အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

တိုင်းပြည်အနာဂတ်ကို မြော်မြင်

အနာဂတ်မြန်မာပြည် စစ်တပ်၏ အဓိကအလုပ်အကိုင်နှင့် အားစိုက်ရမည့် ကဏ္ဍ၊ နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်ချိန် ပေါ်ပေါက်လာသည့် အင်အားစုစည်းမှု စသည့် အကြောင်းအရာများကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရေးသားထားသည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်း ဆိုသည့် လောကပါလတရားသုံးပါး ထွန်းကားသော တိုင်းသစ်ပြည်သစ်ကို ထူထောင်ရန် ကျွန်တော်တို့ရှေ့မျိုးဆက် ခေါင်းဆောင်များ ရည်သန်ခဲ့ကြသည်။ ထိုသုံးပါးသည် လောကကို၊ တိုင်းပြည်ကို အကျိုးရှိစေမည့်တရားများ ဖြစ်သည်ဟုလည်း ဆိုစမှတ်ပြုကြသည်။ ယနေ့ နွေဦးတော်လှန်ရေးတွင် မြန်မာပြည်သူများက စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ရန် မျှော်မှန်းနေကြသည်။

တကယ်တော့ ဖက်ဒရယ်ဒီမိုကရေစီဟူသည် လောကပါလတရား သုံးပါးကို အခြားသော နိုင်ငံရေးဝေါဟာရဖြင့် ဖော်ပြခြင်းသာ ဖြစ်ပါသည်။ တိုင်းပြည်လွတ်လပ်ရေးရ၍ တိုင်းတပါးကျွန်အဖြစ်မှ လွတ်မြောက်ခဲ့သည့်တိုင်အောင် စစ်ကျွန်ဘဝတွင် လောကပါလတရားများ ဆိတ်သုဉ်းဆဲဖြစ်နေသောကြောင့် လွတ်မြောက်ရေး တိုက်ပွဲသည် ဆက်ရှိနေရပါသည်။ ယနေ့ခေတ် နွေဦးလူငယ်များ အနေဖြင့် ရှေ့မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သော သမိုင်းပေးတာဝန်ကို ပခုံးထမ်း ဆက်လက်ကြိုးပမ်း တိုက်ပွဲဝင်နေကြပါသည်။

စစ်ကျွန်ခေတ်တွင် နိုင်ငံသားတဦးချင်း၏ လူ့ဂုဏ်သိက္ခာ ကင်းမဲ့မှုသည် ဆက်ရှိနေသည်။ တိုင်းပြည်၏ ဂုဏ်ကျက်သရေ ကင်းမဲ့မှုသည် ဆက်ရှိနေသည်။ ပြည်တွင်းစစ်သည် ဆက်ရှိနေသည်။ ဆင်းရဲမွဲတေမှုသည် ဆက်ရှိနေသည်။ တိုင်းတပါး သွားရောက်၍ မိမိကိုယ်တိုင်က စိတ်လိုလက်ရ ကျွန်ခံရမှုသည် ဆက်ရှိနေသည်။ ပညာမသိ ပညာမတတ် လူနပ်ချမ်းသာများ မျိုးပွားပေးသော စနစ်သည် ဆက်ရှိနေသည်။ စစ်ကျွန်ခံရင်း စစ်အရှင်သခင်များထံက အရိုးအရင်း မျှော်မှုများ ဆက်ရှိနေသည်။ တိုင်းရင်းသားများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ငြင်းဆိုခံရမှုသည် ဆက်ရှိနေသည်။ လူစင်စစ်ဖြစ်ပါလျက် လူမွှေးလူတောင်မပြောင်သော လူဖြစ်ရှုံးမှုသည် ဆက်ရှိနေသည်။

စစ်အုပ်စု၏မျက်နှာဖုံးကိုခွာချခြင်း

တိုင်းပြည်၏ အာဏာ၊ ဘဏ္ဍာနှင့် အရင်းအမြစ်မှန်သမျှကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် ခြယ်လှယ်လျက် ဘဝင်လေဟပ်နေခဲ့သော စစ်အုပ်စု၏ မျက်နှာဖုံးကို နွေဦးတော်လှန်ရေးက ခွာချပြခဲ့ပြီး ဖြစ်သည်။ ပြည်ပကျူးကျော်စစ် မဆိုထားနှင့် ပြည်သူများ၏ ရရာလက်နက်ဖြင့် ခုခံတွန်းလှန်မှုကို ရင်ဆိုင်ရရုံမျှနှင့်ပင် အာဏာရှင် စစ်တပ်သည် မျက်ဖြူဆိုက်လျက် ရှိပြီ။

လက်ရှိ စစ်တပ်သည် တိုင်းရင်းသားပြည်သူအများက ယုံကြည်မှုကင်းမဲ့ရုံမျှမက အော့နှလုံးနာသော စစ်တပ် ဖြစ်နေသည်မှာ နှစ်ကာလတခု ရှိခဲ့ပြီ။ သည်စစ်တပ်ကပြောသော တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုသောစကားသည်လည်း ယုံတမ်းသာ ဖြစ်လိမ့်မည်။ ပြည်သူထောက်ခံကူညီမှု မရရှိသော စစ်တပ်သည် တိုင်းပြည်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် မည်သို့ ကာကွယ်စောင့်ရှောက်နိုင်ပါမည်နည်း။

တကယ်တော့ ပြည်ထောင်စု မပြိုကွဲအောင် လက်တွေ့ထိန်းသိမ်းထားသူများမှာ တိုင်းရင်းသား ပြည်သူများကိုယ်တိုင် ဖြစ်သည်။ မည်သည့်တိုင်းရင်းသားကမျှ ပြည်ထောင်စုမှ ခွဲထွက်ရန် ကြံစည်လုပ်ကိုင်နေခဲ့ကြသည်မဟုတ်။ မည်သည့်စစ်တပ်ကမှ လက်နက်အားကိုး အင်အားအသာစီးဖြင့် ပြည်ထောင်စု မပြိုကွဲအောင် ထိန်းသိမ်းနိုင်မည်လည်း မဟုတ်။

စစ်တပ်၏ အလုပ်သည် တိုင်းပြည်ကာကွယ်ရေးသာ ဖြစ်သည်။ စစ်တပ်သည် စစ်တပ်အလုပ်ကို ကျေပွန်နေသမျှ ပြည်သူက ကြည်ဖြူမည်သာ ဖြစ်သည်။ ကိုယ့်အလုပ်ကိုတော့ ကောင်းစွာ မလုပ်ဘဲ ကိုယ်နှင့် မဆိုင်သည့် အလုပ်တွင် တတ်ယောင်ကား ဝင်ရှုပ်လျှင်ကား တိုင်းပြည် နစ်နာချိမ့်မည်။ တိုင်းပြည်နစ်နာလျှင် ပြည်သူက ကျိန်စာတိုက်ပေလိမ့်မည်။

နွေဦးတော်လှန်ရေးအတွင်း စစ်တပ်၏ အရေးနိမ့်မှုများက ရှက်တတ်လျှင် လဲသေပစ်လိုက်ရန် ကောင်းသည်။ သို့သော် သူတို့သည် ဟိရီဩတ္တပ္ပတရား ကင်းလှသည်။ မျက်နှာပြောင်သည့် နေရာတွင် ယှဉ်ဖက် ရှိမည်မဟုတ်။ လောကပါလတရားသုံးပါးလုံးကို နင်းချေဖျက်ဆီးလျက် လူမဆန်မှု၊ အကြမ်းဖက်မှုအမျိုးမျိုးကို နိစ္စဓူဝ ထမင်းစားရေသောက် ကျူးလွန်နေချိန်မှာပင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု ထူထောင်မည်ဟူ၍ မျက်နှာပြောင်ပြောင်နှင့် ပြောထွက်ရဲသေးသည်။

လိမ်ဝံ့သောသူ

“လိမ်ဝံ့သောသူသည် မလုပ်ရဲသော အကုသိုလ်ဟူ၍ မရှိ၊ မှောက်ထားသော ရေခွက်တွင် ရေတစက်မှ မကျန်၊ မရှိသကဲ့သို့ ထိုလိမ်ဝံ့သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှမရှိနိုင်တော့” ဟု အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်တွင် မြတ်စွာဘုရားဟောကြားဖူးသည်။

အာဏာမသိမ်းမီကလေးတွင် ဗိုလ်မင်းအောင်လှိုင်က သူ မလုပ်ရဲတာ ဘာမှမရှိဟူ၍ မိုက်မိုက်ကန်းကန်း ပြောခဲ့သည်။ လိမ်ဝံ့သူအတွက် မလုပ်ရဲသည့် အကုသိုလ်အမှုဟူ၍ ရှိမည်မဟုတ်ပေ။ လက်တွေ့ သူလုပ်ဆောင်သည်တို့မှာလည်း လိမ်လည်မှုနှင့် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုတို့သာ ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် ခရီးသွားလာစဥ်  ငါးဇွန်မြို့နယ်တွင်း အကြမ်းဖက် စစ်အုပ်စုဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နေရာတွင် ပွဲချင်းပြီး  ပျံလွန်တော်မူခဲ့ရစဉ်က ဤဖြစ်စဥ်နှင့် ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ ကျူးလွန်သော ပြစ်မှုကို ဝန်မခံရုံသာမက PDF ရဲဘော်များ ကျူးလွန်သည်ဟု လီဆယ် ပြောဆိုခဲ့ကြသည်။ နောက်ဆုံး အမှန်တရား ဘူးပေါ်သလိုပေါ်တော့မှ ၎င်းတို့ ကျူးလွန်ကြောင်း တိုင်းသိပြည်သိ ဝန်ခံခဲ့ကြသည်။ ဤဖြစ်ရပ်က  ဗိုလ်မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ လိမ်ဝံ့သူသည် မလုပ်ရဲသော အကုသိုလ်မရှိကြောင်း ပြယုဂ်နမူနာတခု ဖြစ်သည်။ 

စစ်အာဏာရှင်တို့၏ လက်သုံးမုသားစကားမှာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဖြစ်သည်။ မျိုးချစ်စိတ် ထက်သန်ရေးဟူသော စကားလုံးကိုလည်း ထည်လဲ သုံးတတ်သေးသည်။ မြန်မာပြည်တွင် လူများစု ဗုဒ္ဓဘာသာနှင့် ဗမာလူမျိုး သည်းခြေကြိုက်အောင် လူမျိုး၊ ဘာသာ ကွဲပြားသူများကြား သွေးခွဲသပ်လျှိုကာ စစ်အာဏာကို အခြားနည်းဖြင့် ကျားကန်ရန် ကြံစည်ကြိုးစားကြသည်။ လူမိုက်တို့ကလည်း အဆိုပါ ကြွေးကြော်သံကို သံယောင်လိုက်၍ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖန်တီးကာ စစ်အာဏာရှင်ကို အလုပ်အကျွေး ပြုကြသည်။ လူမိုက်နှင့် လူလိမ် တဂိုဏ်းတည်းသား ဖြစ်သည်မှာ အဆန်းမဟုတ်ချေ။ စစ်အာဏာရှင်တို့သည် အမှန်တကယ် မျိုးချစ်စိတ် ရှိသူတွေမဟုတ်။ မျိုးချစ်စိတ်နှင့် ကိုယ်ကျိုးအာဏာယှဉ်လျှင် မျိုးချစ်စိတ်က သာမည၊ ကိုယ်ကျိုးအာဏာက အဓိက ဖြစ်သည်။ ကိုယ်ကျိုးအာဏာ တည်မြဲရေးအတွက်ဆိုလျှင် ၎င်းတို့ ချစ်လှပါသည်ဆိုသော တိုင်းပြည်ကိုပင် ရောင်းစားရန် ဝန်မလေးကြ။ တိုင်းတပါး ဩဇာခံလျက် ပဏ္ဏာဆက် မျက်နှာချိုသွေးရန်လည်း အပန်းမကြီးကြ။

တကယ်တော့ ‘တို့တာဝန်အရေးသုံးပါး’ ဟူသည် သူတို့၏ မုသား ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ ဟူသည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဟူသည် ၎င်းတို့၏ ယုံတမ်းများသာ ဖြစ်သည်။

သည်စစ်တပ်နှင့်သည်ပြည်သူပြဿနာ၏အစ

စစ်အုပ်စုနှင့် မြန်မာပြည်သူများကြား ပြဿနာကို ကြည့်လျှင် အတွေးအခေါ်ပြဿနာနှင့် လုပ်ရပ် ပြဿနာ ဟူ၍ နှစ်ပိုင်း တွေ့ရမည်။ စစ်အုပ်စု၏ အတွေးအခေါ်သည် တိုင်းပြည်အပေါ်ကို စစ်တပ်က အစဉ်အဆက် ဗိုလ်ကျစိုးမိုးရေး ဖြစ်သည်။ (အဆိုပါ အတွေးအခေါ်ကို ၂၀၀၈ အခြေခံဥပဒေတွင် ဖော်ပြထားသည်။)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းသည် ၂၀၁၁-၂၀၂၀ ကြား ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီအညွန့် အညှောင့်ကို အပြီးသတ်ရှင်းလင်းလျက် ၎င်းတို့၏ ရာသက်ပန် အာဏာပိုင်စိုးမှုကို သေချာစေရန် ဖြစ်သည်မှာ ထင်ရှားသည်။ မြန်မာစစ်အာဏာရှင်တို့၏ ကျွမ်းကျင်မှုမှာ အတုအယောင်မျက်နှာဖုံးများ တပ်ဆင်ခြင်း ဖြစ်သည်။ ဆိုရှယ်လစ် ခေတ်စားချိန်တွင် ဆိုရှယ်လစ်မျက်နှာဖုံး၊ ဒီမိုကရေစီ ခေတ်စားချိန်တွင် ဒီမိုကရေစီမျက်နှာဖုံး၊ ဖက်ဒရယ်ခေတ်စားချိန်တွင် ဖက်ဒရယ် မျက်နှာဖုံးတပ်မည်။ မည်သည့်မျက်နှာဖုံး တပ်သည်ဖြစ်စေ ၎င်းတို့၏ အတွင်းသရုပ်မှာ စစ်တပ် ဗိုလ်ကျစိုးမိုးရေးသာ ဖြစ်သည်။ စစ်တပ်၏အတွေးအခေါ်နှင့် လုပ်ရပ် အဆက်အစပ်ကို “စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး” ဆိုသော လက်ရှိစစ်အာဏာရှင်တို့၏ ခေါင်းကိုင်ဖခင် ဗိုလ်နေဝင်း၏ စကားတွင် တွေ့နိုင်သည်။ 

စစ်တပ်၏ ဗိုလ်ကျစိုးမိုးမှုကို ဆန့်ကျင်သော ပြည်သူသည် စစ်တပ်အတွက် ရန်သူသာ ဖြစ်သည်။ ၁၉၆၂ ခုနှစ်တုန်းကလည်း ဆန္ဒပြ ကျောင်းသားများကို သတ်ဖြတ်၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးအပြီးတွင် ဗိုလ်နေဝင်းက ဓားကို ဓားချင်း၊ လှံကို လှံချင်းရင်ဆိုင်မည်ဟု ပြည်သူကို စိန်ခေါ်ခဲ့ဖူးသည်။ လက်နက်မဲ့ပြည်သူကို လက်နက်ဖြင့် အနိုင်အထက် ပြုကျင့်ရဲခြင်းသည်ပင် မြန်မာစစ်တပ်၏ အံ့မခန်းသော သူရသတ္တိ ဖြစ်နေ ခဲ့သည်။

ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေနှင့် ဗိုလ်မင်းအောင်လှိုင်တို့ အပါအဝင် ထိုသူတို့၏အပေါင်းအပါများသည် ဆယ်သက်စားမကုန်သော စည်းစိမ်ချမ်းသာကို ခံစားစံစားရင်း ၎င်းတို့အပေါ် ကျိုးနွံပျပ်ဝပ်လျက် သစ္စာ မပျက် ရှိလျှင် ၎င်းတို့နည်းတူ အကျိုးခံစားခွင့်ရစေမည်ဟု အာဏာရှင်ပေါက်စများအား လမ်းပြရှေ့ ဆောင်ခြင်းလည်း ပြုကြသည်။ သူတို့အာဏာရှိနေသရွေ့ သူတို့ အကြိမ်ကြိမ် လက်ရဲဇက်ရဲ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို မည်သည့်တရားရုံးကမျှ စီရင်နိုင်မည် မဟုတ်၊ လုံခြုံစွာ သေလွန်ကြရမည်ဟူ၍လည်း သွေးနားထင် ရောက်ကြသေးသည်။

စစ်အာဏာရှင်စနစ်ဟူသည် စစ်ကျွန်ခံလိုသူများသာ တိုင်းပြည်တွင် နေထိုင်ခွင့်ရှိသော စနစ်မျိုးဖြစ်သည်။ စစ်ကျွန်မခံလိုသူများအတွက်မူ တိုင်းပြည်ကိုသော်လည်းကောင်း စွန့်ရမည်၊ စစ်အုပ်စု၏ အကျဉ်းစခန်းများအတွင်း အသက်သော်လည်းကောင်း၊ ဘဝ၏ အဖိုးတန်အချိန် များနှင့် လူ့ဂုဏ်သိက္ခာသော်လည်းကောင်း စွန့်ရမည်ဖြစ်သည်။ ဖက်ဒရယ်နှင့် ဒီမိုကရေစီသူရဲကောင်းများသည် ငရဲခန်းများအတွင်း အငြိုးတကြီး ညှဉ်းပန်းသတ်ဖြတ်ခံနေကြရသည်။ စစ်အာဏာသိမ်းမှုကို အလိုမတူလျှင် အကျဉ်းထောင်အတွင်း သွားရောက်နေထိုင်မည်လော၊ တိုင်းပြည်ကို စွန့်ခွာမည်လော ဟူသော နှစ်ခုထဲက တခုကို ရွေးခိုင်းမည်ဖြစ်သည်။

ပြည်သူ့ချွေးနှဲစာဖြင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ထူထောင်ခဲ့သော တပ်မတော်သည် ယခုတော့ ပြည်သူ့မသဒ္ဓါရေစာ စားနေရုံမက ယခုအခါ ပြည်သူ့လည်မျိုနင်းသော စစ်တပ်ဖြစ်ခဲ့ပြီ။ ထို့မျှမက ပြည်သူကို အစဉ်သဖြင့် ရန်လိုသော၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်အပေါ်ကို ဗုံးမိုးရွာရန်၊ ပြည်သူကို မီးလောင် တိုက်သွင်းရန်၊ ပြည်သူ့သားပျို သမီးပျိုများကို အဓမ္မပြုကျင့် ဖျက်ဆီးရန် လက်မရွံ့သော၊ လမ်းပေါ်တွေ့သူပါမချန်အဓမ္မပေါ်တာဆွဲ၍ စစ်အာဏာသက်ဆိုးရှည်ရေး အဖိုးတန်လူငယ့် အသက်များကို စတေးနေသော အကြမ်းဖက် ဓားပြတပ် ဖြစ်ခဲ့ပြီ။

ပြည်တွင်းစစ်တွင်သန္ဓေတည်သောစစ်အာဏာရှင်စနစ်

လွတ်လပ်ရေးရပြီး လအနည်းငယ် အတွင်းမှာပင် ပြည်တွင်းစစ်ကို အကြောင်းပြု၍ စစ်ယန္တရား၏ အစွယ်သည် ရှည်သထက်ရှည်လာသည်။ တိုင်းပြည် မပြိုကွဲအောင် စစ်တပ် ထိန်းမှ ဖြစ်မည်၊ စစ်တပ် အားကောင်းမှ ဖြစ်မည်၊ စစ်တပ်ကို နေရာပေးမှ ဖြစ်မည် ဟူသော အတွေးအခေါ်ကို စစ်တပ်လွှမ်းမိုးရေးဝါဒီများက ပြည်သူများ၏ ဦးနှောက်ထဲဝင်အောင် ရိုက်သွင်းလာကြသည်။ စစ်တပ်ဗိုလ်ကျလွှမ်းမိုးရေးဝါဒနှင့် ပြည်တွင်းစစ်သည် စနစ်ဆိုးတခု၏ ခေါင်းနှင့်ပန်းဟု ဆိုရမည်။ စစ်အာဏာရှင်စနစ်သည် ပြည်တွင်းစစ်တွင် သန္ဓေတည်သည်။

စစ်အာဏာရှင်တို့သည် ပြည်တွင်းစစ်ကို တစ္ဆေမွေးသလို မွေးထားတတ်သည်။ မည်သည့် စစ်အာဏာရှင်ကမျှ ပြည်တွင်းစစ် ပြဿနာကို လေးလေးနက်နက် ဖြေရှင်းရန် စိတ်ဆန္ဒမရှိ။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်းစစ်သည်ပင် ၎င်းတို့၏ အကျိုးစီးပွား ဖြစ်နေသောကြောင့် ဖြစ်သည်။ မြန်မာ့ပြည်တွင်းစစ်က တိုင်းပြည်နှင့် လူထု၏ အဆီနှင့်အသားကို တခေတ်ပြီးတခေတ် ဝါးမျိုပစ်နေခဲ့သော်ငြား ပြည်တွင်းစစ်ထံမှ ခေတ်အဆက်ဆက် အကျိုးအမြတ် ရနေသူများမှာ လက်တဆုပ်စာသော စစ်အာဏာရှင်တစု ဖြစ်ပါသည်။

လွတ်လပ်ရေးရစ တိုင်းပြည်များတွင် ပြည်တွင်းစစ်မီး ထတောက်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အရာတခုဖြစ်သည်။ သို့သော် လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၈၀ တိုင်သည့်အထိ ပြည်တွင်းစစ် မငြိမ်းသေးလျှင်မူ ထိုတိုင်းပြည်တွင် အမှားအယွင်းကြီးတခု ရှိနေပြီဟု ဆိုရမည်။ 

ယခုဆိုလျှင် မြန်မာ့ပြည်တွင်းစစ်သည် ကမ္ဘာတွင် သက်တမ်းအရှည်ဆုံး ဖြစ်ခဲ့ပြီ။ မြန်မာပြည်က စစ်အာဏာရှင်စနစ်သည်လည်း ကမ္ဘာတွင် အရိုးအရင့်ဆုံး ဖြစ်ခဲ့ပြီ။

ပြင်ရန်ခက်သောအမှား

ပါလီမန်ဒီမိုကရေစီခေတ်က ခေါင်းဆောင်များသည် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခြင်းအားဖြင့် ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့ကြဖူးသည်။ သို့သော် ထိုကြိုးပမ်းမှုကို ဗိုလ်နေဝင်းဦးဆောင်သော စစ်ခေါင်းဆောင်တစုက မလိုတမာစိတ်ဖြင့် ခြေဖြင့်နင်းချေ ဖျက်ဆီးပစ်ခဲ့သည်။

ပြည်ထောင်စု ပြိုကွဲမည့်အရေးကြောင့် စစ်တပ်က နိုင်ငံရေးတွင် ဝင်ပါမှ ရမည်၊ ဒီမိုကရေစီအစိုးရကို ရုပ်သိမ်း၍ စစ်တပ်ကိုအာဏာအပ်ရမည်ဟူသော အဓမ္မလုပ်ဇာတ်သည် ထိုအချိန်မှစတင်သည်။ တိုင်းပြည် အမှောင်ကျခြင်းသည် ထိုစဉ်က စတင်သည်။ 

မြန်မာပြည်၏ ပြင်ရန်ခက်သော အမှားအယွင်းသည် ၁၉၅၈ ပထမအကြိမ်အာဏာသိမ်းမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းရေးကို ငြင်းပယ်သည်။ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးကို ငြင်းပယ်သည်။ ဒီမိုကရေစီကို ငြင်းပယ်သည်။ ၎င်းတို့ ဗိုလ်ကျစိုးမိုးမှုကို ထိပါးစေမည့်အရာ မှန်သမျှကို ငြင်းပယ်မည်သာ ဖြစ်သည်။ စစ်အာဏာရှင်စနစ်နှင့် ငြိမ်းချမ်းရေးသည် ပြဒါးတလမ်း သံတလမ်း ဖြစ်သည်။ 

ပြည်သူ့နွေဦးတော်လှန်ရေးက နှစ် ၇၀ ကျော်ပြည်တွင်းစစ်ကိုသာမက ပြည်တွင်းစစ်၏အကြောင်းရင်း ဖြစ်သော မူလနိုင်ငံရေးပြဿနာများကို တပါတည်း ဖြေရှင်းရန်ပါ မျှော်မှန်းသည်။ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ခြင်းဖြင့်သာ ပြည်တွင်းစစ်နှင့်တကွ လိပ်ခဲတည်းလည်း နိုင်ငံရေးပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

တိုင်းရင်းသားပြည်သူများ၏ လိုလားချက်မှာ စစ်တပ်သည် ကိုယ့်နေရာ ကိုယ်သိ၍ ကိုယ့်အလုပ်ကိုယ် လုပ်ရန်သာ ဖြစ်သည်။ တော်လှန်ရေးတရပ်ဆင်နွှဲခြင်းသည် ခေတ်စနစ်အမှားကို အမှန်ပြင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ဤကြိုးပမ်းမှုသည် အရင်းအနှီးတော့ကြီးသည်။ ကြီးသော်ငြား အမှားကို အမှားဟုသိလျှင် မဖြစ်မနေ ပြင်ရမည်။ စစ်အုပ်စုက အမှားမပြင်လျှင် အမှားပြင်ပေးရန်တာဝန် ပြည်သူမှာ ရှိပေသည်။

တိုင်းပြည်ကိုပင်စွန့်၍

စစ်ကျွန်ပြုမှုကို မခံမရပ်နိုင်သော လူငယ်များသည် စာသင်ခန်းများ၊ မိသားစုဘဝများကိုစွန့်၍ နယ်စပ် ဒေသများသို့ ထွက်ခွာခဲ့ကြသည်။ နိုင်ငံဝန်ထမ်းများသည်ပင် ၎င်းတို့၏ ထမင်းအိုးဖြစ်သော ရုံးဌာနများကို စွန့်ခဲ့ကြသည်။ အာဏာဖီဆန်ခဲ့ကြသူများတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များပင် အမြောက်အမြားပါသည်။ ၎င်းတို့သည်လည်း အာဏာရှင်စစ်တပ်ကို စွန့်ခွာ၍ ပြည်သူနှင့် ပူးပေါင်းခဲ့ကြသည်။ အိုးအိမ်များ ချိပ်ပိတ်ခံရသော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များသည်လည်း နယ်စပ်ဒေသများသို့ ထွက်ခွာကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို တည်ထောင်ခဲ့ကြသည်။

အခြားအခြားသော စစ်ကျွန်မခံလိုသည့် အနုပညာရှင်များ၊ တတ်သိပညာရှင်များ၊ ပြည်သူများ သည်လည်း ပုံစံအမျိုးမျိုးဖြင့် နယ်စပ်ဒေသများ၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာခဲ့ကြသည်။

သို့သော် လူယုတ်မာကို လူယုတ်မာဟူ၍ မသိသောသူများလည်း လောကတွင် ရှိတတ်စမြဲဖြစ်သည်။ ထိုသူတို့ကား စစ်အာဏာသိမ်းမှုကို ဝမ်းမြောက်ဝမ်းသာဖြစ်လျက် စစ်အာဏာရှင်တို့အား ခြေဆုပ်လက်နယ် အလုပ်အကျွေးပြုရန် စည်းတဖက်တွင် ကျန်ခဲ့သည်။

အမှန်တရားဘက်တော်သားများအနေဖြင့် နယ်စပ်ဒေသများသို့ ရောက်ရှိသည့်အခါ မိမိတို့ထက် လက်နက်ကိုင် တော်လှန်ရေးဝါရင့်သည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ ကူညီရိုင်းပင်းမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို တည်ထောင်ကြသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ ရှေ့ပြေးအမြုတေ ဖြစ်ရန် မျှော်မှန်းသကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွှဲရန်တာဝန်ကိုလည်း ရှေ့တန်းက ထမ်းဆောင်ကြမည် ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထောက်ခံပါဝင်ကူညီရန် တိုင်းချစ်ပြည်ချစ်ပြည်သူအပေါင်း ကလည်း အသင့်ရှိခဲ့ကြသည်။

စစ်အုပ်စုနားလည်သောဘာသာစကားဖြင့်ပြောဆိုရခြင်း

နှစ် ၆၀ ကျော် စစ်အာဏာရှင်ခေတ်သမိုင်းတွင် စစ်အုပ်စုသည် အာဏာနှင့် ကိုယ်ကျိုးစီးပွား စားပါးဝလျက် စားလေငတ်လေငတ်မပြေ ဖြစ်လျက်ရှိသည်။ အာဏာနှင့် ကိုယ်ကျိုးစီးပွား ငမ်းဖမ်းမှုကပင် တိုင်းချစ်ပြည်ချစ်စိတ် အခြေခံလျက် တိုင်းပြည်ကောင်းရာကောင်းကြောင်း လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြရမည်ဟူသော အသိပညာကို အချိန်နှင့်အမျှ ပိတ်ဆို့ကာဆီးလျက် ရှိသည်။ စစ်အုပ်စု၏ မိုက်မဲမှုမှာ တိုင်းချစ် ပြည်ချစ်စိတ်နှင့် ဉာဏ်ပညာကို အားကိုးရကောင်းမှန်း မသိခြင်းဟု ဆိုရမည်။

သူတို့နားလည်သော ဘာသာစကားမှာ လက်နက်တခုတည်းသာ ဖြစ်သည်။ 

စစ်ကျွန်မခံလိုသော ပြည်သူများအနေဖြင့်မူ စစ်အုပ်စုနားလည်သော ဘာသာစကားဖြင့်သာ ၎င်းတို့အား တုံ့ပြန်စကားပြောဆိုရန် ရှိတော့သည်။တကယ်တမ်းတွင်မူ လမ်းမပေါ်မှ ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို လက်နက်ကိုင်တော်လှန်ရေးဆီ တွန်းပို့ခဲ့သည့် လက်သည်တရားခံမှာ စစ်အုပ်စုသာ ဖြစ်သည်။ စစ်အုပ်စု၏မာန်စွယ်ကို မချိုးနိုင်သမျှ တရားမျှတသော၊ လွတ်လပ်သော၊ ခွင့်တူညီမျှသော တိုင်းပြည်သစ်သည် လေထဲဆောက်သည့်အိမ်သာ ဖြစ်လိမ့်မည်။

စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်၍ ဘားတိုက်သို့ ပြန်ပို့လိုလျှင်၊ သားရေပေါ်အိပ် သားရေနား စားကာ ပြည်သူအပေါ် လူပါးဝနေသော စစ်ခေါင်းဆောင်တစုအား တာဝန်ခံမှုရှိစေလိုလျှင်၊ ခေတ်အဆက်ဆက် မတရားပြုကျင့်ခံခဲ့ရသော ပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးလိုလျှင် ပြည်သူများအနေဖြင့် ရရာလက်နက်ဆွဲကိုင်၍ ခုခံတွန်းလှန်စစ် ဆင်နွှဲရုံမှတပါး အခြားမရှိဟု နားလည် သွားခဲ့ကြသည်။ နားလည်သည့်အတိုင်းလည်း လက်တွေ့ အကောင်အထည်ဖော်နေကြသည်။

သည့်အတွက် တိုင်းပြည်လည်း နာကျင်သင့်သလောက်တော့ နာကျင်ရသည်။ ဆူးစူးလျှင် အပ်နှင့်ထွင်ရသည် မဟုတ်ပါလား။ ပြည်သူ့နွေဦးတော်လှန်ရေးက တိုင်းရင်းသား ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲသော တော်လှန်ရေးဖြစ်သည့်အတွက် သမိုင်းတလျှောက် အကြီးကျယ်ဆုံး ပြည်သူ့တော်လှန်ရေးကြီး ဖြစ်လာရသည်။

ဤတော်လှန်ရေးက လွတ်လပ်ရေးသက်နှင့်အမျှသော တိုင်းပြည်ပြဿနာအရပ်ရပ်ကို တပါတည်း ဖြေရှင်းနိုင်ရမည်။ စစ်ကြီးပြီးသည့်အခါ တရားမျှတသော၊ လွတ်လပ်သော၊ ခွင့်တူညီမျှသော လူ့ဘောင်ကို တည်ထောင်ကြမည်။ ဤ တော်လှန်စစ်သည် တိုင်းပြည်အတွက် နောက်ဆုံးစစ်ပွဲဖြစ်ရမည်။ နောင်တွင် ပြည်တွင်းစစ်ဟူသည် ရှိလာတော့မည်မဟုတ်။

အရင်းနှင့်အမြတ်

ပြည်သူ့တော်လှန်ရေးသည် အရင်းအနှီးကြီးသည်။ အရင်းအနှီးကြီးသလို အကျိုးအမြတ်လည်း ကြီးရမည်။ အကျိုးအမြတ်သည် စနစ်ပြောင်းရေး ဖြစ်ရမည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှ စ၍ ယနေ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ အထိ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများစွာကို ဗိုက်ထဲက ကလေးပါမကျန် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ကျေးရွာ အမြောက်အမြားနှင့် အိုးအိမ်များ၊ ကျောင်းကန်ဘုရားများစွာကို မီးလောင်တိုက်သွင်းပြီး ဖြစ်သည်။ ၎င်းတို့ကို ဆန့်ကျင်သော ပြည်သူများကိုလည်း နာမည်ဆိုးလှသည့် ထောင်များထဲတွင် လူမဆန်သောအခြေအနေဖြင့် အကျဉ်းချနှိပ်စက်ထားသည်။ အာဏာအတွက်ဆိုလျှင် မလုပ်ရဲတာ ဘာမျှမရှိသော၊ လက်မရွံ့ သော စစ်တပ်ဖြစ်ကြောင်း ပြသခဲ့ပြီ။

နွေဦးတော်လှန်ရေး စတင်ချိန်မှစ၍ အကြမ်းဖက်စစ်တပ်ဘက်မှ သောင်းနှင့်ချီသော အသက်များ၊ ပြည်သူ့တော်လှန်ရေးဘက်မှ ထောင်နှင့်ချီသော  အသက်များလည်း ထိခိုက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ တကယ်တော့ နှစ်ဖက်စလုံးမှ သေကြရသူအားလုံးမှာ ကိုယ့်နိုင်ငံသားများသာ ဖြစ်သည်မှာ ရင်နာစရာ ကောင်းလှသည်။ ဆိုးယုတ်သော အတွေးအခေါ်နှင့် မိုက်မဲသော လူတစုသာ မရှိလျှင် တိုင်းပြည်သည် ဤသို့ ထိခိုက်နာကျင်မှုများ ခံစားရမည်မဟုတ်ပေ။

ယခု အသက် ၈၂ နှစ်အရွယ် အကျဉ်းကျခံ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စု၏ အမြင်သဘောထားများ ပြောင်းအောင် နှစ်ပေါင်းများစွာ စိတ်ရှည်ရှည်ဖြင့် ကြိုးပမ်းခဲ့သည်။ လမ်းလွဲလိုက်ရင်း နောက်ကျောမလုံ ဖြစ်နေရှာသော စစ်ဗိုလ်ချုပ်များကို ဖခင်ဖြစ်သူ တည်ထောင်ခဲ့သော တပ်ဟူသော သံယောဇဉ်ဖြင့်လည်း လမ်းမှန်ပေါ် ပြန်လည်ဆွဲခေါ်ရန် ရည်ရွယ်လျက် အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားကို တစိုက်မတ်မတ် ထုတ်ဖော်ခဲ့သည်။ ဒဏ်ရာအနာတရ များလှသော တိုင်းပြည်ကို ဒဏ်ရာပေါ် ဒဏ်ရာမထပ်စေရန် အလို့ငှာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံရေးနည်းလမ်းအရသာ တွေ့ဆုံဆွေးနွေးအဖြေရှာကြရန် တဖွဖွတိုက်တွန်းခဲ့သူ ဖြစ်သည်။

သို့သော် စစ်အာဏာရှင်တို့သည် ကျွဲပါးစောင်းတီး ဖြစ်ခဲ့ပုံရသည်။ သူ့အပေါ်  အငြိုးအာဃာတများ အပြည့်ဖြင့် နှစ်ပေါင်းများစွာ အကျဉ်းချထားကြသည်။ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးများကိုပင် မပေး။ သူတို့အတွက် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ်တစ်ရန်သူ ဖြစ်သည်။ စစ်အာဏာအစဉ်သဖြင့် စိုးမိုးရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အကြီးဆုံးအနှောင့်အယှက် မဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချခြင်းသည် ဉာဏ်ပညာအမြော်အမြင် ရှိသူ၏ လုပ်ရပ် မဟုတ်ပါ။ ဉာဏ်ပညာ အမြော်အမြင်ရှိသူမှန်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမြင်မတူသည့်တိုင်အောင် သူ့အပေါ် လူထု၏ တခဲနက် ထောက်ခံမှုကို ထောက်ရှုလျက် တိုင်းပြည်ပြန် လည်ထူထောင်ရေး ရည်သန်ကာ သူနှင့် လက်တွဲအလုပ်လုပ်ရန် စဉ်းစားမည်သာ ဖြစ်သည်။

တိုင်းချစ်ပြည်ချစ်စိတ်ရှိသော စစ်တပ်မှန်လျှင် တိုင်းပြည်ကသောင်းကနင်းဖြစ်မည့်အရေး ချင့်တွက်၍ မိုက်မဲသည့်အာဏာသိမ်းခြင်းအမှု ပြုမည်မဟုတ်၊ ပြည်သူအများကိုလည်း လက်နက်ကိုင်သည့်လမ်းသို့ တွန်းပို့လိမ့်မည်မဟုတ်။ သို့သော် အရာရာ နောက်ကျခဲ့ပြီ။ စစ်အာဏာသိမ်းမှုသည် တိုင်းပြည်၏ အသရေကို နင်းချေပစ်ခဲ့ပြီ။

စစ်အုပ်စုသည် ပြည်သူကို လျှော့တွက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မရှိလျှင် ပြည်သူသည် ဘာမျှ တတ်နိုင်မည်မဟုတ်၊ စစ်အာဏာသိမ်းပြီး ရက်အနည်းငယ် သို့မဟုတ် လအနည်းငယ် ဆူပူကောင်း ဆူပူမည် ဖြစ်သော်လည်း ကောက်ရိုးမီးသာ ဖြစ်လိမ့်မည်ဟုဆိုကာ ပြည်သူကို အထင်အမြင် သေးခဲ့ကြသည်။

၂၀၁၁-၂၀၂၀ အတွင်း မြန်မာပြည်သူများ ဒီမိုကရေစီ၏ အရသာကို ကောင်းစွာ မြည်းစမ်းခွင့် ရရှိခဲ့ကြသည်။ ကိုဗစ် ကပ်ဘေးအတွင်း ပြည်သူ့အစိုးရ တရပ်၏ စောင့်ရှောက်မှုကို ပြည်သူအများ အားရကျေနပ်ခဲ့ကြသည်။

ဤပြည်သူ့နွေဦးတော်လှန်ရေးတွင် တောင်ပေါ်နှင့် မြေပြန့်သည် စုဆုံကြပြီ။ တိုင်းရင်းသား လူမျိုးစု အားလုံးသည် စုဆုံကြပြီ။ ခေတ်အဆက်ဆက် စစ်ကျွန်စနစ် ဆန့်ကျင်ရေး မျိုးဆက် အားလုံးသည် စုဆုံကြပြီ။ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ နည်းလမ်းအားလုံး စုဆုံကြပြီ။ ဖက်ဒရယ် အင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများ အားလုံးလည်း စုဆုံကြပြီ။ ခေတ်စနစ်ပြောင်းရေး အရေးတော်ပုံကြီးသည် တားဆီးမရသော လှိုင်းကြီးအဖြစ် ပေါက်ကွဲ ထွက်ခဲ့ပြီ။

အိပ်မက်ကိုယ်စီ

ဗိုလ်နေဝင်း ဦးဆောင်သော စစ်ခေါင်းဆောင်တစု အနှစ် ၂၀ ကျော် လက်စွမ်းပြအုပ်ချုပ်ရုံမျှနှင့် ၁၉၈၇ ခုနှစ်တွင် မြန်မာသည် ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ LDC ဘဝ သက်ဆင်းခဲ့ရသည်။ တိုင်းချစ်ပြည်ချစ်စိတ် ရှိသူမှန်လျှင် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိသော တိုင်းပြည်တပြည်ကိုသာ မျှော်လင့်ကြမည်သာ ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ မဖြစ်လည်း ရှိစေ၊ ကိုယ့်တိုင်းပြည်ကိုယ် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ်တော့ မည်သူမျှ မြင်လိုကြမည် မဟုတ်။ 

လူမြင်ကွင်းတွင် ဟိတ်ကြီးဟန်ကြီးလုပ်လေသမျှ စစ်အာဏာရှင်များအနေဖြင့် ၎င်းတို့အသက်ဆက်ရန် အရေး သူတပါးနှာခေါင်းပေါက်ဖြင့်သာ အသက်ရှူကြရသည်။ အိမ်နီးနားချင်းများ ခြေတော်တင်သမျှ သက်ပြင်းရှိုက်လျက် အံကြိတ် အောင့်ခံကြရသည်။ ကိုယ့်တိုင်းပြည်သည် ပတိရူပ မဖြစ်သည့်အတွက် နိုင်ငံစုံတွင် မျက်စိသူငယ် နားသူငယ်ဖြင့် ခိုကိုးရာမဲ့ ပြန့်ကျဲရောက်ရှိနေသူများလည်း သန်းပေါင်းများစွာ ရှိခဲ့ပြီ။

တိုင်းချစ်ပြည်ချစ်စိတ် ရှိသော မြန်မာပြည်သူတို့သည် ကိုယ့်တိုင်းပြည်၏ အတိတ်နှင့် ပစ္စုပ္ပန် အပေါ် ရင်ထုမနာ ဖြစ်ကြသည်၊ ယခုအခါ ကမ္ဘာကြီးကပါ မြန်မာပြည်အရေးနှင့်ပတ်သက်၍ ရတက်မအေး ဖြစ်လျက် ရှိပြီ။

မြန်မာသည် အရာရာ နောက်ကျခဲ့ပြီ။ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော တိုင်းပြည် မကြာမီ ဖြစ်လတ္တံဟုလည်း မြန်မာပြည်သူများ မျှော်လင့်ကြမည်မဟုတ်။
သို့သော် ကိုယ့်ပြဿနာကိုယ် ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်သော၊ စိတ်ယဉ်ကျေးမှု အဆင့်အတန်းရှိသော၊ ဖွံ့ဖြိုးတိုးတက်မှုဆီ သွားရောက်နိုင်သည့် လမ်းပေါ်တွင် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို အမြန်ဆုံး ခင်းကျင်းနိုင်သော တိုင်းပြည်အဖြစ်ကိုတော့ မျှော်လင့်ကြသည်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီတိုင်းသစ်ပြည်သစ် ထူထောင်မည်ဟု နွေဦးတော်လှန်ရေးတွင် ပြည်သူက ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ မည်မျှအင်အား စိုက်ထုတ်ရသည်ဖြစ်စေ နွံနစ်နေသော တိုင်းပြည်ကို ဆွဲတင်ကြမည်။ မည်သည့်နည်းလမ်း သုံးရသည် ဖြစ်စေ ယုံကြည်ရာ အနာဂတ်ဆီ မဆုတ်မနစ် ချီတက်ကြမည်။ 

တည်ငြိမ်မှုမှသည်တိုးတက်မှုဆီသို့

“ကျွန်တော်တို့ အကောင်းတွေချည်း မမျှော်လင့်ပါဘူး… ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း ဘာလုပ်မှာလဲ” ဟု ကဗျာဆရာအောင်ချိမ့် (၁၉၄၈-၂၀၂၁) က ကဗျာတပုဒ်တွင် ယခုလို တောင့်တခဲ့သည်။

ဆရာအောင်ချိမ့်လိုပင် မြန်မာပြည်သူများကလည်း အကောင်းတွေချည်း မမျှော်လင့်ပါ။ သို့သော် အဆိုးပေါ် အဆိုးချင်းထပ်နေသော လူ့ဘောင်ကိုလည်း ကျွန်တော်တို့ မလိုလားပါ။ ကျွန်တော်တို့ နေထိုင်သော လူ့ဘောင်သည် သာယာနေပျော်ဖွယ် လူ့ဘောင်တခုတော့ ဖြစ်စေလိုသည်။ ဤတိုင်းပြည်တွင် လူဖြစ်ခဲ့ရသည်မှာ လူဖြစ်ရ ကျိုးနပ်ခဲ့ပါသည်ဟူသော ခံစားမှု ပေးစွမ်းနိုင်သော လူ့ဘောင် ဖြစ်စေချင်ကြပါသည်။ ကျွန်တော်တို့လက်ထက်တွင် မဖြစ်သော် ရှိစေ၊ ကျွန်တော်တို့သားမြေးများလက်ထက်တွင် ဖြစ်စေလိုသည်။ ထို့အတွက် လိုအပ်လျှင် ကျွန်တော်တို့ စွန့်လွှတ်ပါမည်။ စွန့်စားပါမည်။ ကျွန်တော်တို့တွင် လုံလောက်သော သမိုင်းအတွေ့အကြုံများလည်း ရှိပြီး ဖြစ်သည်။ 

၁၄ ရာစုဆန်းစ မွန်ဂိုတရုတ် ကျွန်ပြုမှုကို တွန်းလှန်နိုင်စဉ် အချိန်ကာလ၊ ၁၈ ရာစု မန်ချူးတရုတ် ကျူးကျော်စစ်ကို နှင်ထုတ်နိုင်စဉ် အချိန်ကာလတို့ကို ကျွန်တော်တို့ ဂုဏ်ယူကြ၏။ တချိန်တည်းတွင် ၁၉ ရာစု ဗြိတိသျှကျွန်ဘဝ ကျရောက်ခဲ့ရသည့် သမိုင်းကို ကျွန်တော်တို့ ဝမ်းနည်းကြရသည်။

ထိုစဉ်က ကျွန်တော်တို့တွင် အားနည်းချက်များ ရှိခဲ့ပါသည်။ ကျွန်တော်တို့ ခေတ်မီပညာ မတတ်ခဲ့ကြပါ။ စီးပွား မရှာတတ်ခဲ့ကြပါ။ မညီညွတ်ခဲ့ကြပါ။ ခေတ်နှင့်အညီ လိုအပ်သော နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုများ မစွမ်းနိုင်ခဲ့ကြပါ။ အဆင့်မီတပ်မတော် တရပ် မရှိခဲ့ပါ။ ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းနိုင်ရန် ဝေးစွ၊ ကမ္ဘာကြီးအကြောင်း ဂဃနဏပင် မသိခဲ့ကြပါ။ ကျွန်တော်တို့ အစစအရာရာ နောက်ကျကျန်ခဲ့ကြပါသည်။ တစုံလုံးခြုံ ကြည့်လျှင် တိုင်းပြည်၏ နိုင်ငံရေးစနစ် ဆိုင်ရာအားနည်းချက်တွင် အရင်းခံပါလိမ့်မည်။

ကမ္ဘာကြီးသည် ရပ်တန့်မနေပါ၊ ရှေ့သို့သာ သွားနေပါသည်။ ကျွန်တော်တို့သာ ကျောက်ခေတ် လူသားများလို တဂူတည်း နေထိုင်သူချင်း ယှဉ်ပြိုင်သတ်ပုတ်ရင်း ကျောက်ခေတ်တွင် နောက်ဆုတ် ကျန်ရစ်နေသည်မှာ သတိပြုစရာ ဖြစ်ပါသည်။

ယခု ကမ္ဘာကြီးအကြောင်း ကျွန်တော်တို့ သိသင့်သမျှ သိပါသည်။ သို့သော် ကျွန်တော်တို့ နောက်ကျ ကျန်မြဲ ကျန်နေဆဲ ဖြစ်ပါသည်။ လူချင်းယှဉ်လျှင် ကျွန်တော်တို့ မညံ့ပါ၊ စနစ်ချင်း ယှဉ်လျှင် ညံ့ဆဲညံ့မြဲ ဖြစ်ပါသည်။ ဂုဏ်ယူလောက်သော စိတ်ယဉ်ကျေးမှု အဆင့်အတန်းတခု တည်ဆောက်ရန် အလှမ်းဝေးဆဲ ဖြစ်ပါသည်။

ပြည်သူအများ သဘောတူလက်ခံနိုင်မည့် နိုင်ငံရေးစနစ်တခု ဖန်တီးတည်ဆောက်နိုင်ခြင်းသည် အဆိုပါလူ့အဖွဲ့အစည်း၏ စိတ်ယဉ်ကျေးမှု အဆင့်အတန်း ဖြစ်ပါသည်။ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်သည့်အခါ လက်မပါဘဲ ညှိနှိုင်းဖြေရှင်းနိုင်စွမ်း ရှိခြင်းသည် အဆိုပါလူ့အဖွဲ့အစည်း၏ စိတ်ယဉ်ကျေးမှု အဆင့်အတန်း ဖြစ်ပါသည်။ ဤစံများဖြင့် တိုင်းတာလျှင် ကျွန်တော်တို့ မယဉ်ကျေးသေးပါ။ နိုင်ငံရေးပြဿနာကို စိတ်ယဉ်ကျေးမှု အဆင့်အတန်းရှိရှိ မဖြေရှင်းနိုင်ဘဲ နိုင်ငံရေးအာဏာကို အဓမ္မနည်းဖြင့် ရယူသိမ်းပိုက်လိုသူများကြောင့် နိုင်ငံရေးပြဿနာကို စစ်တိုက် ဖြေရှင်းရန် ကြိုးပမ်းနေကြရဆဲ ဖြစ်ပါသည်။

၂၁ ရာစုတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသောနိုင်ငံ မည်မျှရှိသည် လက်ချိုးရေတွက်၍ ရနိုင်ပါသည်။ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ရန် ကျွန်တော်တို့ သွေးလမ်းခင်းနေကြရ၏။

ကျွန်တော်တို့လိုအပ်နေသည်မှာ နိုင်ငံရေးတည်ငြိမ်မှု ပေးစွမ်းနိုင်မည့် နိုင်ငံရေးစနစ်ကောင်းတခု ဖြစ်ပါသည်။ နိုင်ငံရေးတည်ငြိမ်မှု မရှိဘဲ မည်သည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကိုမျှ ဆောင်ကြဉ်း နိုင်မည် မဟုတ်ပါ။

ရေခံမြေခံကောင်း

ကျွန်တော်တို့ တိုင်းပြည်တွင် လူမျိုးစု အမျိုးမျိုး ရှိသည်။ ဘာသာစကား အမျိုးမျိုး ရှိသည်။ စာအရေးအသား အမျိုးမျိုး ရှိသည်။ ကိုးကွယ်ယုံကြည်မှု အမျိုးမျိုး ရှိသည်။ အနုသုခမလက်ရာ အမျိုးမျိုးရှိသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ခေတ်အမျိုးမျိုး၏ အမွေအနှစ်များ ရှိသည်။ နိုင်ငံတိုင်း ဤလူ့ယဉ်ကျေးမှုပစ္စည်းများ ရှိကြသည် မဟုတ်ပါ။ ဒါကို ကျွန်တော်တို့ တန်ဖိုးထားရကောင်းမှန်း သိသင့်သည်။ တန်ဖိုးမထားတတ်လျှင် ‘သူခိုး နွားကောင်း မသိ’ စကားပုံလို ဖြစ်လိမ့်မည်။

မြန်မာပြည်သည် လူ့ယဉ်ကျေးမှုတခု အစတည်ရှင်သန်ရန်၊ စည်ပင်ဖွံ့ဖြိုးရန် သဘာဝရေခံမြေခံကောင်း များလည်း ရှိပြီး ဖြစ်သည်။

“မြန်မာပြည်၏ မြေဩဇာမှာ မည်မျှကောင်းနေသနည်းဟူမူ မြေကြီးကို ထယ်ဖြင့် ကလိလိုက်ရုံမျှဖြင့် မြေကြီးမှာ အသီးအနှံဖြင့် ပွင့်ပွားပြုံးရယ်လျက် ရှိနေရကား…” ဟု အနောက်တိုင်းသမိုင်းဆရာ ဂျီ အီး ဟာဗေး (G.E. Harvey) က ကဗျာ ဆန်ဆန် ချီးမွမ်းခဲ့ဖူးသည်။

ချောင်းငယ်ရိုးငယ်များမှသည် မြစ်ကြီးချောင်းကြီးများ၊ မြစ်ဝှမ်းလွင်ပြင်များမှသည် ရိုးမ ကုန်းမြင့်များ၊ ပင်လယ်သမုဒ္ဒရာမှသည် ရေခဲတောင်တန်းများ၊ ကျောက်စိမ်းကျောက်မျက်မှသည် မြေရှားသတ္တုများ စသဖြင့် လူတကာ မနာလိုစရာကောင်းလောက်သော သဘာဝအရင်းအမြစ်များ ကျွန်တော်တို့ ပိုင်ဆိုင် သည်။ ၎င်းတို့ကို စနစ်တကျ စီမံခန့်ခွဲတတ်ရန်အတွက်မူ ဉာဏ်ပညာ လိုအပ်ပါမည်။ စီးပွားကုန်သွယ်မှုအားဖြင့် ကြည့်လျှင်လည်း ကမ္ဘာ့လူဦးရေ၏ သုံးပုံတပုံကျော်ကို ကုန်းလမ်းဖြင့် ချိတ်ဆက်ထားသော ကြီးမားသည့် ဈေးကွက်ကြီးတခု ကျွန်တော်တို့တွင် ရှိနေသည်။ ကျွန်တော်တို့ ရောင်းလိုတာရောင်း၍ ဝယ်လိုတာဝယ်နိုင်ရန် အဆင်သင့်ခူးခပ်စားရုံ ဧရာမဈေးကွက်ကြီး ဖြစ်သည်။ ကျွန်တော်တို့ ရောင်းတတ် ဝယ်တတ်ရန်သာ လိုပါသည်။ ရောင်းစရာ ပစ္စည်းနှင့် ဝယ်စရာ ပိုက်ဆံ ရှိရန်သာ လိုပါသည်။

ဤရေခံမြေခံတွင် ကျွန်တော်တို့မှ ချမ်းသာအောင် မစွမ်းနိုင်လျှင် ကျွန်တော်တို့ မလိမ္မာ သောကြောင့်သာ ဖြစ်ရမည်။ ဤရေခံမြေခံတွင် ကျွန်တော်တို့ဘိုးဘေးများက ဓားမဦးချ၍ လယ်သစ်တည်ကာ ကျီသစ်ဆောက်ခဲ့ကြသည်။ ရွာငယ်ဇနပုဒ်မှသည် တိုင်းကားပြည်ရွာ တည်ထောင်ခဲ့ကြသည်။

ဤရေခံမြေခံတွင် တမြေတည်းနေ တရေတည်းသောက်သူချင်း အေးအတူ ပူအမျှ ချစ်ကြည် ညီညွတ်စွာ နေထိုင်နိုင်မည့် နိုင်ငံရေးစနစ်တခုသာ ကျွန်တော်တို့ လိုပါသည်။

မြန်မာလူ့အဖွဲ့အစည်းအတွင်း Unity in Diversity ကို ပေးစွမ်းနိုင်မည့် စနစ်မှာ ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်သည်ဟု မြန်မာပြည်သူအများ သဘောကြိုက်ညီကြသည်။ အတုအယောင် ဖက်ဒရယ် ဒီမိုကရေစီဖြင့် အလုပ်မဖြစ်နိုင်ပါ၊ ဖက်ဒရယ်ဒီမိုကရေစီဟန်ပြ ကျင့်သုံးမှုဖြင့် ပြဿနာ မဖြေရှင်းနိုင်ပါ။ကျွန်တော်တို့ အစစ်ကိုသာ လိုပါသည်။ သဘောထား အစစ်၊ ဉာဏ်ပညာ အစစ်၊ နိုင်ငံရေး အစစ်ကို လိုပါသည်။ တိုင်းပြည်ကို အမှန်ချစ်လျှင် ကျွန်တော်တို့အားလုံး လိမ္မာရေးခြားရှိရန် သင့်ပါပြီ။

ကျွန်တော်တို့မြော်မြင်သောအနာဂတ်

ယနေ့ခေတ်တွင် အင်အားဟူသည် ရုပ်ဝတ္ထု မဟုတ်ပါ၊ စစ်လက်နက်ပစ္စည်း မဟုတ်ပါ၊ လူအရေ အတွက် မဟုတ်ပါ။ အသိဉာဏ်ပညာသာ ဖြစ်ပါသည်။ အသိဉာဏ်ပညာသည် ပညာကောင်းကောင်းသင်ခွင့် ရခြင်းမရခြင်းတွင်သာ မူတည်ပါသည်။ အနာဂတ်တိုင်းပြည်တွင် မြန်မာ လူငယ်များ ပညာကောင်းကောင်းသင်ခွင့်ရရေးသည် ကျွန်တော်တို့ မျှော်မှန်းချက် ဖြစ်ပါသည်။ ပညာကောင်းကောင်းသင်ခွင့်ရလျှင် ကျွန်တော်တို့လူငယ်များ လက်စွမ်းပြပါလိမ့်မည်။

ပညာရေး ကောင်း မကောင်းဟူသည် နိုင်ငံရေး ကောင်း မကောင်းတွင် မူတည်ပါသည်။

လူ့အဖွဲ့အစည်းတခုကို တည်ဆောက်ရာတွင် ကဏ္ဍစုံ နယ်ပယ်စုံ အသိ အတတ်ပညာစုံတွင် ကျွမ်းဝင်တတ်မြောက်သူများ လိုပါသည်။ ကော်လာပြာအလုပ်သမား အစ၊ စီမံခန့်ခွဲမှု ကျွမ်းကျင်သူ အလယ်၊ AI ပညာရှင် အဆုံး ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်လိမ္မာသူများ လိုပါမည်။ ထိုကျွမ်းကျင်သူများကို ကောင်းမွန်သော ပညာရေးစနစ်က မွေးထုတ်ပေးပါလိမ့်မည်။

အသိဉာဏ်ပညာ၏ တန်ဖိုးကို သိသူများက ပညာရေးတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံရန် စဉ်းစားကြသည်။ လက်နက်ကိုသာ ဘုရားလိုကိုးကွယ်သူများကတော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု ကြွေးကြော်လျက် တိုင်းပြည် မည်မျှ ချို့တဲ့နေသည်ဖြစ်စေ ရှိသည့်ဘဏ္ဍာကို စစ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ကြမည် ဖြစ်ပါသည်။

နိုင်ငံရေးတည်ငြိမ်မှုသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေခံမြေခံကောင်း ဖြစ်ပါသည်။ နိုင်ငံရေးတည်ငြိမ်ရန် နိုင်ငံရေးစနစ်ကောင်းတခု လိုအပ်ပါသည်။ နိုင်ငံရေးစနစ်ကောင်းမှသာ တိုင်းပြည်အကျိုးကို မြော်မြင်၍ အလုပ်လုပ်မည့်သူများ နေရာရပါလိမ့်မည်။ ပညာတတ်များ ပညာရှင်များ မွေးထုတ်ရန် ပညာရေးစနစ်ကောင်းတခု လိုအပ်ပါသည်။ (လက်ရှိအခြေအနေတွင် ဦးနှောက်ကောင်း မှန်သမျှ ယိုစီးစိမ့်ထွက်နေခြင်းကလည်း တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက်မဲ့စေပါသည်။) စီးပွားဥစ္စာ တိုးတက်ရန် စီးပွားရေးစနစ်ကောင်းတခု လိုပါသည်။

နိုင်ငံရေးစနစ်ကောင်း၊ ပညာရေးစနစ်ကောင်းနှင့် စီးပွားရေးစနစ်ကောင်း ပေါင်းစပ်မိသည့်အခါ တိုင်းပြည်သည် ရုတ်ချည်း နိုးထလာပါလိမ့်မည်။

ဆင်းရဲသားဘဝမှ လူချမ်းသာအဖြစ်သို့ ရုန်းထွက်ခဲ့သည့် တိုင်းပြည်တိုင်းသည် စနစ်ကောင်း ထူထောင်ခြင်းဖြင့် အစပြုခဲ့ကြသည်။ အဂတိ တိုက်ဖျက်ရေးကို အထူးဂရုပြု လုပ်ဆောင်လေ့ ရှိကြသည်။ အဂတိတရားနှင့် အတွင်းလှိုက်ခြစားမှုများသည် တိုင်းပြည်နိမ့်ပါးရခြင်း၏ အရေးကြီးသောအကြောင်းဖြစ်ကြောင်း သမိုင်းသင်ခန်းစာကိုလည်း ကျွန်တော်တို့ ရယူနိုင်ခဲ့ပြီး ဖြစ်ပေသည်။

ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ ဟူသော ဒီမိုကရေစီသဘောတရားအရ သမ္မတလည်း ဥပဒေအထက်တွင် မရှိရပါ၊ ဝန်ကြီးလည်း ဥပဒေ အထက်တွင် မရှိရပါ၊ ဗိုလ်ချုပ်ကြီးလည်း ဥပဒေအထက်တွင် မရှိရပါ၊ ဘာသာရေးခေါင်းဆောင်လည်း ဥပဒေအထက်တွင် မရှိရပါ။ အဂတိတရားသည် ဥပဒေအထက်တွင် မရှိရပါ။ တိုင်းသား ပြည်သူများ၏ လုံခြုံမှုနှင့် ရပိုင်ခွင့်များကို မထီမဲ့မြင် ပြုသူများသည် ဥပဒေအထက်တွင် မရှိရပါ။

လုပ်သင့်တာကို ကျွန်တော်တို့သိပါသည်။ လိုအပ်တာကိုလည်း သိကြပါသည်။ ဆောင်ရန်ကိုသော်လည်းကောင်း၊ ရှောင်ရန်ကိုသော်လည်းကောင်း သိကြသည်။ အသိခေါက်ခက် အဝင်နက်နေကြခြင်းသာ ဖြစ်ပါသည်။

ရှောင်ရန်အစွန်းတရားများ

ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အထူးသတိပြုရမည့်အချက်မှာ အစွန်းလွတ်ရေး ဖြစ်ပါမည်။ အလွန်အကျွံဖက်ဒရယ်ဖြစ်စေ၊ အလွန်အကျွံဒီမိုကရေစီဖြစ်စေ အဆိုပါ အစွန်းတရားများက တိုင်းပြည်၏ တည်ငြိမ်မှုကို ယိမ်းယိုင်စေလိမ့်မည်။

နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုများက ပြည်ဖျက်တရားများသာ ဖြစ်သည်။ နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ သဟဇာတဖြစ်မှုကိုသာ ကျွန်တော်တို့ ရှေးရှုရမည်။ သဟဇာတဖြစ်အောင် ကြိုးစားခြင်းကပင် Unity in Diversity ကို ရရှိစေလိမ့်မည်။ မတူကွဲပြားသူများအကြား သဟဇာတ ဖြစ်အောင် ကြိုးစားနိုင်ခြင်း ရှိ မရှိဟူသောအချက်နှင့်ပင် ကျွန်တော်တို့၏ စိတ်ယဉ်ကျေးမှု အဆင့်အတန်းကို တိုင်းတာရပါမည်။

တိုင်းသစ်ပြည်သစ်  ထူထောင်ရေး ကြိုးပမ်းကြရမည့်အချိန်တွင် နိုင်ငံရေးတည်ငြိမ်မှုက အသက်တမျှ အရေးကြီးပါသည်။ နိုင်ငံရေးတည်ငြိမ်မှု တည်ဆောက်ရခြင်းကလည်း ကြိုးတန်းလမ်းလျှောက်ရသည့်နှယ် ဖြစ်တတ်သည်။ 

တိုင်းပြည်အကျိုးလိုလားသူတိုင်း တိုင်းပြည်တည်ငြိမ်မှုကို ထိခိုက်စေမည့် အစွန်းတရားများ၊ တနည်းအားဖြင့် မလိုလားအပ်သော ပြဿနာဖန်တီးမှုများကို ရှောင်ကြဉ်ခြင်းသည်သာ ဉာဏ်ပညာ အမြော်အမြင်ရှိသူများ၏ လုပ်ဆောင်ချက် ဖြစ်ပေလိမ့်မည်။

တိုင်းပြည်အနာဂတ်ကို ပုံဖော်ရာတွင် အစိုးရများ၊ ခေါင်းဆောင်များသာမက ပြည်သူတဦးချင်းစီ၏ ဉာဏ်ပညာအမြော်အမြင်ကလည်း အရေးကြီးသည့် မောင်းနှင်အား ဖြစ်ပါလိမ့်မည်။

ပြည်ထောင်စုတပ်မတော်သစ်ထူထောင်ရေး

ပြည်ထောင်စုတပ်မတော်သစ်သည် အနာဂတ်နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ရှိရပါမည်။ ဖက်ဒရယ် ဒီမိုကရေစီကို နာခံသော တပ်မတော် ဖြစ်ရပါမည်။ လူမျိုးတမျိုးတည်းက ခြယ်လှယ်လွှမ်းမိုးသော စစ်တပ် မဖြစ်စေရဘဲ ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးစုံ ပါဝင်သောစစ်တပ်ဖြစ်ရေးသည် တပ်မတော်သစ်၏ အရေးကြီးသော လက္ခဏာ ဖြစ်ပါသည်။

အနာဂတ်တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံကို  ပြည်ပအန္တရာယ်မှ ကာကွယ်ရေး ဖြစ်ရမည်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ စစ်ဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာသော ပရော်ဖက်ရှင်နယ်စစ်တပ်၊ စံပြစစ်တပ် ဖြစ်လာရန် လိုအပ်ပါမည်။ 

အနာဂတ်တပ်မတော်သည် သီးခြားစီးပွားရှာရန် မလိုအပ်ပါ။ တိုင်းပြည်နှင့် ပြည်သူကို အမှန်တကယ် ကာကွယ်သည့် အဖွဲ့အစည်းအဖြစ်သာ ရပ်တည်ပြီး၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုကိုသာ ရရှိလျှင် စစ်တပ်ကို ကျွေးမွေးစောင့်ရှောက်ရန် တိုင်းပြည်က ဝန်လေးမည် မဟုတ်ပါ။

သို့သော် တိုင်းပြည်ပြန်လည်ထူထောင်ရန် အားစိုက်နေရချိန်တွင် အနာဂတ်တပ်မတော်ကို အင်အား အကန့်အသတ် တခုအတွင်းတွင်သာ ထူထောင်နိုင်ပေလိမ့်မည်။ အရေအတွက်အင်အားထက် အရည်အချင်း အင်အားကို အဓိကထားရပါလိမ့်မည်။ ခေတ်မီနည်းပညာကို အကျွမ်းတဝင် အသုံးပြုနိုင်သော တပ်မတော်ဖြစ်ရေး အားစိုက်ရပါမည်။

အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေမျိုးပြဋ္ဌာန်းကျင့်သုံးရန် မလိုအပ်သည့်တိုင်အောင် အရွယ်ရောက်သူတိုင်း စစ်ပညာ မသင်မနေရ ဥပဒေမျိုး ပြဋ္ဌာန်းကျင့်သုံးရန် လိုအပ်နိုင်ပါသည်။ စစ်ပညာ၊ စစ်အင်အားကို လူအုပ်စုတခုက လက်ဝါးကြီးအုပ်ထားခြင်း မပြုနိုင်သော စနစ်တခု၊ ပြည်သူတိုင်း စစ်ပညာတတ်မြောက်သော၊ ပြည်သူ့စစ်မဟာဗျူဟာနှင့် အကျွမ်းတဝင်ရှိသော တိုင်းပြည်တပြည် ထူထောင်ရန် လိုအပ်ပါလိမ့်မည်။

အမျိုးသားအကျိုးစီးပွားအခြေခံ

နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွား ပထမ (National Interest First) ဟု ခံယူကျင့်သုံးလေ့ရှိကြသည်။ အမျိုးသားအကျိုးစီးပွားဆိုရာတွင် မိမိတိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး၊ စီးပွားရေးဖြစ်ထွန်းမှု၊ တိုင်းပြည်တည်ငြိမ်ရေးနှင့် ပြည်ပစွက်ဖက်မှု ကင်းရှင်းရေးတို့ ပါမည်။ နိုင်ငံတကာအလယ်တွင် မိမိတိုင်းပြည်၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ မြှင့်တင်ရေး ပါမည်။

ထာဝရရန်သူ မရှိ၊ ထာဝရမိတ်ဆွေ မရှိ၊ ထာဝရအကျိုးစီးပွားသာ ရှိသည်ဟူသော စကားလည်း ရှိသည်။ အမျိုးသားအကျိုးစီးပွား အကြောင်း စဉ်းစားသည့်အခါ ကိုယ့်တိုင်းပြည်၏ ပထဝီနိုင်ငံရေး ပေးထားချက်ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါမည်။ မြန်မာသည် နိုင်ငံငယ်သော်ငြား ပထဝီနိုင်ငံရေးအရမူ သက်ရောက်မှုကြီးသောနိုင်ငံဟု ပြောဆိုမှုများလည်း ရှိသည်။

လူဦးရေ သန်းထောင်ချီရှိရုံမက ကမ္ဘာ့အင်အားကြီးနိုင်ငံများလည်း ဖြစ်သော အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက ၎င်းတို့၏ အမျိုးသားအကျိုး စီးပွားအတွက် မြန်မာကို လိုအပ်သည်။ ထိုနှစ်နိုင်ငံသာ မဟုတ်၊ ကမ္ဘာ့စူပါပါဝါနိုင်ငံဖြစ်သော အမေရိကန်ကလည်း ၎င်း၏မဟာဗျူဟာပြိုင်ဘက်အပေါ် အင်အားချိန်ခွင်လျှာ ထိန်းညှိရေးအတွက် မိုင်ထောင်ချီဝေးသည့် မြန်မာကို စိတ်ဝင်စားရ၏။ ယခုဆို စစ်အုပ်စု၏ ကောင်းမှုကြောင့် ရုရှားလည်း မြန်မာကို စိတ်ဝင်စားလာသည်။ ကိုလိုနီဘိုးအေနိုင်ငံ ဗြိတိန်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာကို သုံးနှစ် သိမ်းပိုက်အုပ်ချုပ်ခဲ့ဖူးသော ဂျပန်တို့သည်လည်း မြန်မာကို စိတ်ဝင်စား သူများစာရင်းတွင် ထိပ်တန်းမှ ပါဝင်နေသည်။

တရုတ်က BRI/CMEC စီမံကိန်းများဖြင့်၊ အိန္ဒိယက ကုလားတန်စီမံကိန်း၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းတို့ဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် မြန်မာကိုချဉ်းကပ်ကြသည်။ အမေရိကန်ကလည်း အထူးသဖြင့် တရုတ်ကို ထိန်းညှိရန် ရည်ရွယ်၍ လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို- ပစိဖိတ် မဟာဗျူဟာကို QUAD၊ AUKUS စသော မဟာမိတ်ဖွဲ့မှုများမှတဆင့် ဖော်ဆောင်ရန် ကြိုးပမ်းသည်။

ပထဝီနိုင်ငံရေးအရ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဘဝတွင် အခွင့်အလမ်းများရှိသလို အန္တရာယ် သို့မဟုတ် စိန်ခေါ်မှုများလည်း ရှိပေလိမ့်မည်။ နှင်းဆီခိုင် အနေမတတ်လျှင် မျက်နှာသာပေးမှု မရသော အခြားအပျိုများ၏ ဝန်တိုစောင်းမြောင်းမှုကို ခံရရန် ရှိနေသည်။

တရုတ်ဖြစ်စေ၊ အိန္ဒိယဖြစ်စေ၊ အခြားအင်အားကြီးနိုင်ငံများဖြစ်စေ မြန်မာကို နိုင်ငံကြီးတခုခု၏ ဩဇာခံ သို့မဟုတ် နယ်ရုပ်ဘဝ ကျရောက်သွားစေလိုမည် မဟုတ်ဘဲ ကြားခံတိုင်းပြည် (Buffer State) အဖြစ်သာ ရှိစေလိုကြမည် ဖြစ်သည်။

ရန်သူမရှိမိတ်ဆွေသာရှိနိုင်ငံခြားရေး

စာရေးဆရာကြီး ဒဂုန်တာရာက ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဟု ပြောဆိုခဲ့ဖူးသည်။ ဤသဘောထားသည်ပင် မြန်မာ့နိုင်ငံခြားရေးဝါဒ၏ ပင်မကျောရိုး ဖြစ်သင့်ပေသည်။

မြန်မာသည် ရန်များလို့ မရ၊ ရန်လိုလို့ မရ၊ ဘက်တဖက်တည်းတွင် တဖက်စောင်းနင်း ရပ်တည်လို့မရ။ ရေရှည် စဉ်းစားရပ်တည်ရမည်သာ ဖြစ်သည်။ လိမ္မာရေးခြားရှိစွာဖြင့် မိမိအကျိုးများစေမည့် အခွင့်အလမ်းများကို ရယူ၍ မိမိအကျိုးနည်းစေမည့် သို့မဟုတ် အန္တရာယ်ရှိနိုင်သည့် စိန်ခေါ်မှုများကို အသေအချာ ကိုင်တွယ်နိုင်ရန် လိုအပ်ပေမည်။

တကယ်တမ်းတွင်မူ ကိုယ့်တိုင်းပြည်၏ လွတ်လပ်မှု အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကိုထိပါးခြင်း မရှိလျှင် မည်သည့်နိုင်ငံကိုမျှ ထူးပြီး ချစ်စရာ၊ ထူးပြီးမုန်းစရာ မရှိပါ။

လွတ်လပ်ရေးခေတ်ခေါင်းဆောင်များက ၁၉၅၄ ခုနှစ်တွင် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်”  သို့မဟုတ် “ပဉ္စသီလမူများ” ဆိုသည်ကို တရုတ်၊ အိန္ဒိယတို့နှင့်အတူ ရေးဆွဲချမှတ်ခဲ့ဖူးသည်။ အဆိုပါမူများသည်ပင် ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းညီလာခံမှတဆင့် အစပြုသော အာရှ-အာဖရိကနိုင်ငံများ၏ ဘက်မလိုက်လှုပ်ရှားမှု၏ ပဓာနကျသော လမ်းညွှန်မူဝါဒ ဖြစ်လာခဲ့သည်။

မြန်မာပြည်၏ ပထဝီဝင်အနေအထား၊ သမိုင်းကြောင်းနှင့် လက်ရှိနိုင်ငံတကာအခြေအနေများအရ မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် ဘက်မလိုက် ဘက်ပေါင်းစုံဆက်ဆံရေး (Active and Neutral Non-Alignment) အခြေခံအပေါ်တွင် ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲ ကျင့်သုံးသင့်သည်။ “ဘက်မလိုက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်” အပေါ် အခြေခံသည့် မူဝါဒကို ဆက်လက် ထိန်းသိမ်းရန် သင့်သည်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုကြားတွင် ကြားနေနိုင်ရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် ဟန်ချက်ညီသော နိုင်ငံခြားရေးမူဝါဒ (Balanced Foreign Policy) ကို ကျင့်သုံးသင့်သည်ဟူသော ပညာရှင် အကြံပြုချက်များလည်း ရှိသည်။ ကျွန်တော်တို့  ချင့်ချိန်ရန် လိုအပ်ပါမည်။

မြန်မာကျင့်သုံးသင့်သော နိုင်ငံခြားရေးမူဝါဒသည် ပါးနပ်လိမ္မာသော (စမတ်ကျသော) ကြားနေရေးမူဝါဒ (Smart or Pragmatic Neutrality) ဖြစ်သင့်သည်ဟုလည်း ဆိုကြသည်။ အဆိုပါမူဝါဒသည် တိုင်းပြည်အတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေသော မူဝါဒ (Pragmatic Policy) လည်း ဖြစ်ရမည်။ နိုင်ငံကြီး တခု၏ မဟာဗျူဟာအကျိုးစီးပွားအတွက် အခြားနိုင်ငံတခုကို ရန်လိုသည့် သို့မဟုတ် စစ်ရေးအရ အသုံးချခံရမည့် အခြေအနေမျိုးမဖြစ်ရန် ရှောင်လွှဲရေးအတွက် ပါးနပ်လိမ္မာစွာ ကြိုးစားရမည်ဟု ဆိုလိုသည်။

မြန်မာ့နိုင်ငံခြားရေးဝါဒသည် ဟန်ချက်ညီသော စီးပွားရေးဒီပလိုမေစီ (Balanced Economic Diplomacy) နှင့် ပေါင်းစပ်ကျင့်သုံးရလိမ့်မည်ဟူသော အကြံပြုချက်များလည်း ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် နိုင်ငံကြီးတခုခုကို မျက်နှာသာပေးခြင်း၊ နိုင်ငံကြီး တခုခုအပေါ်တွင် အလွန်အကျွံ မှီခိုခြင်း မပြုဘဲ နိုင်ငံတကာစီမံကိန်းများကို မျှခြေညှိပေးရမည်၊ သို့မဟုတ် ဟန်ချက်ညီစေရန် ခွင့်ပြု အကောင်အထည်ဖော်စေရမည်။ တချိန်တည်းတွင် ကြွေးမြီထောင်ချောက်ကိုလည်း ရှောင်ရှားနိုင်ရမည်။ နှစ်နိုင်ငံ အကျိုးတူရေးကို ရှေးရှုရမည်။ ပွင့်လင်းမြင်သာမှုရှိပြီး ပတ်ဝန်းကျင်/လူမှုဘဝ ထိခိုက်နိုင်ခြေများကို သေချာစိစစ်၍ နိုင်ငံ၏ အချုပ်အခြာအာဏာကို မထိခိုက်စေသည့် ပုံစံဖြင့်သာ အဆိုပါစီမံကိန်းများကို လက်ခံဆောင်ရွက် ရမည်ဟု ဆိုကြသည်။

တရုတ် (ယူနန်) နှင့် အိန္ဒိယ (အရှေ့မြောက်ပိုင်း) တို့၏ ကုန်းတွင်းပိတ် ဒေသများအတွက် မြန်မာက သမုဒ္ဒရာထွက်ပေါက်ကို ပေးနိုင်သည်။ ဤပထဝီဝင်အသာစီးရမှုကို အသုံးချ၍ ဒေသတွင်း ကုန်သွယ် ရေးအချက်အချာဖြစ်အောင် မြန်မာအနေဖြင့် ကြိုးစားသင့်သည်ဟု ဆိုကြသည်။

နိုင်ငံတကာစီမံကိန်းများသည် ကိုယ့်တိုင်းပြည်အတွက် အခြေခံအဆောက်အဦ၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရန် ဖြည့်ဆည်းပေးမည့် စီးပွားရေးအင်ဂျင်များ (Complementary Engines) ဖြစ်ရမည်။ ထို့အတွက် စီးပွားရေးဒီပလိုမေစီကို လိမ္မာစွာ ကျင့်သုံး၍ ဟန်ချက်တိမ်းစောင်းခြင်းမရှိစေရန် ထိန်းကျောင်းဖော်ဆောင်ရလိမ့်မည်ဟူသော ရှုမြင်ချက်များကို ကျွန်တော်တို့ အလေးအနက် ထားရပေလိမ့်မည်။

ကျွန်တော်တို့က ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဟု ကြွေးကြော်နေကြချိန်တွင် နိုင်ငံကြီးအချို့က ၎င်းတို့ အကျိုးစီးပွားအတွက် မြန်မာ့ကံကြမ္မာကို ပုံဖော်ရန်နှင့် ပုံသွင်းရန် အားထုတ်လျက်ရှိကြသည်ဟူသော အချက်ကိုလည်း ကျွန်တော်တို့ မမေ့မလျော့ ရှိသင့်လှသည်။

နိုင်ငံခြားရေးမူဝါဒသည် တော်လှန်ရေးအလွန် တိုင်းသစ်ပြည်သစ် ပြည်ထောင်စုသစ် ထူထောင်ချိန် အတွက်သာ အရေးကြီးသည် မဟုတ်၊ လက်ရှိတော်လှန်ရေးကာလမှာလည်း တော်လှန်ရေး အကျိုး အလို့ငှာ မှန်ကန်တည့်မတ်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးကြရန် သတိမလပ် ရှိရပေလိမ့်မည်။

ပစ္စုပ္ပန်တည့်တည့်

နွေဦးတော်လှန်ရေးသည် ကမ္ဘာတွင် ပေါ်ပေါက်လေ့ရှိသော လက်နက်ကိုင်တော်လှန်ရေးများနှင့် မတူကွဲပြားသော၊ ထူးခြားဆန်းသစ်သော လာရာနှင့် လားရာ အနေအထားများ ရှိနေသည်ကိုလည်း သတိပြုရမည်။

မြန်မာ့နွေဦး တော်လှန်ရေးကို ပါတီ၊ အဖွဲ့အစည်းတခုခုက ဦးဆောင်သည် မဟုတ်။ တော်လှန်ရေး အောင်မြင်သည့်အခါတွင်လည်း ပါတီ၊ အဖွဲ့အစည်း တခုခုက အာဏာရယူ၍ အဆိုပါ ပါတီ၊ အဖွဲ့အစည်း၏ မူဝါဒ၊ လမ်းစဉ်ဖြင့် တိုင်းပြည်ကို ထူထောင်ရန် မျှော်မှန်းသည်လည်း မဟုတ်။ တဦးတယောက်တည်းသော ခေါင်းဆောင်နောက် ပုံအောလိုက်ကြသည့် တော်လှန်ရေးပုံစံမျိုးလည်း မဟုတ်။

ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရာတွင် တူသော်ငြား လူမျိုးရေး အခြေခံခြင်း၊ နိုင်ငံရေးဖြတ်သန်းမှု မတူကွဲပြားခြင်းကို အကြောင်းပြု၍ တော်လှန်ရေးအစုအဖွဲ့အမျိုးမျိုး တည်ရှိနေသည်မှာ နွေဦးတော်လှန်ရေး၏ ပေးထားချက်ဖြစ်ပါသည်။

ဘုံရန်သူ တူသူများအကြား ဘုံရည်မှန်းချက်နှင့် ဘုံလမ်းစဉ်ကို ဖော်ထုတ်လျက် အမျိုးသား ညီညွတ်ရေး တည်ဆောက်ရင်း အတူတကွ လက်တွဲကြိုးပမ်းကြသော တော်လှန်ရေးပုံစံ ဖြစ်သည်ကို တွေ့ရမည်။ စုပေါင်း ဦးဆောင်မှုကို ရှေးရှုကြသည်။ စုပေါင်းဦးဆောင်မှုဟု ဆိုရာတွင် နိုင်ငံရေးသဘောထားမှန်ကန်မှုနှင့် နိုင်ငံရေးအမြင်ကျယ်မှုသည် အခြေခံကျသည်။

ဘုံရည်မှန်းချက်နှင့် ဘုံလမ်းစဉ်ဆိုသည်မှာ တခုတည်းသော မူဝါဒနှင့် မဟာဗျူဟာ (One Policy – One Strategy) ပင်ဖြစ်သည်။ ပုဂ္ဂိုလ်တဦးတယောက်၏ ဦးဆောင်လမ်းပြမှုထက် တခုတည်းသော မူဝါဒနှင့် မဟာဗျူဟာ၏ ဦးဆောင်လမ်းပြမှုနောက်သို့ လိုက်သော တော်လှန်ရေးလည်း ဖြစ်သည်။

ဤတော်လှန်ရေးတွင် တပ်ဦးအဖွဲ့အစည်းအဖြစ် ရှုမြင်ခံရသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် နွေဦးတော်လှန်ရေး ငါးနှစ်ပြည့်ချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ SCEF ပေါ်ထွန်းခြင်းသည် တော်လှန်ရေးတဆင့်တက်ခြင်း ဖြစ်သည်။ တော်လှန်ရေးအဖွဲ့ အစည်းများ၏ စုစည်းညီညွတ်မှုကို ဖော်ပြသော အမှတ်သရုပ် ဖြစ်၏။ တော်လှန်ရေးရည်မှန်းချက် ပြည့်မြောက်သည်အထိ အတူတကွ လက်တွဲချီတက်ရန် ပိုင်းဖြတ်ချက်ကို ပြသခြင်းဖြစ်သည်။ ပိုမိုအစွမ်းထက်သော စုပေါင်းဦးဆောင်မှုကို ဖော်ထုတ်ရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။

SCEF အနေဖြင့် တော်လှန်ရေးကာလမှာသာမက၊ တော်လှန်ရေးအလွန်ကာလမှာပါ တခုတည်းသော မူဝါဒနှင့် မဟာဗျူဟာ (One Policy – One Strategy) အောက်တွင် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတူတကွ ရပ်တည်ကြိုးပမ်းကြမည်ဖြစ်သည်။ SCEF ပေါ်ထွန်းခြင်းကြောင့် တော်လှန်ရေး နေ့ချင်းညချင်း အောင်မည်ဟု မဆိုနိုင်သော်ငြား တော်လှန် ရေးအောင်ပွဲသည် မြေကြီးလက်ခတ်လွဲမည် မဟုတ်ချေ။

ပြည်သူက နောက်ဆုတ်ရန် မရှိ၊ ပြည်သူ့တော်လှန်ရေးက နောက်ဆုတ်ရန် မရှိ၊ စစ်အာဏာရှင်များကသာ နောက်ဆုတ်ရပေလိမ့်မည်။ စစ်အုပ်စု၏ လေကြောင်းအကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံနေပုံကိုကြည့်လျှင် သတ်၍ မသေနိုင်သော ပြည်သူ့တော်လှန်ရေး ဖြစ်သည်မှာ ထင်ရှားသည်။

ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်အနေဖြင့် စစ်အာဏာသိမ်းမှုကို စွန့်လွှတ်ရန်၊ စစ်တပ်၏ ဗိုလ်ကျကြီးစိုးမှုကို စွန့်လွှတ်ရန်၊ နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်မှုကို စွန့်လွှတ်ရန် စဉ်းစား ရွေးချယ်မည်ဆိုလျှင် တိုင်းပြည် သက်သာရာ ရပေလိမ့်မည်။ စစ်အုပ်စု၏ မိုက်မဲမှု ဆက်ရှိနေသမျှ တော်လှန်ရေးသည် ဆက်ရှိနေလိမ့်မည်။

တသံတည်းညီတချီတည်းရုန်း

နွေဦးတော်လှန်ရေးသည် အမုန်းတရားနှင့် အာဃာတ၏ စေ့ဆော်မှုအပေါ်တွင် အခြေမခံဘဲ ဉာဏ်ပညာ၏ ပဲ့ကိုင်မှုနှင့် တိုင်းပြည်ချစ်စိတ်အပေါ်၌ အခြေခံလျက် စနစ်ပြောင်းရေးဦးတည်ဆင်နွှဲ သော လူထုအရေးတော်ပုံ ကြီး ဖြစ်သည်။

ဤတော်လှန်ရေး အောင်မြင်ရန်အတွက် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးအသုံးပြုရန် By all possible means ဟူသော မဟာဗျူဟာလုပ်ငန်းစဉ်ကိုလည်း ချမှတ်ထားခဲ့ကြပြီး ဖြစ်သည်။ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း၊ နိုင်ငံခြားရေးနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်း၊ ဘဏ္ဍာရေးနည်းလမ်း၊ လူထုနည်းလမ်းစသဖြင့် နည်းလမ်းစုံ ပါဝင်သော်လည်း တော်လှန်ရေးရည်မှန်းချက် ရောက်ရှိရေးကသာ ပဓာနပန်းတိုင် ဖြစ်ပေလိမ့်မည်။

သည်တော်လှန်ရေးက ကိုယ့်အားကိုယ်ကိုး တော်လှန်ရေးလည်း ဖြစ်သည်။ နိုင်ငံကြီးများ၊ အယူဝါဒကြီးများအကြား အားပြိုင်မှုကို ပုံသဏ္ဌာန်တမျိုးဖြင့် ဖော်ပြလေ့ရှိသော Proxy War မဟုတ်။ မြန်မာပြည်သူများအနေဖြင့် ကိုယ့်ဝမ်းနာ ကိုယ်သာသိပြီးသကာလ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရန် ကိုယ်တိုင် ရွေးချယ်ခဲ့ကြသောလမ်းသာ ဖြစ်သည်။ မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်ကြရန်သာ လိုပေလိမ့်မည်။

ပြည်သူသည် သမိုင်းကိုဖန်တီးသူများ ဖြစ်သည်။ မည်သည့်အာဏာရှင်ကမှ သမိုင်းကို ပဲ့ပြင်နိုင်မည် မဟုတ်။ ပြည်သူ့အလိုအတိုင်းသာ သမိုင်းသည် ဖြစ်တည်ရမည်။

ပြည်သူ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူ့တော်လှန်ရေးသည် ရှေ့ဆက်နေသည်။ တိုင်းပြည်၏ အနာဂတ်သည် ထွန်းလင်းနေသည်။ အမှောင်သည် အလင်း၏ ထွင်းဖောက်မှုကို ဟန့်တားနိုင်မည် မဟုတ်။

ရောင်နီကို မြင်ရပြီ။ ကျွန်တော်တို့အားလုံး တသံတည်း ညီ၍ တချီတည်း ရုန်းကြပါစို့။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။