အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖရူဆိုလူသတ်ပွဲ တာဝန်ရှိသူဟု စွပ်စွဲခံရသည့် စစ်ဗိုလ်ချုပ်တဦး ရဲချုပ်ဖြစ်လာ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကရင်နီဒေသ ဖရူဆိုမြို့နယ် မိုဆို​​ကျေးရွာအနီး အရပ်သား ၃၅ယောက်ကို အစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့ရာတွင် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည့် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်အား ရဲချုပ်အသစ်အဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက ယနေ့တွင် ကြေညာလိုက်သည်။

စစ်ကောင်စီ၏ ရဲချုပ်သစ်ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင် တိုင်းမှူးဖြစ်ခဲ့သူဖြစ်ပြီး တိုင်းမှူးဘဝတွင် ကရင်နီစစ်ဆင်ရေးများကို ဦးဆောင်သူဖြစ်သည်။  ဖရူဆိုလူသတ်ပွဲကြောင့် သူ့အားဥရောပသမဂ္ဂက ပြီးခဲ့သည့်နှစ်အတွင်းက ဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းတွင်သွင်းခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် လွန်ခဲ့သော ၁ နှစ်ကျော်ကမှ ရဲချုပ်ရာထူးရခဲ့သည့် ဗိုလ်ချုပ်ဇင်မင်းထက် နေရာတွင် အစားထိုးဝင်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီပြည်ထဲရေး ဒုဝန်ကြီးတာဝန်လည်း ယူမည်ဖြစ်သည်။

ရဲချုပ်ရာထူး အပြောင်းအလဲသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ၂ နှစ်ခွဲခန့် ကာလအတွင်း ၄ ကြိမ်မြောက် ရဲချုပ် အပြောင်းအလဲလည်းဖြစ်သည်။စစ်ကောင်စီသည် အာဏာသိမ်းသည့်နေ့တွင် NLD အစိုးရလက်ထက်က ရဲချုပ် ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား ရဲချုပ်ရာထူးမှ ဖယ်ရှားခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ရဲချုပ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်မှုကို ရခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ရဲချုပ်ဖြစ်လာပြီးနောက် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့သူ ဖြစ်လာခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ရဲချုပ်ဘဝတွင် အရပ်သားပြည်သူများအပေါ်  အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူဟုဆိုကာ အမေရိကန်အစိုးရက ၂၀၂၁  မတ်လအတွင်း ဒဏ်ခတ်အရေးယူခဲ့သည်။ 

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရဲချုပ်ရာထူးခန့်ပြီး ၁၀ လ အကြာတွင် မူလစစ်ဘက်တာဝန် ထမ်းဆောင်စေသည်ဟုဆိုကာ ရဲချုပ်ရာထူးမှ ဖယ်ရှားပြီး ဗိုလ်ချုပ်ဇင်မင်းထက်နှင့် အစားထိုးလိုက်သည်။ စစ်ကောင်စီလက်ထက် တတိယမြောက် ရဲချုပ်ဖြစ်သည့် ဗိုလ်ချုပ်ဇင်မင်းထက်သည်လည်း ရဲချုပ်ရာထူးတွင် ၁ နှစ်နှင့်၂လ သာကြာခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးဇော်မင်းကို ဖယ်ရှားပြီး စစ်တပ်မှ အရာရှိတစ်ဦးနှင့် အစားထိုးခဲ့သေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button