လောင်းကစား၊ ငွေလိမ်လုပ်ငန်းများကြောင့် နာမည်ပျက်နေသည့် တရုတ်လူမျိုးလုပ်ငန်းရှင် ရှီကျင်ကျန်း ဘေးကင်းရန်နှင့် ကျန်းမာရန် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ၎င်း၏ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုတွင် လူရာနှင့်ချီ ပါဝင်သည့် အခမ်းအနားပြုလုပ်ပြီး ဆုတောင်းပေးခဲ့ကြသည်။
ရှီကျင်ကျန်းသည် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူဖြစ်ပြီး လူကုန်ကူးမှု၊ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းများကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံထားရသူဖြစ်သည်။
ထိုသူအတွက် ဆုတောင်းပွဲ ခမ်းခမ်းနားနားကျင်းပပုံကို Mar Htu Rah – မာထူရာ အမည် Facebook စာမျက်နှာတွင် ယမန်နေ့ (ဩဂုတ်လ ၁၁) တွင် ထုတ်လွှင့်ခဲ့သည်။
ဆုတောင်းပွဲ တက်ရောက်လာသူများသည် “မစ္စတာ She Zhijiang အတွက် ဆုတောင်းမေတ္တာပို့သပွဲ” ဟု တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် တူညီဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုသူအတွက် ဆုတောင်းမေတ္တာပို့ခြင်း၊ ဆုတောင်းစာရေးခြင်း၊ ခိုဖြူများလွှတ်ခြင်း၊ သံဃာတချို့ကိုပါ အလှူငွေများ လှူဒါန်းခြင်း စသည့် အစီအစဉ်များ ပါဝင်သည်။
တရုတ်−မြန်မာ နှစ်ဘာသာဖြင့် ရွှေကုက္ကိုမြို့သို့ ရှီကျင်ကျန်း အမြန်ပြန်လာနိုင်ရန်၊ ဘေးကင်းပြီး ကျန်းမာရန်နှင့် အရာရာအဆင်ပြေရန် ရေးသားထားသည့် စာတန်းများကိုလည်း ဆုတောင်းပွဲကျင်းပသည့် စင်ပေါ်တွင် ချိတ်ဆွဲထားကြသည်။
ရှီးကျင်ကျန်းသည် စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ရွှေကုက္ကိုဒေသတွင် မြို့သစ်စီမံကိန်းတည်ဆောက်ခဲ့သူဖြစ်သည်။ ယင်းနောက် များစွာသော လူကုန်ကူးမှုကို ကျူးလွန်သူ၊ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သူဟု ယုံကြည်ရသည်။
သူ၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် တရုတ်အစိုးရက အလိုရှိနေသူတစ်ဦးဖြစ်ပြီး ရာဇဝတ်ဂိုဏ်းများနှင့်လည်း ပတ်သက်မှုရှိနေသောကြောင့် နိုင်ငံတကာရဲတပ်ဖွဲ့က အနီရောင် (အန္တရာယ်ရှိသူ) အဆင့် သတ်မှတ်ခံထားရသူဖြစ်သည်။
၂၀၂၂ ခုနှစ် သြဂုတ် ၁၀ တွင် ထိုင်းရဲတပ်ဖွဲ့က ရှီးကျင်ကျန်းကို အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ယခုနှစ် မေလကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ရှီးကျင်ကျန်းက အယူခံတင်ကာ တရုတ်သို့ အပို့မခံရရန် ကြိုးပမ်းလျက်ရှိသည်။
ထိုပုဂ္ဂိုလ် အရာရာဘေးကင်းအဆင်ပြေစေရေး ဆုတောင်းပွဲလုပ်ခဲ့ကြသည့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် လက်နက်ကိုင်တပ်က ၎င်းတို့ဘာသာ ကရင်အမျိုးသားတပ် (KNA) အဖြစ် အမည်ပြောင်းထားသော်လည်း နယ်ခြားစောင့်တပ် (BGF) အဆောင်အယောင်များ ဆက်လက်သုံးစွဲလျက်ရှိသည်ကိုလည်း တွေ့ရသည်။
ထိုဆုတောင်းပွဲနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရေးအတွက် ဗိုလ်မှူးကြီးစောချစ်သူနှင့် BGF ပြောခွင့်ရအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်တို့ကို မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။
နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်တွင် ဆက်လက်ကြီးထွားနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားအပါအဝင် တရားမဝင်လုပ်ငန်းများကို BGF ခေါင်းဆောင်များနှင့် မိသားစုဝင်များ ပါဝင်ဆက်နွှယ်နေကာ အကျိုးအမြတ်များ ရရှိနေကြောင်း နိုင်ငံတကာသုတေသနအဖွဲ့များက ဧပြီနှင့် မေလတို့တွင် စုံစမ်းဖော်ထုတ်ထားကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ အုံလိုက်ကျင်းလိုက် လုပ်ကိုင်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ ယမန်နှစ် နှစ်ကုန်ပိုင်းက အကြီးအကျယ် ဖမ်းဆီးခံရသောအခါ BGF ထိန်းချုပ်ရာ မြဝတီနှင့် ရွှေကုက္ကိုမြို့သို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့လုပ်ကိုင်လာကြသည်။
၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကြီးထွားနေသော ကာစီနို၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကာကွယ်ပေးနေခြင်းဖြင့် BGF သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း ရရှိနေသည်ဟု အမေရိကန်အခြေစိုက် United States Institute of Peace (USIP) ၏ ဧပြီလ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
BGF ရရှိနေသော ဘီလီယံချီသည့် ဝင်ငွ ၅၀ ရာခိုင်နှုန်းကိုလည်း အာဏာသိမ်းစစ်တပ်က ရရှိနေသည်ဟု USIP က ဆိုသည်။
အင်္ဂလိပ်စကားသုံးသည့်နိုင်ငံများတွင် နေထိုင်သူတို့ကို ပစ်မှတ်ထားဖြားယောင်းသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့မှာ တိုက်ရိုက်ပါဝင်ပတ်သက်ကာ အဓိကပံ့ပိုးပေးနေသူများလည်းဖြစ်ကြောင်းလည်း USIP အစီရင်ခံစာက ဆိုသည်။
ထိုလုပ်ငန်းများကို လက်ခံနေရာချထားပေးပြီး လုံခြုံရေးယူပေးခြင်းအပြင် လုပ်ငန်းများလည်ပတ်ရန် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီးနှင့် အင်တာနက်သုံးခွင့်ရရန် စီစဉ်ပေးထားသည်ဟု USIP က ဆက်လက် ဖော်ပြသည်။
BGF သည် ကာစီနို၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ရာဇဝတ်လုပ်ငန်းများကို အကာအကွယ်ပေးထားသည့်အပြင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများလည်းရှိကြောင်း၊ BGF ၏ စီးပွားရေးလုပ်ငန်းများကို ဗိုလ်မှူးကြီးစောချစ်သူနှင့် သား၊သမီးများက ထက်ဝက်ခန့်ပိုင်ဆိုင်ကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar (JFM) က ဖော်ထုတ်ထားသည်။
BGF ထိန်းချုပ်နယ်မြေတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများရှိနေသည်ကို ဝန်ခံသော်လည်း BGF နှင့် ၎င်း၏မိသားစုက အကျိုးအမြတ်ရနေသည်ဟူသော စွပ်စွဲချက်များကို ဗိုလ်မှူးကြီးစောချစ်သူက ငြင်းဆန်သည်။
ပြီးခဲ့သည့် ဧပြီလက မြဝတီမြို့ရှိ စစ်ကောင်စီတပ်ကို KNU ဦးဆောင်သည့် တော်လှန်ရေးအင်အားစုက စီးနင်းတိုက်ခိုက်စဉ် ၎င်းတို့ BGF ကြားနေခဲ့သည့်ပေါ် မကျေနပ်သဖြင့် ထိုးနှက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု မေလတွင် Myanmar Now ကို ပြောသည်။
“ကျွန်တော်ကိုယ်တိုင်ပဲ ညွှန်ကြားချက်စာတစ်ခု ထုတ်ထားတယ်။ ကျွန်တော်တို့ဘက်ကို လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအားလုံးကို လာရာလမ်းကို ပြန်ထွက်ပါလို့ အချိန် ၆ လ ပေးထားတယ်။ အချိန် ၆ လကာလမှာ ဘယ်လိုဖြစ်သွားမလဲ မကြည့်ဘဲနဲ့ အမျိုးမျိုးတိုက်ခိုက်ကြတာ” ဟု ဗိုလ်မှူးကြီးစောချစ်သူက ဆိုသည်။