သတင်း

ကျားဖြန့်မီးပွား ကြံ့ခိုင်ရေးပါတီထံ ကူးစက်

ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းနှင့် အမတ်ဟောင်း အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်ကို ကျားဖြန့်သံသယဖြင့် စစ်ကောင်စီက ယနေ့နံနက်ပိုင်းက ဖမ်းဆီးစစ်ဆေးနေသည်။

စစ်ဗိုလ်ချုပ်ဟောင်းများ၏ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးမြင့်လှိုင်ကို စစ်ကောင်စီက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ကြောင်း သံသယဖြင့် ယနေ့နံနက်ပိုင်းက ဖမ်းဆီးစစ်ဆေးနေကြောင်း နေပြည်တော်သတင်းအရင်းအမြစ်များထံမှ သိရသည်။

တရုတ်အစိုးရကလည်း ၎င်းတို့နိုင်ငံနှင့်နယ်စပ် မြန်မာဘက်ခြမ်း ကိုးကန့်/လောက်ကိုင်ဒေသမှ ဒေသတွင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များကို ကျားဖြန့်သံသယဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာမှစတင်ပြီး ဖမ်းဆီးခဲ့ရာ ဦးမြင့်လှိုင်သည် ကျားဖြန့်သံသယဖြင့် ဖမ်းခံရသည့် ကြံ့ခိုင်ရေးပါတီ၏ အဆင့်အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတစ်ခုတွင် တွေ့ရသည့် ဦးမြင့်လှိုင် (ဓာတ်ပုံ – ကြံ့ခိုင်ရေး)

အဆိုပါဖမ်းဆီးမှုသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ တွေ့ဆုံအပြီး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း နေပြည်တော်သတင်းအရင်းအမြစ်များက ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်လအတွင်းကလည်း တရုတ်တောင်းဆိုမှုကြောင့် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခဲ့သေးသည်။

ကြံ့ခိုင်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးကလည်း ဦးမြင့်လှိုင် ဖမ်းဆီးခံရသည်ဟု သိရကြောင်း Myanmar Now ကို ပြောသည်။

“အဖမ်းခံရတာ တပည့်တွေပြောနေတာတော့ ကြားတယ်” ဟု သူက ပြောသည်။

ခရီးသွားနေသဖြင့် ရုံးကို မေးမြန်းခြင်းမပြုရသေးဟုဆိုကာ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဦးမြင့်လှိုင်၏ လက်ကိုင်ဖုန်းမှာ စက်ပိတ်ထားသည်။ ပါတီ၏ အခြားထိပ်ပိုင်းခေါင်းဆောင်များထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေဆိုကြခြင်းမရှိပေ။

ဦးမြင့်လှိုင်နေထိုင်သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေနှင်းဆီလမ်းရှိ နေအိမ်သည် ယနေ့နံနက်ပိုင်းမှစတင်ပြီး လူအဝင်အထွက် မတွေ့ရဘဲ တိတ်ဆိတ်နေကြောင်း နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။

ဦးမြင့်လှိုင် ဘယ်သူလဲ

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည့် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းအရာရှိဟောင်း ဦးမြင့်လှိုင်သည် စစ်အုပ်စုကို လိုလားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပြိုင်ဘက်နိုင်ငံရေးအင်အားစုများအပေါ် သဘောထားတင်းမာသူအဖြစ် လူသိများသည်။

သူသည် စစ်တပ်ထဲတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးရခဲ့ပြီး NLD မပါသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာသည်။

ထို့နောက် ဦးသိန်းစိန်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဖြစ်လာခဲ့သည်။

ဝန်ကြီးရာထူးရချိန် ၂၀၁၃ ဇန်နဝါရီလအတွင်း ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှ လယ်သမားများကို အစိုးရထံမှ ချေးယူထားသည့် အကြွေးကို ပြန်ဆပ်ရန် “ထမင်းတစ်နပ်လျှော့စားကြ” ဟု တိုက်တွန်းသဖြင့် “တစ်နပ်စားမြင့်လှိုင်” ဟု ကင်ပွန်းတပ်ခံခဲ့ရသည်။

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်နှင့် ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီ တာဝန်ခံအဖြစ် ဆက်ရှိနေခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲဝင် ဦးမြင့်လှိုင်နှင့် ကြံ့ခိုင်ရေးထိပ်ပိုင်းခေါင်းဆောင်များ (ဂရပ်ဖစ်ဒီဇိုင်း – မိုးထက်လျှမ်း/Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သည့် စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ဦးမြင့်လှိုင်သည် စစ်တပ်အတွက် ကြံ့ခိုင်ရေးပါတီဝင်များ အလုပ်လုပ်ပေးကြရန် မကြာခဏထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဒက္ခိဏသီရိမြို့နယ်ပါတီရုံးတွင် လက်နက်တပ်ဆင်ပေးအပ်ပွဲဟု ခေါင်းစဉ်တပ်ကာ ပါတီဝင်များကို စုစည်းပြီး ဦးမြင့်လှိုင်က ဝါးရင်းတုတ်နှင့် ဝါးချွန်များ ထုတ်ပေးခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ပါတီက ဖိအားပေးသဖြင့် ဦးမြင့်လှိုင် နုတ်ထွက်ခဲ့သည်။

သို့သော်လည်း ကြံ့ခိုင်ရေးပါတီမှ ဦးမြင့်လှိုင်နုတ်ထွက်မှုမှာ ဟန်ပြသာဖြစ်ပြီး ပါတီ၏အရေးကြီးအစည်းအဝေးများတွင် သူ့ကို တွေ့နေရဆဲဖြစ်ကြောင်း နေပြည်တော် ပါတီဌာနချုပ်ကို အဝင်အထွက်ရှိသည့် သတင်းအရင်းအမြစ်က ဆိုသည်။

 ဦးမြင့်လှိုင်နှင့် လောက်ကိုင်၊ လောက်ကိုင်နှင့် ကျားဖြန့်

ဦးမြင့်လှိုင်သည် စစ်တပ်ထဲ ရှိနေစဉ် စစ်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) နှင့် စစ်အုပ်စုကို သစ္စာခံသည့် ကိုးကန့်ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များကို ကြီးကြပ်ရသည်။

ထိုကာလတွင် ဦးမြင့်လှိုင်သည် လောက်ကိုင်မြို့မှ ဦးပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်သူဌေးများ၊ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းရှိခဲ့သူဖြစ်သည်ဟု သိရသည်။

စစ်တပ်မှ ထွက်ပြီး ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဖြစ်လာချိန်တွင်လည်း လောက်ကိုင်နှင့် ကိုးကန့်ကို အစဉ်အဆက်အုပ်စိုးခွင့်ရခဲ့သည့် ဦးပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်ခေါင်းဆောင်များနှင့် အစဉ်မပြတ်ဆက်ဆံရေးရှိခဲ့သည်။

ဦးမြင့်လှိုင်ဖမ်းခံရမှုက ကိုးကန့်/လောက်ကိုင် ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်ပြီး သူသည် အဆိုပါ ဖြစ်ရပ်အတွက် နေပြည်တော်သတင်းရပ်ကွက်တွင် ထင်ရှားသူဖြစ်ကြောင်း အငြိမ်းစားစစ်တပ်အရာရှိတစ်ဦးက ပြောသည်။

“သူက လောက်ကိုင်ကိစ္စမှာ နာမည်ကြီးပါတယ်ခင်ဗျ” ဟု စစ်ကောင်စီကို စိတ်ပျက်နေသည့် အဆိုပါ စစ်တပ်အရာရှိဟောင်းက ဆိုသည်။

ဦးပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်/လောက်ကိုင်မှ သူဌေးကြီးများ၊ ကြံ့ခိုင်ရေးအမတ်များနှင့် နယ်ခြားစောင့်တပ်ခေါင်းဆောင်များကို ကျားဖြန့်အွန်လိုင်းလိမ်လည်မှု၏ အဓိကတရားခံများဟု သံသယရှိကြောင်း တရုတ်က စွပ်စွဲကာ ဖမ်းဆီးထားသည်။

တရုတ်လက်ထဲရောက် ကြံ့ခိုင်ရေးအမတ်များ

ကျားဖြန့်သံသယဖြင့် တရုတ်လက်ထဲ ရောက်နေသည့် ကြံ့ခိုင်ရေးအမတ် အနည်းဆုံး ၄ ဦးထက်မနည်း ရှိနေသည်။

ပထမဆုံးဖမ်းခံရသူမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးအမတ် ဦးမောင်မောင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် တရုတ်အစိုးရက ဦးမောင်မောင်နှင့် လောက်ကိုင်မြို့အခြေစိုက် ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးနှင့်အတူ မြန်မာနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် တရုတ်ပြည် ယူနန်ပြည်နယ် လင်ချန်းမြို့တွင် ပြုလုပ်သည့် ကုန်သွယ်ရေးပြပွဲတစ်ခုသို့ ဖိတ်ခေါ်ပြီးနောက် ဖမ်းဆီးခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲဝင် ကိုးကန့်ကြံ့ခိုင်ရေးအမတ်များနှင့် ကျားဖြန့်အဆက်အစပ်

၂၀၁၀ မှ ၂၀၁၅ အထိ ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ပြည်နယ်အမတ်ဖြစ်ခဲ့သည့် ဦးမြီရှောက်ချန်းကို ထိုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီက ကျားဖြန့်သံသယဖြင့် လောက်ကိုင်တွင် ဖမ်းဆီးပြီး တရုတ်ဘက်ပို့ရန် ကြိုးစားခဲ့သည်။

အဆိုပါ ပြည်နယ်အမတ်ဟောင်းသည် ထိုနေ့က အဖမ်းမခံဘဲ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကြံ့ခိုင်ရေးပါတီအမတ်သည် တရုတ်နိုင်ငံသားဖြစ်ကြောင်းလည်း စစ်တပ်က ဝန်ခံခဲ့သည်။

ထို့နောက် ထိပ်တန်း ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် လက်နက်ကိုင်ခေါင်းဆောင်များဖြစ်ကြသည့် ဦးပယ်ဆောက်ချိန် (၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးအမတ်) နှင့် ဦးဝေဆန်း (၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးအမတ်) တို့ကိုလည်း တရုတ်က ကျားဖြန့်ခေါင်းဆောင်များအဖြစ် သံသယရှိကြောင်း ဖမ်းဝရမ်းထုတ်ခဲ့သည်။

၎င်းတို့နှစ်ဦးအပါအဝင် နေပြည်တော်တွင် ခိုလှုံခွင့်ရခဲ့သည့် ကျားဖြန့်သံသယဖြင့် တရုတ်က အလိုရှိနေသူ ၁၀ ဦးကို စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်လေဆိပ်မှတစ်ဆင့် တရုတ်လက်အပ်ခဲ့သည်။

လတ်တလော ထိန်းသိမ်းခံလိုက်ရသည့် ကြံ့ခိုင်ရေးအမတ်ဟောင်းနှင့် စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်လှိုင် တရုတ်လက်ရောက်ရန် အလားအလာရှိမရှိ မသိရသေးပေ။

Show More

Related Articles

Back to top button