
ကရင်ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုများဖြင့် စွပ်စွဲခံထားရသည့် မလေးရှား ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးဟောင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။
Dato’ Dr Mashitah Ibrahim သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံရန် အကြောင်းပြချက်ဖြင့် ထိုသို့ ရောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း မလေးရှားအခြေစိုက် The Star ၏ ယနေ့ (စက်တင်ဘာ ၄) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
Dato’ Dr Mashitah Ibrahim ကို လူကုန်ကူးမှုသံသယဖြင့် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေသည်ဟု မလေးရှား ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန ဒါရိုက်တာ Mohd Shuhaily Mohd Zain က ဆိုသည်။
“စုံစမ်းစစ်ဆေးချက်တွေအရ Dr Mashitah ဟာ မြဝတီမြို့မှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်ဆိုတာ ဖော်ပြနေပါတယ်” ဟု Mohd Shuhaily Mohd Zain က ပြောသည်။
မြန်မာနိုင်ငံအတွင်း မလေးရှားလူမျိုးများပါဝင်သည့် လူကုန်ကူးမှု စွပ်စွဲချက်များအတွက် စုံစမ်းစစ်ဆေးမှုပြီးမြောက်ရန် အချက်အလက်များ စုဆောင်းနေသည်ဟုလည်း ၎င်းက ပြောသည်။
မြဝတီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေတွင် အကောင်ထည်ဖော်ထားသည့် ရထိုက်ကုမ္ပဏီ၏ စီမံကိန်း၊ Dongmei Park စီမံကိန်းများတွင် Dr Mashitahအပါဝင် မလေးရှားနိုင်ငံသားတချို့ ပါဝင်ပတ်သက်နေကြောင်း သုတေသနအဖွဲ့ Justice For Myanmar (JFM) က ယခုနှစ်မေလကုန်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၃လအကြာတွင် Dr Mashitah နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar တို့ကို မလေးရှားရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့က စုံစမ်းစစ်ဆေးနေကြောင်း မလေးရှားနိုင်ငံအခြေစိုက် သတင်းများက ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် Tan Sri Razarudin Husain က စွပ်စွဲခံရသူနှစ်ဦး၏ ထွက်ဆိုချက်များကို ဇူလိုင်လကတည်းက ရယူထားပြီဖြစ်ကြောင်း၊ သက်သေများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ဒုဝန်ကြီးဟောင်း Dr Mashitah သည် United Malays National Organisation (UMNO) ပါတီ၏ အမတ်ဟောင်းလည်းဖြစ်သည်။ သူ၏ ခင်ပွန်းသည်မှာလည်း သံအမတ်ဟောင်းတစ်ဦးဖြစ်သည်။
တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုကြောင်း Dr Mashitah က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
၂၀၂၀ ပြည့်နှစ်အတွင်း ကရင်ပြည်နယ် Dongmei Park သို့ အလည်အပတ် သွားခဲ့သည့်ခရီးစဉ်နှင့် ပတ်သက်၍ စွပ်စွဲခံရခြင်းဖြစ်ကြောင်း၊ ထိုစဉ်က ၎င်း၏ မိတ်ဆွေတစ်ဦး၏ ဖိတ်ကြားချက်အရ သွားခဲ့ခြင်းဖြစ်ကာ ဓာတ်ပုံရိုက်ရန် ခေါ်သဖြင့်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ဒုဝန်ကြီးဟောင်းက ပြန်လည်ဖြေရှင်းထားသည်။
Dongmei Park သည် ကရင်ပြည်နယ် လေ့ကေ့ကော်မြို့သစ်အနီးတွင် တည်ရှိသည်။ ထိုစီမံကိန်းကို စစ်ဝတ်စုံဝတ်ဆင်လက်နက်ကိုင်ထားသူများ လုံခြုံရေးယူပေးထားသည်။
ထိုနေရာသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုအပါဝင် တရားမဝင်လုပ်ငန်းများကို ပေါ်ပေါ်တင်တင်လုပ်ကိုင်နေသည့် နေရာတစ်ခုလည်းဖြစ်ပြီး ပြည့်တန်ဆာလုပ်ငန်းများလည်း တွင်တွင်ကျယ်ကျယ်လုပ်နေသည်ဟု JFMက ဆိုသည်။
Dongmei Park စီမံကိန်းကို ဟောင်ကောင်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် Dongmei Groupကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ မလေးရှားအစိုးရက အလိုရှိနေသူတစ်ဦးဖြစ်သည့် Wan Kuok-koi (ခ) သွားကျိုးဆိုသူ ဦးစီးခဲ့သည့် လုပ်ငန်းဖြစ်သည်။
ထိုစီမံကိန်းတွင် ဒုဝန်ကြီးဟောင်းတို့လင်မယားအပြင် Yong Mun Hong, Dato Sri Liong Kee Huat ဆိုသူတို့နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ကြသည်ဟု JFMက ဆိုသည်။
Dr Mashitah ပါဝင်ပတ်သက်နေသည့် ရထိုက်ကုမ္ပဏီသည် မြဝတီ၊ ရွှေကုက္ကိုမြို့သစ် စီမံကိန်းလုပ်ပိုင်ခွင့်ရ ကုမ္ပဏီတစ်ခုဖြစ်ပြီး BGFနှင့် အကျိုးတူ လုပ်ငန်း လုပ်ကိုင်နေသည်။ ထိုစီမံကိန်း၌ မြောက်မြားစွာသော ငွေလိမ်ဂိုဏ်းများ လည်ပတ်နေပြီး ကုမ္ပဏီနှင့် BGFတို့ကလည်း ထိုလုပ်ငန်းများထံမှ အကျိုးအမြတ်များစွာရရှိနေသည်။
မြန်မာ-တရုတ်နယ်စပ်မှ ငွေလိမ်ဂိုဏ်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်ကြောင့် အခြားဒေသများသို့ ထွက်ပြေးနေကြရာ အများအပြားမှာ ကရင်ပြည်နယ်သို့ ပြောင်းရွှေ့လုပ်ကိုင်နေကြသည်။
ကျားဖြန့်ဟု ခေါ်ကြသည့် ငွေလိမ်ဂိုဏ်းများသည် နိုင်ငံတကာမှ အလုပ်အကိုင် ရှာဖွေသူများကို မက်လုံးပေး လိမ်ညာ ခေါ်ယူကာ ကျွန်ပြုခိုင်းစေနေကြခြင်း ဖြစ်သည်။
နိုင်ငံတကာ အစိုးရများက ၎င်းတို့၏ နိုင်ငံသားများကို ကျားဖြန့် ခေါ် အဆိုပါငွေလိမ်ဂိုဏ်းများအကြောင်း အသိပေးထားသလို မြန်မာနယ်စပ်တလျှောက် ဖမ်းဆီးကျွန်ပြုမှုခံနေရသူများ လွတ်မြောက်ရေး ကြိုးပမ်းနေကြသည်။