အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားပြုခွင့် ဆက်ပိတ်ပင်ရန် မနီလာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်

မြန်မာစစ်အုပ်စု၏ နိုင်ငံရေးအဆင့် ကိုယ်စားပြုခွင့်ကို ဆက်လက်ပိတ်ပင်ထားရန် အာဆီယံက ဆုံးဖြတ်လိုက်သော်လည်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်လာပါက ဆက်ဆံရေး အဆင့်လိုက်တိုးမြှင့်နိုင်မည့် လမ်းကို ဖွင့်ထားသည်။

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုတွင် အဓိပ္ပာယ်ရှိသည့် တိုးတက်မှု မရမချင်း မြန်မာစစ်အုပ်စု၏ နိုင်ငံရေးအဆင့် ကိုယ်စားလှယ်များကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးများသို့ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားရန် မနီလာမြို့၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးက နိုဝင်ဘာလ ၁၅ ရက်(ယမန်နေ့)တွင် ဆုံးဖြတ်ခဲ့သည်။

အာဆီယံခေါင်းဆောင်များက ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှု၌ တိုးတက်မှု မလုံလောက်သေးကြောင်း စိုးရိမ်ပူပန်မှုကို ထပ်လောင်းဖော်ပြခဲ့ပြီး လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးတွင်သာ အကန့်အသတ်ဖြင့် တိုးတက်မှုရှိကြောင်း သုံးသပ်ခဲ့သည်။ ဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် အဓိကအခြေခံအဖြစ် ဆက်လက်ရှိမည်ဟုလည်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ နိုင်ငံရေးအဆင့် ကိုယ်စားလှယ်များကို အာဆီယံအဖွဲ့၏ ထိပ်သီးနှင့် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေနှင့် ဘုံသဘောတူညီချက် အကောင်အထည် ဖော်မှု၌ရရှိသည့် တိုးတက်မှုတို့အပေါ်တွင် မူတည်၍ စစ်အုပ်စုနှင့် ဆက်ဆံရေးကို အဆင့်လိုက် ချိန်ညှိဆောင်ရွက်ရန်လည်း အာဆီယံခေါင်းဆောင်များက သဘောတူခဲ့ကြ သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆုံးဖြတ်ချက်အရ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာ၌ တည်တံ့ခိုင်မာပြီး လက်တွေ့ကျသည့် တိုးတက်မှုများ ရှိလာပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးအဆင့် ကိုယ်စားပြုခွင့် အပြည့်အဝကို တဖြည်းဖြည်း ပြန်လည်ပေးအပ်ရန် စဉ်းစားနိုင်မည်ဖြစ်သည်။ အခြားကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင်မူ ကန့်သတ်မှုမရှိဘဲ ပါဝင်ခွင့်ပြုရန် ဖော်ပြထားသည်။

ရွေးကောက်ပွဲစောင့်ကြည့်သူများက လွတ်လပ်ပြီးတရားမျှတမှုမရှိဟု ပယ်ချထားသည့် ရွေးကောက်ပွဲများအပြီး ၂၀၂၆ ခုနှစ်တွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတရာထူး ရယူခဲ့သည်၊ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံသည် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရန် ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။

ထိုင်းက အဆိုပြုသည့် “ချိန်ညှိဆက်ဆံမှု” (Calibrated engagement) သည် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် ချမှတ်ထားသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

အာဆီယံခေါင်းဆောင်များက စစ်တပ် နှင့် ၎င်းလက်အောက်ခံတပ်ဖွဲ့များ၊  အခြားသောလက်နက်ကိုင်အဖွဲ့များအပါအဝင် သက်ဆိုင်သူအားလုံးကို အကြမ်းဖက်မှု လျှော့ချရန်၊ အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ လူသားချင်းစာနာသည့် အကူအညီပေးပို့ရေးနှင့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲမှု လိုအပ်ကြောင်းလည်း အလေးပေးခဲ့သည်။

ထို့အပြင် စစ်ဘေးရှောင်များထံ အကူအညီ တိုက်ရိုက်ရောက်ရှိစေရန်နှင့် အကူအညီမရရှိသေးသည့် ဒေသများသို့ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre)နှင့် အခြားအကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ဆောင်ရွက်နိုင်စေရန် တောင်းဆိုထားသည်။ အကူအညီများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ဘေးကင်း၊ အချိန်မီ၊ ထိရောက်ပွင့်လင်းစွာ ပေးပို့နိုင်ရေးကိုလည်း အလေးပေးထားသည်။

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ဆက်ဆံ၍ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့သည်။ အထူးကိုယ်စားလှယ်၏ သက်တမ်းကို ပိုမိုရှည်လျားစွာ သတ်မှတ်ရေး အဆိုပြုချက်နှင့် မြန်မာနိုင်ငံ၏ တိုးတက်မှုကို အကဲဖြတ်မည့် အချက်များကို ဆက်လက်ဆွေးနွေးရန် အကြီးတန်းအရာရှိများကို တာဝန်ပေးခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်(ယမန်နေ့)က မနီလာမြို့၌ ပြုလုပ်သည့် အာဆီယံခေါင်းဆောင်များ၏ သီးသန့်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်က “မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ပေးနိုင်ဦးမလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရှေ့ဆက်တိုးမြှင့်ရန်၊ မြေပြင်အခြေအနေများနှင့် ပိုမိုကိုက်ညီစွာ တုံ့ပြန်နိုင်ရန်နှင့် မြန်မာနိုင်ငံက ဦးဆောင်ပြီး သက်ဆိုင်သူအားလုံး ပါဝင်သည့် ငြိမ်းချမ်းသော လုပ်ငန်းစဉ်တရပ်ကို ပံ့ပိုးနိုင်ရန် လက်တွေ့ကျသည့် ဆွေးနွေးမှုများ ပြုလုပ်ကြဖို့လည်း ၎င်းက တိုက်တွန်းခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်သည် ယခုနှစ်ကုန်တွင် ဖိလစ်ပိုင်ထံမှ စင်ကာပူသို့ လွှဲပြောင်းမည်ဖြစ်သည်။ စင်ကာပူသည် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာရေးကို ဆန့်ကျင်သည့် နိုင်ငံဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။ မြန်မာနိုင်ငံနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ပိုမိုနီးကပ်စွာ ဆက်ဆံရေးကို တွန်းအားပေးနေသည့် ထိုင်းနိုင်ငံကမူ ၂၀၂၈ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌတာဝန် ယူမည်ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖွမ်ကက်ကေးယိုးက မြန်မာဘက်မှ မူဝါဒရေးရာများကို ဆွေးနွေးနိုင်သည့် ကိုယ်စားလှယ်တစ်ဦး အစည်းအဝေးဝိုင်းတွင် ပါဝင်ရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၅ ရက်က စင်ကာပူ၌ AFP သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဆက်ဆံဆွေးနွေးဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ဆီ တကယ်တင်ပြပေးနိုင်တဲ့သူတစ်ဦး ရှိဖို့လိုတာကြောင့် မူဝါဒရေးရာတွေကို ဆွေးနွေးနိုင်သူတစ်ဦး အစည်းအဝေးဝိုင်းမှာ ပါဝင်ဖို့ အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသည် စစ်အုပ်စုကို အသိအမှတ်ပြုရန် သို့မဟုတ် အဆင့်အတန်းမြှင့်တင်ပေးရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံကိုယ်စား ပြောဆိုနိုင်သူတစ်ဦး ပါဝင်လာရေးသာ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles