ဆောင်းပါး

ကိုးကန့်သူဌေးကြီးများအပေါ် ရောက်လာသည့် တရုတ်၏ဒေါသ

မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ လောက်ကိုင်မြို့အခြေစိုက် ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲတို့က အောက်တိုဘာ ၁ ရက်နေ့က ဖမ်းဆီးလိုက်သည်။

၎င်းတို့သည် မြန်မာနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် တရုတ်ပြည် ယူနန်ခရိုင် လင်ချန်းမြို့တွင် ပြုလုပ်သည့် ကုန်သွယ်ရေးပြပွဲတစ်ခုသို့ တက်ရောက်ရန် ရာနှင့်ချီသော အခြားမြန်မာနိုင်ငံသား စီးပွားရေးသမားများနှင့်အတူ ရောက်နေစဉ် ဖမ်းခံကြရခြင်းဖြစ်သည်။

နံနက်အရုဏ်မတက်မီအချိန်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း တရုတ်ရဲတို့က ကိုးကန့်သူဌေးတို့ တည်းနေသည့် ဟိုတယ်တံခါးများကို ချိုးဖျက်ဝင်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်ဖော်ပြမထားသည့် အတူလိုက်ပါသွားသူတစ်ဦးကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းက ရေးသားသည်။ ထို့နောက် တရုတ်ဗဟိုအစိုးရ အခြေစိုက်ရာ ပေကျင်းမြို့ရှိ စစ်ကြောရေးစခန်းများဆီ ပို့ဆောင်လိုက်သည်ဟုလည်း နယ်စပ်ကုန်သည်တစ်ဦးကို ကိုးကားပြီး DVB သတင်းဌာနက ရေးသားသည်။

နယ်စပ်လောင်းကစားဂိုဏ်းဝင်များဟု သံသယရှိသူများကို ‘ဝ’ လက်နက်ကိုင်တပ် UWSA က တရုတ်ရဲများထံ ၂၀၂၃ စက်တင်ဘာ ၆ နှင့် ၇ ရက်များအတွင်းက လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ – WSTV)

Myanmar Now ၏ သတင်းရင်းမြစ်များ၊ နယ်စပ်ကုန်သည်များ၏ ခန့်မှန်းပြောဆိုချက်များအရ ထို ၁၁ ဦးကို တရုတ်အစိုးရက “ကျားဖြန့်” ဟု အလွယ်ခေါ်ကြသည့် အွန်လိုင်းငွေကြေးလိမ်လည်သည့် ဂိုဏ်းများနှင့် ပတ်သက်သည်ဆိုသော သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ ကိုးကန့်ဒေသ လောက်ကိုင်သည် ကျားဖြန့်ဂိုဏ်းများ ကျက်စားရာနေရာအဖြစ် လူသိများသည်။

ထိုဖြစ်ရပ်က လက်တစ်ဖက်က လက်နက်ကိုင်ပြီး အခြားတစ်ဖက်က စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုးကန့်စီးပွားရေးသမားတို့အတွက် တုန်လှုပ်ချောက်ချားစရာ ဖြစ်လာခဲ့သည်။ ထို့အတူ နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများအတွက်လည်း စိုးရိမ်စရာ ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ဖမ်းခံရသူများထဲတွင် စစ်ခေါင်းဆောင်တို့နှင့် ဆက်ဆံရေးကောင်းသူ ကိုးကန့်ထိတ်ထိတ်ကြဲသူဌေးကြီး ဦးမောင်မောင်လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။ လောက်ကိုင်မြို့နေ သူဌေးကြီး ဦးမောင်မောင်သည် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်လည်းဖြစ်ပြီး ဒေသဆိုင်ရာ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်သည်။ တရုတ်တို့၏ “ကျားဖြန့်” နှိမ်နှင်းမှုသံသယဖြင့် ပထမဆုံးဖမ်းခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအရာရှိလည်း ဖြစ်လာနိုင်သည်။

စစ်ခေါင်းဆောင်က ပေးအပ်သည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ၂၀၂၃ မတ်လက ရယူပြီးနောက် ကော်ဇောနီခင်းကာ လောက်ကိုင်သို့ ပြန်လာသည့် ဦးမောင်မောင် (ဓာတ်ပုံ – ကိုးကန့်သတင်းပြန်ကြားရေး)

ဗိုလ်ချုပ်ကြီးများ၏ ကိုးကန့်မဟာမိတ် ဦးမောင်မောင်

ကိုးကန့်သူဌေးများအနက် ဦးမောင်မောင်သည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ၏ စိတ်ချရသော တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ၂၀၂၃ မတ်လက ဦးမောင်မောင်ကို နေပြည်တော်တွင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ပေးခဲ့သည်။

စစ်ဗိုလ်ချုပ်ဟောင်းများစုဖွဲ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ကလည်း သူ့ကို ကိုးကန့်မြို့နယ် ပါတီအတွင်းရေးမှူးအဖြစ် ခန့်အပ်ထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီက ဦးမောင်မောင်ကို သူ၏ဇာတိ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်၏ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဝင်ပြိုင်စေခဲ့သည်။

ပြည်ခိုင်ဖြိုးခေါင်းဆောင်များနှင့် ကိုးကန့်လက်နက်ကိုင် စီးပွားရေးသမားများသည် ရင်းနှီးသည့် မဟာမိတ်ဆက်ဆံရေး ရှိကြသည်။ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် ထိုစဉ်က ပြည်ခိုင်ဖြိုးခေါင်းဆောင် ဦးသန်းဌေးကို ကိုးကန့်တိုင်းရင်းသားဝတ်စုံနှင့် တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ဦးမောင်မောင်ကို ကုန်းကြမ်းမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်ရာထူး ပေးခဲ့သည်။

မကြာသေးမီကမှ ရဲချုပ်ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်နှင့် ဦးမောင်မောင်တို့သည်လည်း ရင်းနှီးကြသည့် မိတ်ဆွေများဖြစ်ကြသည်။ ဒုဗိုလ်ချုပ်ကြီးနီလင်းအောင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝကတည်းက ၎င်းတို့နှစ်ဦး မကြာခဏ ယှဉ်တွဲသွားလာလေ့ရှိကြသည်။

သူသည် အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဋ္ဌရာထူးကို ရထားသည်။ ထိုအသင်းက နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ်တွင် ရုံးခန်းဖွင့်ထားပြီး ဦးမောင်မောင်က လောက်ကိုင်နှင့် နေပြည်တော်ကို လွန်းထိုးသွားလာလေ့ရှိသည်။

ယခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် စစ်ခေါင်းဆောင်ကိုယ်တိုင်က ဦးမောင်မောင်ကို နေပြည်တော်သို့ လာရန် တကူးတကဖိတ်ခဲ့သည်။

ကိုးကန့်သူကြွယ်ကြီးသည် မြန်မာနိုင်ငံ၏ လက်ရွေးစင်သန်းကြွယ်သူဌေးကြီး ၁၀၀ နှင့်အတူ နေပြည်တော် မာရဝိဇယ ကျောက်ဆစ်ဘုရားအကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ရှင်းပြသည့်ပွဲသို့ တက်ခွင့်ရခဲ့သည်။ ထိုနေ့က စစ်ခေါင်းဆောင်ဘုရားအတွက် ခရိုနီများ စုပေါင်း၍ ငွေကျပ် ၁၆ ဘီလျံကျော် လှူခဲ့ရာ ဦးမောင်မောင်၏ အလှူငွေ ကျပ် သိန်း ၁၂၆၀ ပါဝင်ပြီး ခရိုနီ ၁၀၀ စာရင်းတွင် နံပါတ် ၂၃ ချိတ်သည်။

အလှူရှင်စာရင်းတွင် ဦးမောင်မောင်ကို “ဖူလီလိုက်ကုမ္ပဏီအုပ်စု” ဟု ဖော်ပြထားသည်။

ဦးမောင်မောင် (အင်္ကျီအဖြူဝတ်ဆင်ထားသူ) ကို စစ်ကောင်စီ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ စစ်ခေါင်းဆောင်၏ မင်းဆရာ ဝစီပိတ်ဆရာတော်တို့နှင့်အတူ ၂၀၂၃ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ဖူလီလိုက်စီးပွားရေးအင်ပါယာ

ပြည်မနေသူတို့အကြား ဖူလီလိုက်ဆိုသည့်အမည်က စိမ်းနေသော်လည်း ရှမ်းမြောက်တစ်ကြော၊ အထူးသဖြင့် ကိုးကန့်ဒေသတွင်မူ မသိသူမရှိအောင် နာမည်ကြီးသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၊ ၁၉၉၉ ခုနှစ်တွင် တည်ထောင်ပြီး မြန်မာအမည် “အလင်းပြည့်” ဟု မှတ်ပုံတင်ထားသော “Fully Light” ကို အများက “ဖူလီလိုက်” ဟု ခေါ်ကြသည်။

ဟိုတယ်နှင့် ခရီးသွား၊ ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး စသည့် နယ်ပယ်စုံတွင် လုပ်ငန်းပေါင်းစုံရှိပြီး ဝန်ထမ်း ၂ သောင်းကို ခန့်ထားသည်ဟု “ဖူလီလိုက်” ၏ အလုပ်ခေါ်စာတစ်ခုတွင် ပါဝင်သည်။ လောက်ကိုင်မြို့ထဲရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဖူလီလိုက်ဇိမ်ခံဟိုတယ်ကြီးကို Trip.com ကဲ့သို့ နိုင်ငံတကာခရီးသွားဝက်ဆိုက်များတွင်ပင် ရှာဖွေနိုင်သည်။

လောက်ကိုင်မှ ဖူလီလိုက် မိုးမျှော်ဟိုတယ် (ဓာတ်ပုံ – Fully Light)

“ဖူလီလိုက်ကုမ္ပဏီအုပ်စု” ကို “လီ” မိသားစုက ဦးဆောင်သည်။

ကိုးကန့်သတင်းဌာနများ၏ ဖော်ပြချက်အရ ထိုကုမ္ပဏီအုပ်စုကို ဦးလီကျိန်းချန်(ခ)ဦးလျိုအားပေါက်က ဥက္ကဋ္ဌတာဝန်ယူထားသည်။ ဖူလီလိုက်ဥက္ကဋ္ဌကြီးကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ ဒီဇင်ဘာတွင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ ပေးခဲ့သေးသည်။

ဦးမောင်မောင်သည် “ဖူလီလိုက်ကုမ္ပဏီအုပ်စု” တွင် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သည်။

“သူတို့မှာ စီးပွားရေးက များလွန်းကြတော့ ဟိုတယ်ကို တစ်လတစ်ခါတောင် လာမကြည့်ကြဘူး” ဟု ဖူလီလိုက်၏ လုပ်ငန်းခွဲတစ်ခုတွင် အုပ်ချုပ်ရေးအဆင့်ရှိသည့် ဝန်ထမ်းဟောင်းက ဆိုသည်။

ထိုသူ၏ အဆိုအရ ဦးမောင်မောင်နှင့် ဖူလီလိုက်ဥက္ကဋ္ဌ ဦးလီကျိန်းချန်(ခ)ဦးလျိုအားပေါက် တို့သည် အထက်အောက် ညီအကိုများဖြစ်ကြသည်ဟု ဆိုသည်။ ဦးမောင်မောင်၏ ဖခင်သည်လည်း “လီ” မျိုးရိုးဖြစ်ပြီး ဦးလီဟုန်လော် ဖြစ်သည်။ သို့သော်လည်း ဦးမောင်မောင်က သူ၏ “လီ”မျိုးရိုးပါအမည်ကို မြန်မာနိုင်ငံအတွင်း အသုံးပြုလေ့မရှိပါ။

တရုတ်ဘက်က လွှင့်တင်ထားသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အင်တာနက်စာမျက်နှာတွင် ဦးမောင်မောင်၏ တရုတ်အမည်ကို “လျူကျိန်ရှန်” ဟု ရေးသားပြီး ဖူလီလိုက်ဥက္ကဋ္ဌ ဦးလီကျိန်းချန်ကို “လျူကျိန်ချီ” ဟု အသံဖလှယ်ထားသည်။

မြန်မာဘက်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဒါရိုက်တာစာရင်းတွင် “U Lee Kyein Shin” , “U Lee Kyein Chan” စသည့် “လီ” မျိုးရိုးအမည်များ ပါဝင်သလို “U Maung Maung” ဆိုသည့် အမည်ဖြင့်လည်း ထပ်မံပါဝင်သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် United State Institute of Peace ၏ ဖော်ပြချက်တွင် Lee Kyein Chan ၏ အမည်ကို “Liu Zhengxiang” ဟုလည်း စာလုံးပေါင်းသည်ဟု ဆိုသည်။ RFA သတင်းဌာနကလည်း ဖမ်းဆီးခံရသူ “Liu Zhengxiang” သည် ဦးမောင်မောင်ဖြစ်သည်ဟု ဆိုသည်။

တရုတ်ဘက်က မြန်မာစစ်ကောင်စီထံ ပေးပို့သည့် အကြောင်းကြားစာတွင်မူ ဝေချင်းထောင်၊ လျိုကျိန်းချီ၊ ပိဟွေကျွင်း ခေါ် ရန်လောက်ပီ၊ တိန်ကျီးတာ၊ ကျိုရှောက်ခိုက်၊ ဝင်းချောက်နိန်း၊ စူးဟုန်းရှန်း၊ လီအားဖူး၊ လျိုစွတ်နိန်း၊ ခွေးစောက်ပန်း ခေါ် ချဲအိုက်ဟွာ၊ ဝီလင်းကော် စသည့် ကိုးကန့်မှ လာသည့် လူ ၁၁ ယောက်ကို ဖမ်းထားကြောင်း ပါရှိသည်။ ဦးမောင်မောင်သည် တရုတ်ပြည်သို့ အခြားအမည်တစ်ခုဖြင့် ဝင်ထွက်နေပုံရသည်။

မြန်မာ-တရုတ်-အင်္ဂလိပ် ဘာသာစကား သုံးခုအကြား အသံဖလှယ်မှုများကြောင့် ရှုပ်ထွေးမှုများရှိသော်လည်း “လီ” မိသားစု၏ ဖူလီလိုက်အုပ်စုမှ အနည်းဆုံး ၁ ယောက်ဖြစ်သည့် ဦးမောင်မောင်ကို တရုတ်ရဲတို့က ဖမ်းထားကြောင်းကိုမူ Myanmar Now က အတည်ပြုနိုင်ခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် ညီအကိုတော်သူ ဦးလီကျိန်းချန်(ခ)ဦးလျိုအားပေါက် ပါမပါကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

တရုတ်တွင် လူကြိုက်များနေသည့် ကျားဖြန့်အကြောင်း ရိုက်ကူးထားသည့် No More Bets ရုပ်ရှင်တွင် မြန်မာစကားပြော လက်နက်ကိုင်ရဲများက ကျားဖြန့်ဂိုဏ်းများနှင့် ပေါင်းကာ လူကုန်ကူးခံရသူများကို အမြတ်ထုတ်ပုံကိုလည်း ထည့်သွင်းရိုက်ကူးထားသည်။

တရုတ်က စစ်ကောင်စီထံ ပေးပို့သည့်စာတွင် ကျားဖြန့်ပြဿနာကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ “တရုတ်နိုင်ငံ၏ သက်ဆိုင်သည့် ဥပဒေစည်းမျဉ်းများကို ချိုးဖောက်သည်ဟု ယူဆသည့်အတွက် တရုတ်ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်ထားပါသည်” ဟု ပါရှိသည်။

တစ်ပိုင်းတစ်စသာ ဖတ်ခွင့်ရသည့် ထိုစာက သံတမန်အဆင့် အကြောင်းကြားစာမဟုတ်ဘဲ တရုတ်ရဲက ကူမင်းရှိ စစ်ကောင်စီ၏ ကောင်စစ်ဝန်ရုံးသို့ ပေးပို့သည့်စာဟု Myanmar Now က နားလည်ထားသည်။

အခြားတစ်ဖက်တွင် ဖူလီလိုက်သည် ကျားဖြန့်နှင့် ပတ်သက်ကြောင်း မြန်မာသတင်းဌာနများက မကြာခဏ ဖော်ထုတ်ရေးသားလေ့ရှိသည်။

၂၀၂၂ ဇွန်လအတွင်းက လူ ၈ ဦးကို လောက်ကိုင် ဖူလီလိုက်ဟိုတယ်ဝင်းထဲတွင် စစ်ကောင်စီ ရဲယူနီဖောင်းဝတ်များက စိတ်ကြိုက်ရိုက်နှက်နေပုံနှင့် ကျားဖြန့်အကြောင်းကို ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့သည်။ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း ဖူလီလိုက်သည် လောက်ကိုင်တွင် အကြီးဆုံးလောင်းကစားလုပ်ငန်းအုပ်စုဖြစ်ပြီး ကိုယ်ပိုင်လက်နက်ကိုင်တပ်များဖွဲ့ကာ လည်ပတ်နေသည်ဟု ဆိုသည်။

ခေတ်သစ်သတင်းဌာနဆီ ပေါက်ကြားလာသည့် ဖူလီလိုက်ဟိုတယ်ဝင်းထဲတွင် စစ်ကောင်စီယူနီဖောင်းဝတ် ရဲများက လူ ၈ ဦးကို ရိုက်နှက်နေသည့် ရုပ်သံမှ Screenshot။

“လီ” ညီအကိုတို့ကို ခြေရာခံခြင်း

ကိုးကန့်သူဌေး ၁၁ ဦး ဖမ်းခံရသည့်သတင်းအပြီး “လီ” ညီအကိုတို့ လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။ ၎င်းတို့ကို နောက်ဆုံးတွေ့ရသည်က စက်တင်ဘာ ၂၇ နှင့် ၃၀ တို့တွင် ဖြစ်သည်။

ဦးမောင်မောင် တရုတ်ပြည်သို့ မသွားခင် ရက်ပိုင်းအလို စက်တင်ဘာလ (၂၇) ရက်နေ့က လောက်ကိုင် ကျင်းရှန်ချိန်ဂေါက်ကွင်းတွင် ဖူလီလိုက် ၃၁ နှစ်ပြည့် ဂေါက်ရိုက်ပွဲ ကျင်းပခဲ့သည်။ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ စစ်ကောင်စီခန့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့နှင့်အတူ ဂေါက်ရိုက်ကစားခဲ့သည်။

ဖူလီလိုက်ဥက္ကဋ္ဌ ဦးလီကျိန်းချန်ကိုမူ စက်တင်ဘာ ၃၀ တွင် ပြုလုပ်သည့် ဒေသဆိုင်ရာ မီးသတ်စခန်းဖွင့်ပွဲတစ်ခုတွင် နောက်ဆုံးတွေ့ရသည်။

ထိုနေ့များ၏ နောက်ပိုင်းမှစတင်ပြီး ကိုးကန့်သတင်းဌာနများတွင် ၎င်းတို့ညီအကိုနှစ်ဦးအကြောင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

အောက်တိုဘာလ ၅ ရက်နေ့က ကိုးကန့်အရာရှိများ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသော်လည်း ကုန်းကြမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးမောင်မောင် အစည်းအဝေးသို့ ရောက်ရှိမလာခဲ့။ ထိုအစည်းအဝေးကို စစ်ကောင်စီခန့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဦးဆောင်ခဲ့သည်။

စစ်ကောင်စီခန့် ကိုးကန့်ဥက္ကဋ္ဌ ဦးမြင့်ဆွေသည်လည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ပြီး နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသူဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်က နေပြည်တော် ပြည်ခိုင်ဖြိုးရုံးသို့ သွားပြီး ဦးမောင်မောင်နှင့်အတူ ရခိုင်မှ မိုခါမုန်တိုင်းသင့် ပါတီဝင်များအတွက် သိန်း ၁,၀၀၀ လှူခဲ့သေးသည်။

တရုတ်နယ်စပ်မှ ‘ဝ’ တပ်ဖွဲ့များက ရာနှင့်ချီသော ကျားဖြန့်သံသယရှိသူများကို ၎င်းတို့ထိန်းချုပ်နယ်မြေတွင် ဖမ်းဆီးကာ ၂၀၂၃ စက်တင်ဘာ ၆ နှင့် ၇ ရက်များအတွင်းက တရုတ်အစိုးရထံ အပ်ခဲ့ရသည်။ (ဓာတ်ပုံ – WSTV)

ကိုးကန့်ဥက္ကဋ္ဌသည် သူ၏စီရင်စုတွင် အခြေချနေသည့် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းရန် တရုတ်အစိုးရ၏ ကြီးမားသော ဖိအားကို ရင်ဆိုင်ခဲ့ရသည်။

တရုတ်သတင်းဌာနတစ်ခု၏ အဆိုအရ ကိုးကန့်အရာရှိများသည် စက်တင်ဘာ ၆ ရက်နေ့က “တယ်လီကွန်းလိမ်လည်မှုနှင့် ဆက်စပ်ပြစ်မှုများကို နှိမ်နင်းရန် အထူးအစည်းအဝေး” တစ်ခုကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အစည်းအဝေးတွင် ကျားဖြန့်ပြဿနာတွင် ပါဝင်သူများကို “လုံးဝကာကွယ်ပေးမှာမဟုတ်” ကြောင်း စစ်ကောင်စီခန့် ကိုးကန့်ဥက္ကဋ္ဌက အာမခံချက်ပေးခဲ့ရသည်ဟုလည်း တရုတ်သတင်းဌာနက ဆိုသည်။

နောက်နှစ်ရက်အကြာ စက်တင်ဘာ ၈ ရက်တွင် ကိုးကန့်ဥက္ကဋ္ဌက နေပြည်တော်မှ ခန့်သည့် ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများကို ခေါ်ကာ ကျားဖြန့်ပြဿနာဖြေရှင်းဖို့က “အရေးတကြီးလိုအပ်မှု” ဟု ပြောကြားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းမည်ဟု ရှင်းပြခဲ့သည်ဟု ကိုးကန့်သတင်းဌာနက ရေးသားသည်။

လောက်ကိုင်တွင် ထိုပြဿနာများဖြစ်နေချိန်တွင် ဦးမောင်မောင်သည် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုယ်စားပြုပြီး 2023 ASEAN YOUTH SUMMIT တက်ရန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ ရောက်နေခဲ့သည်။

ထို့နောက် သတင်း ၃ ပတ်ခန့်အကြာတွင် ဦးမောင်မောင်ဖမ်းဆီးခံရသည့်သတင်း ထွက်လာခြင်းဖြစ်သည်။ ဦးမောင်မောင်အပါအဝင် ကိုးကန့်သူဌေး ၁၁ ဦးကို တရုတ်ဘက်က ဖမ်းလိုက်သည့်သတင်းကို ပါဝင်ပတ်သတ်နေသူအားလုံးက နှုတ်ဆိတ်နေကြသည်။

Myanmar Now က ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်မြို့မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ပြည်ခိုင်ဖြိုးပါတီ အစရှိသည်တို့ကို ဆက်သွယ်ရာ ဖုန်းဆက်ပိတ်ထားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း စသည်တို့သာ ကြုံတွေ့ခဲ့ရသည်။

ဖူလီလိုက်လုပ်ငန်းစုများ၏ ဖုန်းနံပါတ်များသည်လည်း ထိုနည်းလည်းကောင်း စက်ပိတ်၊ ဖုန်းမကိုင်ကြ။

စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် Myanmar Now က အဆက်အသွယ်ရခဲ့သော်လည်း ထိုဖြစ်ရပ်အတွက် သူသေချာစွာမသိရှိဘဲ လေ့လာနေဆဲဟု အကြောင်းပြန်သည်။ ကျန်းမာရေးအရ ခွင့်ယူထားသည့်အတွက် လာမည့် တနင်္လာနေ့ (အောက်တိုဘာ ၉) ရုံးတက်ချိန်တွင် ထိုဖြစ်ရပ်ကို လေ့လာမည်ဟု ၎င်းက ဆိုသည်။

အလားတူ သတင်းဌာနများကို ဖြေကြားလေ့ရှိသည့် ပြည်ခိုင်ဖြိုးအလယ်အလတ်ခေါင်းဆောင် ဦးနန္ဒာလှမြင့်ကလည်း Myanmar Now က မေးမြန်းလိုသည့် ဖြစ်ရပ်ကို နားထောင်ပြီးနောက် သူ့တွင် ပြောရေးဆိုခွင့်မရှိဟု တယ်လီဖုန်းအင်တာဗျူးတွင် တုံ့ပြန်သည်။

တရုတ်နိုင်ငံသားများကို လူကုန်ကူးခြင်း၊ ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းအလုပ်ခိုင်းစေခြင်း၊ တရုတ်တို့ကို ဦးတည်လိမ်လည်ခြင်း အစရှိသည့် တိုင်ကြားမှုများကြောင့် တရုတ်အစိုးရ၏ ဒေါသက ကျားဖြန့်ဂိုဏ်းများဆီ ပုံအောရောက်ရှိနေသည်။ လောင်းကစားမြို့တော် လောက်ကိုင်အခြေစိုက် သူဌေးကြီးများဖမ်းခံရချိန်တွင် ကျားဖြန့်နှင့် ပတ်သက်ခြင်းရှိမရှိ မသိနိုင်သလို သူတို့အကြောင်းကို မည်သူမျှ အသံကျယ်ကျယ် မထွက်ရဲကြ။

“(ကိုးကန့်စီးပွားရေးသမားတွေ) အကုန်ကြောက်နေကြတယ်။ ရှောင်နေကြတယ်” ဟု Myanmar Now က မေးမြန်းသည့် ရှမ်းမြောက်အခြေစိုက် စီးပွားရေးသမားတစ်ဦးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button