
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ်အနိုင်ရခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီဟု စစ်ကောင်စီခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်အသစ်က ယနေ့ (ဖေဖော်ဝါရီ ၂၆) ထုတ်ဖော်ပြောကြားလိုက်သည်။
နိုင်ငံရေးပါတီများနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် စစ်ကောင်စီ၏ ကော်မရှင်ဥက္ကဋ္ဌသစ်ဖြစ်သူ ဦးသိန်းစိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စစ်ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ကာ အရပ်သားအသွင် အာဏာရယူခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး အငြိမ်းစားစစ်ဥပဒေချုပ်လည်းဖြစ်သည်။
“အခု နိုင်ငံတော်အာဏာအရပ်ရပ်ကို တပ်မတော်က ရထားပြီဖြစ်တဲ့အတွက် အရင်လွှတ်တော်တွေရယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်က ပျက်ပြယ်သွားပြီဆိုတာကို သူ (ဦးသိန်းစိုး)က အခိုင်အမာပြောပါတယ်ခင်ဗျ” ဟု ယနေ့တွေ့ဆုံပွဲတက်ရောက်ခဲ့သူ မြန်မာအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောသည်။
ယနေ့တွေ့ဆုံပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း ပါဝင်ဆွေးနွေးခဲ့ခြင်း မရှိဟု သိရသည်။
သို့သော် ပြည်ခိုင်ဖြိုးနှင့် ပူးတွဲကြေညာချက်များထုတ်လေ့ရှိသည့် နိုင်ငံရေးပါတီအချို့ကမူ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်ခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် NLD ပါတီကို အပြီးတိုင်ဖျက်သိမ်းရန်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တင်ပြပေးရန် ဦးသိန်းစိုးထံ တင်ပြခဲ့ကြသည်ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
“ပါတီလေးငါးခုလောက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်ဆီ တင်ပြပေးဖို့ ပြောတယ်။ တင်ပြချက်တွေထဲမှာ ဥက္ကဋ္ဌ (ဦးသိန်းစိုး)က ပြန်တင်ပြပေးမယ်လို့ပြောတာက တရားဥပဒေစိုးမိုးရေး တင်းတင်းကျပ်ကျပ်လုပ်ဖို့၊ ရွေးကောက်ပွဲဥပဒေမှာ ပြင်ဆင်ချင်တဲ့ကိစ္စအချို့ အဲဒီနှစ်ချက်ပဲ ဖြစ်ပါတယ်” ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသည့် ပထမဆုံးအကြိမ်တွေ့ဆုံပွဲ မတက်ရောက်သည့် ပါတီများကို အရေးယူရန် တိုက်တွန်းသူများရှိသော်လည်း ဦးသိန်းစိုးက အဆိုပါကိစ္စအပေါ် အထူးတလည် ပြန်လည်ဆွေးနွေးခြင်းမပြုခဲ့ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။
ယနေ့တွေ့ဆုံပွဲသို့ တရားဝင်မှတ်ပုံတင်ထားသည့်ပါတီ ၉၈ ပါတီရှိသည့်အနက် ၅၃ ပါတီ တက်ရောက်ပြီး ၃၈ ပါတီ ပျက်ကွက်ကြောင်း အမည်မဖော်လိုသူ ကော်မရှင်အရာထမ်းတစ်ဦးက အတည်ပြုသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အချို့ အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီအချို့နှင့် ကျန်ပါတီအများစုမှာ တစ်နေရာမှ အနိုင်မရခဲ့သည့် ပါတီများဖြစ်သည်။
တွေ့ဆုံပွဲမတက်သည့် ပါတီများတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရခဲ့သည့် NLD၊ ရှမ်းပြည်နယ်တွင် နေရာအများအပြားအနိုင်ရထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီး၏ ပြည်သူ့ပါတီကဲ့သို့သော နိုင်ငံရေးအစဉ်အလာရှိပါတီများပါဝင်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံအနှံ့ သန်းနှင့်ချီသော ပြည်သူလူထုက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်စနစ်ကို နေ့စဉ်ရက်ဆက် ဆန့်ကျင်ကန့်ကွက်လျက်ရှိပြီး ‘၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်’၊ ‘မိမိတို့ မဲပေးရွေးချယ်ထားသူများကို အစိုးရဟု သတ်မှတ်ကြောင်း’၊ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုသာ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။