရာထူးသက်တမ်းကုန်ချိန်တွင်လည်း နိုင်ငံရေးပင်စင်များရခဲ့သည်။

ငါးနှစ်ကြာ လွှတ်တော်အမတ်အဖြစ် ဖြတ်သန်းပြီးနောက် လွှတ်တော်နိုင်ငံရေးမှ အနားယူခဲ့ပြီး နိုင်ငံရေးကို ကန့်လန့်ကာနောက်ကွယ်မှသာ ပါဝင်ခဲ့ပြီး စီးပွားရေးသမားဖြစ်လာခဲ့သည်။ သူ၏သားများကို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်နှင့် ရဲဌာနများတွင် အမှုထမ်းစေခဲ့သည်။

ဦးမြီရှောက်ချန်းကို ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ၂၀၁၁ တွင် ခန့်အပ်ခဲ့သည်။

ပါတီဖျက်ရကိန်းဆိုက်နေသည့် ကြံ့ခိုင်ရေး

လက်ရှိအချိန်အထိ စစ်ကောင်စီက လက်ခံထားပြီး စစ်ဗိုလ်ချုပ်များကိုယ်တိုင် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရုတ်နိုင်ငံသား ဦးမြီရှောက်ချန်းကို လွှတ်တော်အမတ်အဖြစ် ခွင့်ပြုခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရကိန်း ဆိုက်နေသည်။

၂၀၀၈ အခြေခံဥပဒေ၊ ‘အခန်း(၁၀) ပုဒ်မ ၄၀၇ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း’ ဆိုသည့် ပြဋ္ဌာန်းချက် (ဂ) တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးအပါအဝင် အထောက်အပံ့ရယူပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်တွင် အသက်ဝင်နေပြီဖြစ်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ(၂၀၁၀) ပုဒ်မ ၁၀(ဇ) တွင်လည်း နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားအဖြစ် ခံယူထားသူကို ပါတီဝင်အဖြစ် လက်မခံရဟု ပါရှိသည်။ ထိုဥပဒေ၏ အခန်း (၃) ပုဒ်မ (၁၂) (က) (၆) ၏ ပြဋ္ဌာန်းချက်တွင် နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားအဖြစ် ခံယူထားသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင်ထိမ်ချန်ထားပါက ပါတီဖျက်သိမ်းခံရမည်ဟု ပါရှိသည်။

စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုသူကို သမ္မတဖြစ်ခွင့် ပိတ်ပင်သည့် ပုဒ်မတစ်ခုကို သီးသန့်ထည့်သွင်းရေးဆွဲထားရာ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဟန့်တားလိုခြင်းဖြစ်သည်။

ဥပဒေအရ လက်ဦးမှုရယူကာ တားမြစ်ထားသည်သာမက အိမ်ထောင်ဖက် နိုင်ငံခြားသားဖြစ်ခြင်းအပေါ် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံဖြင့် ဝေဖန်တိုက်ခိုက်လေ့ရှိသည်။

တရုတ်၏ ဖိအားကြောင့် ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်သူများအနက် အရေးပါသူများကို စစ်ကောင်စီက လူသိရှင်ကြား အဖမ်းပြလိုက်ရသည်ဖြစ်ရာ စစ်ဗိုလ်ချုပ်များက ၎င်းတို့ရေးဆွဲထားသည့် ဥပဒေကို ချိုးဖောက်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ လိမ်လည်ထားခဲ့သည့် အမှုကြီးတစ်ခု ဘူးပေါ်သလို ပေါ်လာခဲ့သည်။

 သမိုင်းတစ်ပတ်လည် ရွေးကော်ဥက္ကဋ္ဌ စစ်ဗိုလ်ချုပ်ဟောင်း 

ဦးမြီရှောက်ချန်းကို ၂၀၁၀ ရွေးကောက်ပွဲဝင်ခွင့်ပေးခဲ့သည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် ၂၀၂၃ တွင် ကြံ့ခိုင်ရေးပါတီကို ပြန်လည်မှတ်ပုံတင်ခွင့်ပေးခဲ့သည့် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ တစ်ဦးတည်းသာဖြစ်သည်။

အသက် ၇၁ နှစ်အရွယ် အငြိမ်းစားစစ်ဥပဒေချုပ် ဦးသိန်းစိုးသည် ထိုအဖြစ်အပျက်နှစ်ခုစလုံးတွင် အဓိကကျသည့်နေရာမှပါဝင်ပြီး တာဝန်အရှိဆုံးသော သက်ရှိထင်ရှားရှိနေသူဖြစ်သည်။

စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ကော်မရှင်ဥက္ကဋ္ဌရာထူးမှ အနားယူခဲ့သော်လည်း စစ်တပ်အာဏာသိမ်းချိန်တွင် ထိုရာထူးကို နောက်တစ်ကြိမ် ပြန်လည်ရရှိထားသည်။

ဦးသိန်းစိုးသည် စစ်ကောင်စီညွှန်ကြားချက်ဖြင့် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကဲ့သို့သော အင်အားကြီးတိုင်းရင်းသားပါတီများကို မှတ်ပုံပြန်မတင်ဟုဆိုကာ ပါတီဖျက်သိမ်းခဲ့သည်။

သို့သော်လည်း စစ်တပ်ကျောထောက်နောက်ခံဖြင့် ပေါ်ပေါက်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးဆောင်နေသည့် ကြံ့ခိုင်ရေးပါတီကိုတော့ ယခုနှစ် ဧပြီလတွင် ပြန်လည်မှတ်ပုံတင်ခွင့်ပြုထားသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ပါတီမှတ်ပုံပြန်တင်ချိန်တွင် ကိုးကန့်ဒေသမှ ဦးမြီရှောက်ချန်းသည် ကြံ့ခိုင်ရေးပါတီဝင်အဖြစ် ဆက်ရှိနေဆဲဟု ယုံကြည်ရသည်။

ကျားဖြန့်အမှုဖြင့် အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်အစိုးရက ဖမ်းဆီးထားသည့် ကိုးကန့်ဒေသမှ အခြားသော ကြံ့ခိုင်ရေးအမတ်တစ်ဦးဖြစ်သည့် ဦးမောင်မောင် (၂၀၂၀ ရွေးကောက်ပွဲဝင်အမတ်) သည်လည်း ကြံ့ခိုင်ရေးပါတီမှတ်ပုံသစ်တင်ချိန်တွင် ပါတီဝင်အဖြစ် ရှိနေသည်။ ‘လျိုကျိန်းချီ’ ဆိုသည့် အခြားအမည်ရှိသည့် ဦးမောင်မောင်မှာ တရုတ်နိုင်ငံသား ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။

Show More

Related Articles

Back to top button